(Inida Times မှ False signals in Myanmar ကို yangonchronicle 2011ဘာသာပြန်ဆိုသည်)
အကယ်၍ ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာ ၅၀ စလုံး NLD အနိုင်ရရှိသည့်တိုင် ကျန်ရှိသော အမတ်နေရာ ၆၀၀ မှာ အစိုးရလိုလားသူများဖြစ်ရာ NLD အပေါ် အသာတကြည်ထိန်းချုပ်နိုင်လိမ့်မည်ဟူသော သဘောမျိုးဖြင့် စစ်ဗိုလ်ချုပ်ကြီးများက လောင်းကြေးထပ်နေခြင်းဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကာလ၊ အမျိုးသားဒီမိုကရေစီပါတီ(NLD) ဒီမိုကရေစီရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ဒေါ်အောင်ဆန်း စုကြည်သည် နိုင်ငံရေးအာဏာရရှိမည့် အနေအထားသို့ အနည်းငယ် နီးကပ်သွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သည့်တိုင် အစိုးရက သူမကိုအာဏာလွှဲပြောင်းပေးမှုမပြုရုံသာမက နေအိမ်အကျယ်ချုပ်ဖြင့် နှစ်ပေါင်း ၁၅ နှစ်ကျော်တာမျှ ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။ မဆုတ်မနစ်သော စူးစိုက်မှု၊ အကြမ်းမဖက်သော နည်းလမ်းကို ခိုင်ခိုင်မာမာကျင့်သုံးမှု၊ ဂုဏ်ယူစရာကောင်းလောက်အောင် ခေါင်းမာတတ်မှု အစရှိသည်တို့က စစ်ဗိုလ်ချုပ်ကြီးများအား ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်လာအောင် လမ်းဖွင့်ပေး လိုက်ရ သည့် အခြေအနေသို့ တွန်းပို့ခဲ့သည်။ သို့သော် မြန်မာစစ်ဗိုလ်ချုပ်ကြီးများက ပုံစံတစ်မျိုးဖြင့် အာဏာကိုဆက်လက်ထိန်းသိမ်းနိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် လမ်းဖွင့်ပေးခြင်းဖြစ်သည်။
အမှန်စင်စစ် ဒေါ်အောင်ဆန်းစုကြည်သည် သူမအပေါ် နိုင်ငံရေးအရ အသာစီးရရန် လှည့်ကွက်မျိုးစုံဖြင့် ဗျူဟာခင်းခဲ့သူများက ဒီဇိုင်းဆင်ထား သော နိုင်ငံရေးဖြစ်စဉ်ထဲသို့ပူးပေါင်းဝင်ရောက်လိုက်ခြင်းသာဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင် ပြုပြင်ပြောင်းလဲရေးအတွက် အလေးအနက်ထားလျက် ရှိပါသည်ဟူသော စစ်ဗိုလ်ချုပ်ကြီးများ၏ ပြောဆိုမှုကို ဒေါ်အောင်ဆန်းစုကြည်က လက်သင့်ခံလျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည် ရှေ့ဆက်လျှောက်ရမည့်လမ်းကြောင်းမှာမရေရာမသေချာမှုများစွာကျန်ရှိနေပါသည်။ စစ်ဗိုလ်ချုပ်ကြီးများက နိုင်ငံရေး အာဏာကို စွန့်လွှတ်ပြီး ၎င်းတို့စိတ်တိုင်းကျ အရပ်သားအစိုးရတစ်ရပ်ကို အာဏာ လွှဲပြောင်းပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် ဥပဒေများပြင်ဆင်ရေးဆွဲပေးခြင်းတို့ ပြုလုပ်ထားသည့်တိုင် ၎င်းတို့အပေါ်သံသယများ ဆက်လက်ရှိနေ ကြဆဲပင် ဖြစ်သည်။ အမှန်အတိုင်းပြောရမည်ဆိုပါက ၎င်းတို့သည် အာဏာကိုဆက်လက်ရယူထိန်းသိမ်းထားဆဲပင်ဖြစ်သည်။ ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာမည့် လွတ်လပ်သောကော်မရှင်တစ်ရပ် ဖွဲ့စည်းခွင့်မပြုသေးသလို နိုင်ငံရေးအကျဉ်းသား အားလုံးကိုလည်း လွှတ်ပေးခြင်းမရှိသေးပေ။
