ကိုလိုနီအင်္ဂလိပ်အစိုးရ ကို ခေါင်းဆောင်တော်လှန်ခဲ့သူ ဆရာစံ ကျဆုံးခြင်း အနှစ်(၈၀)ပြည့် ဂုဏ်ပြုပွဲ အခမ်းအနားနဲ့ စာတမ်းဖတ်ပွဲကို ရန်ကုန်မြို့ မြောက်ဒဂုံက မကွေးပရယတ္တိစာသင်တိုက်မှာ နိုဝင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို တောင်သူလယ်သမားများ၊ ရဟန်းရှင်လူများ နဲ့  နိုင်ငံရေးလှုပ်ရှားသူ ၁၀၀ကျော် တက်ရောက်ခဲ့ပါတယ်။
၁၉၆၂ ခုနှစ် အာဏာသိမ်း တော်လှန်ရေးအစိုးရ တက်လာပြီး နောက်ပိုင်း မတ်လ (၂)ရက်နေ့ ကို တောင်သူလယ်သမားနေ့ အဖြစ် သတ်မှတ်ခဲ့တာကို ပြန်လည် ပြန်ဆင် သတ်မှတ်ရန် လက်မှတ်ရေးထိုး ဆန္ဒပြုမှုတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။
တောင်သူလယ်သမားနေ့အဖြစ် ပြန်လည် ပြင်ဆင်သတ်မှတ်ရန် အောက်ပါနေ့ များကို အကြမ်းအားဖြင့် ရွေးချယ်ထားကြောင်း သိရပါတယ်။
(က) တောင်သူလယ်သမားတော်လှန်ရေးစတင်သည့်နေ့ရက် ၁၉၃၀ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၂)ရက်
(ခ) တောင်သူလယ်သမားတော်လှန်ရေးခေါင်းဆောင် ဆရာစံ မွေးဖွားသည့်နေ့၊ ၁၈၇၆ခု၊ အောက်တိုဘာလ (၂၄) ရက်
(ဂ) တောင်သူလယ်သမားတော်လှန်ရေးခေါင်းဆောင် ဆရာစံအား နယ်ချဲ့အစိုးရက ကြိုးပေးကွပ်မျက်ခဲ့သည့်နေ့ရက် ၁၉၃၁ခု နိုဝင်ဘာလ (၂၈) ရက်နေ့စသည့်နေ့ရက်များဖြစ်ပါသည်။
တောင်သူလယ်သမားနေ့ ပြင်ဆင်သတ်မှတ်ရေး အဆိုလွှာကို အခမ်းအနား တက်ရောက်လာသူ (၅၆) ယောက် က လက်မှတ်ရေးထိုးခဲ့ ကြပြီး တောင်သူလယ်သမားနေ့ ပြင်ဆင် သတ်မှတ်ရေးအတွက် ကော်မတီတရပ် ပေါ်ပေါက်လာနိုင်ရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆုံးဖြတ်ချက် ချခဲ့ကြောင်း သိရပါတယ်။
တောင်သူလယ်သမား အခွင့်အရေးများကို ဖေါ်ထုတ် ကာကွယ်သွားရန်နဲ့ လယ်ယာမြေသိမ်းဆည်းခံရတဲ့ တောင်သူလယ်သမားများ အရေးကို ဆက်လက်လုပ်ဆောင်သွားဖို့ကိုလည်း သဘောတူညီခဲ့ကြောင်း သိရပါတယ်။
အလားတူ ဆရာစံအတွက် ဂုဏ်ပြုပွဲကို ဆရာစံရဲ့ နေထိုင်ခဲ့တဲ့ သာယာဝတီမြို့မှာ နိုင်ငံရေးလှုပ်ရှားသူများနှင့် ဆွေမျိုးအသိုင်းအ၀ိုင်းများမှ စည်စည်ကားကား ကျင်းပခဲ့ကြောင်း သိရပါတယ်။

Burma VJ Media Network
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်