Monday, November 28, 2011

0 ထောင်တွေချဲ့စရာ မလိုအောင် ကျောင်းတွေကို ချဲ့ရမယ်ဆို....


“ ရာဇ၀တ်မှုနဲ့ အကျင့်တရားပျက်ပြားမှုတွေရဲ့ မိဘကတော့ “ဆင်းရဲနွမ်းပါးခြင်း” ဆိုတာပါပဲ။ ”

ဒီစာတန်းလေးကိုဖတ်ဖူးခဲ့တာကြာပါပြီ။ ကျွန်တော်သိပ်ကြိုက်တဲ့ စာတန်းလေးပါ။ ဆင်းရဲနွမ်းပါးခြင်းရဲ့ ဆိုးကျိုးတွေကို ပြော မယ်ဆိုရင်တော့ ပြောလို့ဆုံးမှ မဟုတ်တော့ပါဘူး ။

ကျွန်တော်တို့မြန်မာနိုင်ငံမှာက ဆင်းရဲနွမ်းပါးမှု့ဒဏ်ကို တော်တော်လေး ခံနေရပါတယ်။ အရွယ်နဲ့ မမျှအောင်ကိုအလုပ်မျိုးစုံတွေလုပ်နေကြရတဲ့ကလေးငယ်တွေအများကြီးရှိနေတယ်။ ကျောင်းနေရမယ့် အရွယ်မှာ ပညာ မသင်ရဘဲ အလုပ်မျိုးစုံလုပ်နေကြရတယ်။ အမှိုက် ကောက်တာ၊ ရေသန့် ဘူးခွံလိုက်ကောက်တာ... စသဖြင့် အရွယ်နဲ့မလိုက်တဲ့အလုပ်ဒါဏ်တွေ၊ ပင်ပန်းမှုဒါဏ်တွေကို ခါးစီးပြီး ခံနေရပါတယ်။ ဒီလူငယ်လေးတွေက ပညာမ သင်ရတဲ့ အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ခွန်အားတွေလည်း ဆုံးရှုံးနေရတယ်။ ငယ်စဉ်အခါ ပညာရှာဆိုတဲ့ စ ကားပုံကို ဆန့်ကျင်ပြီး ပညာရှာတဲ့ အလုပ်ကိုမလုပ်နိုင်ဘဲဝမ်းစာရှာနေကြရတယ်။ ရှင်းရှင်းပြောရရင်တော့အခွင့်အရေးတွေ ဆုံးရှုံးနေတာပါ။မိဘတိုင်းကတော့ကိုယ့်သားသမီးကိုပညာတတ်လေးတွေဖြစ်စေချင်မှာပါ။ ဖြစ်စေချင်ပေမယ့်လည်း ကိုယ် တိုင်ကမှ ဆင်းရဲနုံချာနေတော့ ဒီပညာရေးဘက်ကို မလှည့်နိုင်ဘူး။ အဲဒီတော့သူတို့တစ်တွေမွေးထားတဲ့ကလေးတွေအတွက်ကလေးချင်းယှဉ်လိုက်ရင် အခွင့်အရေးဆုံးရှုံးတယ်။သူများကလေးတွေကျောင်းတတ်နေတဲ့အချိန်မှာဆင်းရဲနွမ်းပါးတဲ့ ကလေးတွေက၀မ်းရေးအတွက်အလုပ်မျိုးစုံလုပ်နေတာကိုမြင်နေတွေ့နေရတယ်။ယှဉ်ပြီး ကြည့်လိုက်မိတဲ့ အခါမှာ တော်တော်လေးစိတ်မကောင်း ဖြစ်ရတယ်။

သူတို့တွေအတွက်ဆိုပြီးကြည့်ရှု့ဆောင့်ရှောက်ပေးမယ့်လူတွေမရှိကြတော့ဘူးလား။ ဒီလူငယ်လေးတွေမှာ ပညာကလည်း မသင်ရ အလုပ်တွေကိုလည်း ပင်ပင်ပန်းပန်းလုပ်ရနဲ့ နောက်ပိုင်း ဘာတွေဖြစ်လာလဲဆို တော့ လွယ်ကူတဲ့ လမ်းလွဲတွေကို ရောက်သွားကြတယ်။ စာရိတ္တပိုင်းတွေပါ ပျက်စီးပြီးအဆုံးတော့လူရာကိုသွင်းလို့မရတော့တဲ့အထိမိုက်ကန်းကုန်ကြတယ်။နောက်ဆုံးပြောချင် တာကတော့ဒီကလေးငယ်တွေဟာလည်းနိုင်ငံရဲ့မျိုးဆက်သစ်ကြယ်ပွင့်လေးတွေပါ။ ကြယ်ပွင့်လေးတွေ ထွန်းလင်းခွင့် မသာတော့တဲ့ အဖြစ် ဆိုး အခြေအနေဆိုးတွေမှာ ရှိနေတယ်။ အနာဂတ်အတွက် အတော်ကို ရင်လေးစရာဖြစ်နေပါပြီ။