မိမိကိုယ်ကိုယ်မိမိ သမ္မတဟုသတ်မှတ်ထားသူမှာလည်း ယခင်က ဗိုလ်ချုပ်ဟောင်းတစ်ဦးပင်ဖြစ်သည်။ မှန်ပါသည်။ စွယ်စုံရအနုပညာရှင်နှင့် ဟာသ ပညာရှင် ဇာဂနာအပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀ လောက်ကို လွှတ်ပေးလိုက်ပြီဖြစ်သည့်တိုင် ထောင်တွင်း၌ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံ ထားရ သော နိုင်ငံရေးအကျဉ်းသား ၉ ဆမျှကျန်ရှိနေသေးသည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်သည်ဟူသော အကြောင်းပြချက်ဖြင့် မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းကြီးကို ရပ်ဆိုင်းပေးလိုက်သည့်တိုင် တရုတ်နိုင်ငံကတာဝန်ယူတည်ဆောက်မည့် ရေလှောင်တမံစီမံကိန်းများစွာမှာ ဆက်လက်အကောင် အထည် ဖော်နေဆဲပင်ဖြစ်သည်။ ဤနေရာတွင် အကြောင်းကိစ္စနှစ်ရပ်ကိုပြန်လည်အမှတ်ရမိသည်။ ယင်းမှာ မြန်မာအစိုးရသည် နာဂစ်ဆိုက်ကလုန်း ဝင်ရောက် တိုက်ခတ်ခဲ့စဉ်က နိုင်ငံတကာအသိုင်းအဝိုင်းက ပေးသည့် ကယ်ဆယ်ရေးနှင့် နေရာချထားရေး အကူအညီများကို ငြင်းပယ်ခဲ့သည့် အစိုးရအဖွဲ့ ဖြစ်ပြီး အစိုးရတပ်များဟူသည် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် သံဃာတော်များကို ရိုက်နှက်ဖြိုခွင်းရာ၌ လက်မရွံ့ကြသည့် လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည် ဟူသောအချက်တို့ပင်ဖြစ်သည်။
ယခုကြားဖြတ်ရွေးကောက်ပွဲကိုကြည့်လျှင်လည်း အမတ်နေရာပေါင်း ၆၆၄ နေရာရှိသည့် လွှတ်တော်တွင်း လစ်လပ်သည့်နေရာမှာ ၅၀ မျှသာဖြစ်ရာ အကယ်၍ NLD သာနေရာစီ အနိုင်ရရှိမည်ဆိုသော်မှ အသေးအဖွဲမျှသာဖြစ်သည့် အောင်မြင်မှုသာဖြစ်ပါလိမ့်မည်။
သို့ဆိုပါက ယင်းဖြစ်ရပ်များသည် အမူအယာပြမှုသာဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုများမဟုတ်ပေ။ ပြည်သူလူထု၏ အခွင့်အရေးကို ဗန်းပြပြီး စစ်ဗိုလ်ချုပ် ကြီးများ အတွက် အခွင့်ထူးများကိုဖန်တီးပေးနေခြင်းသာ ဖြစ်သည်။ သို့အတွက်ကြောင့် ယခုအချိန်သည် အိန္ဒိယနိုင်ငံအနေဖြင့် သမိုင်း၏အမှန်တရားဘက်မှ ထွက်ရပ်သင့်သည့် အချိန်ပင် ဖြစ်သည်။ အကြောင်းမှာ အိန္ဒိယ၏ ဧရာမပြိုင်ဘက်ဖြစ်သော တရုတ်နိုင်ငံမှာ စစ်ဗိုလ်ချုပ်ကြီးများကြီးစိုးရာ မြန်မာပြည်၌ ရင်းနှီး မြှုပ်နှံမှုများ အဆမတန်ပြုလုပ်ထားပြီးဖြစ်သောကြောင့်ပင်။ အိန္ဒိယဟူသည် မြန်မာအတိုက်အခံများအနေဖြင့် အသံလွှင့်အစီအစဉ်များ ပြုလုပ်ခွင့်ပေးခဲ့သော နိုင်ငံတစ်ခုဖြစ်ရုံသာမက ဒေါ်အောင်ဆန်းစုကြည်ကို International Understanding ဟူသောအခေါင်းစဉ်ဖြင့် Jawaharalal Nehru Award ဆုချီးမြှင့် ပေးခဲ့သော နိုင်ငံလည်းဖြစ်ခဲ့သည်။
အတိတ်ကာလကိုကြည့်လျှင်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သည်ပင် အိန္ဒိယ၌ ပြည်ပြေးဘဝဖြင့် နေထိုင်ခဲ့ဖူးသည်။ ‘Freedom from Fear’ ဟူသောခေါင်းစဉ်ဖြင့် သူမရေးသားခဲ့သော စာအုပ်တွင် ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေးခေတ်ကာလအတွင်း အိန္ဒိယနှင့် မြန်မာနိုင်ငံမှ လွတ်လပ်ရေး ကြိုးပမ်းသူများ အမြင်ချင်း ဖလှယ်ခဲ့ကြပုံကို လှပသေသပ်စွာရေးသားဖော်ကျူးထားသလို ဗြိတိသျှအုပ်ချုပ်ရေးစနစ်ဆန့်ကျင်ရေးတွင် မည်မျှ အတိုင်းအတာ အထိ ညီညွတ်ခဲ့ကြပုံကိုလည်း ဖော်ပြထားသည်။
သို့သော် အိန္ဒိယသည် ၁၉၉၃ နောက်ပိုင်းကာလမှစ၍ မြန်မာ့အတိုက်အခံအင်အားစုများအပေါ် ကျောထောက်နောက်ခံပေးမှုများကို စွန့်လွှတ်ကာ မြန်မာနိုင်ငံမှ သဘာဝရင်းမြစ်များရရှိရေးအတွက် စစ်အစိုးရနှင့် အပေးအယူများပြုလုပ်လာသည်။ အကျိုးအမြတ်အားဖြင့် စစ်အစိုးရက အိန္ဒိယပြည် အရှေ့မြောက်ပိုင်းဒေသတွင် ခိုလှုံနေထိုင်လျက်ရှိသော သူပုန်များကိုရှင်းလင်းပေးမည်ဟု ကတိကဝတ်များပေးလာခဲ့သည်။ သို့သော် အိန္ဒိယအနေဖြင့် မြန်မာ စစ်အာဏာရှင်များ မိမိဘက်သို့စိတ်ပါလက်ပါဖြစ်လာအောင် လုပ်ကိုင်ရာတွင် တရုတ်နိုင်ငံကို လိုက်မမီနိုင်သေးပေ။
နိုင်ငံတကာ အသိုင်းအဝိုင်းဟူသည်မှာလည်း မြန်မာနိုင်ငံမှ လက်တစ်ဆုပ်စာမျှသော လုပ်ကိုင်ဆောင်ရွက်မှုများ ရရှိနိုင်ရေးအတွက် စောင့်ဆိုင်းနေ နိုင်မည်မဟုတ်ပါ။ မြန်မာနိုင်ငံတွင် လွန်စွာပေါများသော အလုပ်သမားအင်အားစု၊ သစ်တောသံယံဇာတများရှိသလို သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်နိုင်ရေး အတွက် အလားအလာကောင်းများရှိနေသည်။
လူ့အခွင့်အရေးအုပ်စုများကမူ မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် စီးပွားရေးလုပ်မည့် ကုမ္ပဏီများကိုပစ်မှတ်ထားကာ ကန့်ကွက်လှုံ့ဆော်မှုများ လုပ် ဆောင်လျက်ရှိသည်။ ၎င်းတို့ကြောင့် ကုမ္ပဏီအတော်များများမှာ မြန်မာ့စီးပွားရေးလောကမှ နုတ်ထွက်သွားကြရသလို အချို့မှာလည်း ဖျက်သိမ်းလိုက်ကြရ သည်။ လက်ရှိမြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ကိုင်လျက် ရှိသော ကုမ္ပဏီများကိုကြည့်ပါက ထိုင်း၊ တရုတ်၊ အိန္ဒိယနှင့် အခြားသော အာရှနိုင်ငံများမှ ဖြစ်သည်ကို တွေ့ရလိမ့်မည်။