တစ်ခါကလက်ရှိနိုင်ငံခေါင်းဆောင်တစ်ယောက်ပြောသွားတာကို တင်ပြပြီး ဆွေးနွေးချင်ပါသေးတယ်။



“ ထောင်ကိုချဲ့စရာမလိုအောင်စာသင်ကျောင်းတွေကိုချဲ့ထွင်ပေးရပါမယ် ” အပြောနဲ့အလုပ်အဟုတ် တည်ရဲ့လားဆိုတာတော့လုပ်နေတဲ့နိုင်ငံခေါင်းဆောင်ကြီးတွေအသိဆုံးနေမှာပါ။ဒီနားလေးမှာ ပြောချင်တာတွေပြောပြမယ်။ ကျောင်းတွေကိုချဲ့ထားပါတယ်။ အနောက်ပိုင်းကလယ်ကွင်းထဲမှာ၊ တာဝကနေပူကျဲတဲထဲမှာ၊ဒဂုံကတော့ရှိပါစေတော့...ချဲ့ထွင်ထားလိုက်တာငွေကုန်ကြေးကျတွေလည်း များလှပါတယ်။ GTC ကျောင်းကြီးတွေမြို့ပြင်မှာအများကြီးဆောက်ပေးထားပါတယ်။ကျောင်းတွေ ချဲ့ထားတယ်ဆိုတဲ့အကြောင်းကိုပြောပြတာပါ။ ဗွေမယူကြပါနဲ့။ ထောင်တွေကလည်း ချဲ့ထားသေးတယ်။တိုင်းနဲ့ပြည်နယ်အသီးသီးမှာနာမည်ကြီးထောင်ကြီးတွေ၊ အန္တရာယ်ဂျောက်ကမ်းပါးက ထောင်ကြီးတွေ ပေါလွန်းလှပါကြောင်း လည်း သိစေအပ်ပါသည်။

ဒီတော့ ထောင်ကိုလည်းချဲ့တယ်။ ကျောင်းကိုလည်း ချဲ့တယ်။ သင့်တော်ပါပေတယ်ဗျာ။ ရှိပြီးသား ကျောင်းတော်ကြီးတွေကတော့ရဲစခန်းဖြစ်၊ကြံ့ဖွတ်ရုံးဖြစ်ဒါကရောဘာသဘောလဲတော့ မဝေဖန်တတ်တော့ပါဘူး။ သိတာတွေပြောရရင်တော့မကျေနပ်ချက်နဲ့ဆန့်ကျင်ဘက်တွေပဲ ဖြစ်နေမှာပေါ့။အေးအေးဆေးဆေးနေ ချင်သေးတဲ့ အတွက် ရှိပါစေလို့ သာ သဘောထားနေရပါတယ်။

ဟုတ်ပြီဗျာ... ကျောင်းတွေ ချဲ့ရုံနဲ့ ပြီးပြီလား?စာသင်ကျောင်းတော့ရှိပြီးသင်ကြားရေးအတွက် လိုအပ်တာတွေကိုတာဝန်ရှိနိုင်ငံခေါင်းဆောင်ကြိးများအနေနဲ့အပြည့်အ၀ကြည့် ရှုထောက်ပံ့နေပါသလား။ ဒီကိစ္စ နဲ့ ပတ်သတ်လို့ ကျွန်တော် စာလေး တစ်ပုဒ်ရေးထားတာရှိ ပြီးသားပါ ။“ကျောင်းကို တီဗွီလာလှူတယ်ဆိုလို့ အဟုတ်များမှတ်လို့ ”တီဗွီကကျောင်းကတီဗွီပါ။သူတို့တွေက ပုံးခွံကိုင်ပြီးဓာတ်ပုံရိုက်သွားကြတယ်။ ညကြတော့သတင်းထဲမှာထည့်ကြေညာတယ်။ ရေးပြီးသားနော်။ အမြည်းလေး ပြန်ပြောပြတာပါ။