မြန်မာစစ်ဗိုလ်ချုပ်ကြီးများက ယခု ၂၀၁၁ ခုနှစ်အတွင်း ပြည်သူလူထု၏ ဝေဖန်ပြောဆိုမှုများအပေါ် အနည်းငယ် လိုက်လျောမှုပြုလာပြီး အာဏာကို မရမကဖက်တွယ်ထားသည်။ စေ့စပ်ဆွေးနွေးသူအချို့မှာ ၎င်းတို့၏ လုပ်ရပ်များကြောင့် များစွာ စိတ်ပျက်အားလျော့လျက်ရှိသည်။ အချို့ကမူ စစ်ဗိုလ်ချုပ် ကြီးများနှင့် စေ့စပ်ညှိနှိုင်းမှုပြုပြီး ဆင်းရဲသား လူတန်းစားများအတွက် လုပ်ကိုင်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ကို မေတ္တာရပ်ခံကြသည်။ NLD ပါတီဝင် ဟောင်း အချို့မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် လမ်းခွဲသွားကြပြီး အချို့က မြန်မာနိုင်ငံတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည် ရှင်သန်လာရေး အတွက် ဆော်သြကြသည်။ လတ်တလောအခင်းအကျင်းကိုကြည့်လျှင် ဒေါ်အောင်ဆန်းစုကြည်မှာ ဗိုလ်ချုပ်ကြီးများအတွက် ပြိုင်ဘက်ရန်သူဖြစ်နေသည့်တိုင် မြန်မာ့နိုင်ငံရေး၏ သားကောင်တစ်ဦးသဖွယ်ဖြစ်နေသည်။
အကယ်၍ ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာ ၅၀ စလုံး NLD အနိုင်ရရှိသည့်တိုင် ကျန်ရှိသော အမတ်နေရာ ၆၀၀ မှာ အစိုးရလိုလားသူများဖြစ်ရာ NLD အပေါ် အသာတကြည်ထိန်းချုပ်နိုင်လိမ့်မည်ဟူသော သဘောမျိုးဖြင့် စစ်ဗိုလ်ချုပ်ကြီးများက လောင်းကြေးထပ်နေခြင်းဖြစ်သည်။ အမှန်စင်စစ်ဆိုပါက လွှတ်တော်ထဲတွင် ဒေါ်အောင်ဆန်းစုကြည် ရှိပြီး မြန်မာနိုင်ငံတော်သစ် တစ်ခုဖြစ်ပေါ်လာပြီဟူသော ပုံစံမျိုးကို စစ်ဗိုလ်ချုပ်ကြီးများက ခင်းကျင်းပြသလိုကြ ခြင်းသာ ဖြစ်သည်။ “လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်ရရှိသည်။ ဒီမိုကရေစီ စနစ်လည်း ထွန်းကားနေပြီ” ဟူသည့်သဘောမျိုး ပေါ်လွင် လာအောင် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ဆိုလျှင် ပို၍မှန်ပေမည်။ လက်ရှိ မြန်မာစစ်ဗိုလ်ချုပ်ကြီးများ ‘စံ’ ထားနေသည်မှာ ဗိုလ်ချုပ်ကြီး ဆူဟာတိုလက်ထက် အင်ဒိုနီးရှား နိုင်ငံမျိုး ဖြစ်ဟန်ရှိသည်။ သို့သော် ဗိုလ်ချုပ်ကြီးဆူဟာတို ဂျကာတာအစိုးရတွင် တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံမျိုး၊ မီခေးလ်ဂိုဘာချော့ ဆိုဗီယက် ယူနီယံတွင် ရခဲ့သည့်အတွေ့အကြုံမျိုး၊ အာဏာရှင် FW de Klerk အနေဖြင့် နယ်လ်ဆင်မင်ဒဲလားနှင့် စေ့စပ်ညှိနှိုင်းမှုပြုလုပ်ရာမှ ရရှိခဲ့သော အတွေ့အကြုံမျိုးအရဆိုပါက နောက်ကြောင်းပြန်လှည့်ရိုး ထုံးစံမရှိသည်ကို တွေ့ရပေလိမ့်မည်ဖြစ်ပါသည်။
"ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သည်ပင် အိန္ဒိယ၌ ပြည်ပြေးဘဝဖြင့် နေထိုင်ခဲ့ဖူးသည်။" ဆိုပြီး ရေးထားတော့ စာရေးသူခင်ဗျား။ ဘယ်အချိန်ဘယ်ကာလက ဒေါ်အောင်ဆန်းစုကြည်က ပြည်ပြေးဖြစ်ခဲ့ ရတာပါလဲ။ ဘာအတွက် ကြောင့်ပါလဲ ရှင်းပြပေးပါဗျာ။
ReplyDelete