နိုင်ငံခြားသားတစ်ဦးကမေးသွားတာလေးကိုလည်းအမှတ်ရနေသေးတယ်ဗျာ။မင်းတို့နိုင်ငံမှာက
“သစ်မှာဆိုလည်းကျွန်း၊ ရတာနာမှာဆိုလည်းပတ္တမြား ၊ ပုလဲ၊ သဘာဝဓာတ်ငွေ့တွေကလည်း ပေါမှပေါ ၊ရေနံတွေလည်းထွက်သေးတယ်။ မင်းတို့ နိုင်ငံချမ်းသာတာပဲ။ မင်းတို့က ဘာလို့မချမ်း သာကြတာလဲ? တဲ့။မှန်တယ်ဟေ့ ဒို့နိုင်ငံကချမ်းသာပါတယ်။ ဆရာတစ်ယောက်ကပြောဘူးတယ်။ဒို့နိုင်ငံမှာဂျိုဒု မရှိဘူးဆိုတာမ၀ယ်နိုင်လို့မဟုတ်ဘူးတဲ့။မ၀ယ်ချင်လို့ပါတဲ့။ဒို့နိုင်ငံရဲ့ဝင်ငွေနဲ့ဂြိုလ်တုတစ်စင်းလောက်ကတော့ပါးပါးလေးပါတဲ့ဗျာ။ မ၀ယ်ချင်တာကလည်း မ၀ယ်ရဲတဲ့ အကြောင်း ရှိမှာပေါ့ ။

ဒို့နိုင်ငံ ချမ်းသာပြီး ဒို့တွေ ဆင်းရဲနေတယ် ဆိုတာကတော့ စဉ်းစားဖို့ လိုလာပြီ။ ဒီတိုင်းပြည်မှာ ဆင်းရဲနွမ်းပါး သူတွေ ပေါများနေတယ်ဆိုတာကို နိုင်ငံတော်ရဲ့ ဖခင် ဆိုတဲ့သူတွေ မိခင်ဆိုတဲ့ သူတွေကရော သိကြရဲ့ လား။ သိကောင်းလောက်ပါရဲ့ နော်။ ဒို့နိုင်ငံကြီး ချမ်းသာပြီး ဒို့လူထု အများစု ဆင်းရဲနေတာကတော့ ဒို့တွေ အသုံး မကျလို့လည်း ဖြစ်ကောင်းပါတယ်။

TV မှာ ထိုင်းနိုင်ငံက ဆူပူမှုအကြောင်းလာနေတော့ ကြည့်နေမိတယ်။ ကျောင်းသားတွေ ဆန္ဒပြနေကြတယ်။ ဒဏ်ရာရသူတွေကလည်းရ ၊ သေတဲ့သူတွေကလည်း သေနေကြရဲ့ဗျာ။ နောက်ဆုံးကြတော့ သမ္မတလောင်း အသစ်ရွေးတာပေါ့။ TV အတူတူထိုင်ကြည့်နေတဲ့ ဘေးနားက တစ်ယောက်က ဘာစကား ပြောလဲဆိုတော့ “ကျောင်းသားတွေ ဘယ်လောက်ပဲ ဆန္ဒပြပြ အာဏာမရပါဘူး” တဲ့ ။ တစ်ခြားတစ်ဦးပဲ ရတာပဲ လို့တောင် ဆက်ပြောလိုက်သေးတယ်။ သူလည်း သူသိသလောက်ပြောတာ ဆိုတော့ အပြစ်မတင်ပါဘူး။

တကယ်သိဖို့ လိုအပ်တာလေးတော့ ပြောချင်တယ်ဗျ။ ကျောင်းသားတွေမှာ ယုံကြည်ချက်တွေရှိတယ်။ ကျောင်းသားတွေ လုပ်နေတဲ့ ဆန္ဒပြမှုတွေဆိုတာလဲ အာဏာသိမ်းဖို့ လုပ်ခဲ့ကြတာ မဟုတ်ဘူးဗျ။ အမှန်မ ဟုတ်တဲ့ လုပ်ရပ်တွေကို ဆန္ဒပြတာ။ လူတိုင်း ကိုယ်စီ တန်းတူရသင့် တဲ့ အခွင့်အရေးတွေကို လိုချင်လို့၊ ရချင် လို့ ဆန္ဒ ပြတာ။ အာဏာကို လိုချင်လို့ ဆန္ဒပြတာမဟုတ်ဘူး။ အာဏာကိုယူတယ်ဆိုတာ အာဏာနဲ့ တန်တဲ့ ပညာ အရည်အချင်းတော့ လိုတယ်။ အားလုံးအလိုရှိနေတာက အမှန်တရားနဲ့ လူအခွင့်အရေးပါ။ အမှန်မ ဟုတ်တဲ့ လုပ်ရပ်တွေလုပ်နေသ၍ တော့ ဆန္ဒပြမှုတွေ ကလည်း လုပ်ဆောင်နေကြရမှာပဲ ။

လူ့အခွင့်အရေး တွေ ရရှိပြီး ဆင်းရဲနွမ်းပါးခြင်း ကင်းတဲ့ မြန်မာပြည်ကြီး ဖြစ်နိုင်ပါစေ......

စိန်ခေါ်သူ
So Min Oo Facebook

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.