Wednesday, November 30, 2011

0 ကိုယ့်လမ်းကိုယ်သွား ဦးကျော်သူ (၁)+(၂)


ကိုယ့်လမ်းကိုယ်သွား ဦးကျော်သူ (၁)
(ဂီလာနပုဂ္ဂိုလ်တို့အား ပြုစုခြင်းသည် ငါဘုရားအား ပြုစုခြင်းမည်ပါပေ၏)


(၃) ရက်သာဖွင့်လိုက်ပြီး အပိတ်ခံရမှုကြောင့် နာမည်ကျော်ခဲ့သော သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်)မြို့၏ ဖွင့်လှစ်ပွဲကို နိုဝင်ဘာ (၂၇) ရက်နေ့မှာ ကျင်းပမည်ဆိုသည့်အတွက် ကျွန်တော် အထူး စိတ်ဝင်စားခဲ့သည်။ သို့အတွက် နိုဝင်ဘာ (၂၆) ရက်နေ့ နံနက်စောစောထကာ ဦးကျော်သူ ဦးစီးသော နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများနှင့်အတူ ပြည်မြို့ခရီးသို့ လိုက်ပါခဲ့သည်။

ပြည်မြို့တွင် ရွှေပေါက်ပင်တောရ ဆရာတော်ကြီးထံသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၁၀) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတွင် လှူဒါန်းထားသော လှူဖွယ်ဝတ္ထုပစ္စည်းများအား ၂၆.၁၁.၂၀၁၁ ရက်နေ့ နေ့လည်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သြ၀ါဒစရိယ ဆရာတော် ဘဒ္ဒန္တ သောမစာရ ထံသို့ ကပ်လှူခဲ့ကြသည်။ ၂၇.၁၁.၂၀၁၁ ရက်နေ့ နံနက် (၅း၀၀) နာရီအချိန်တွင် ရွှေပေါက်ပင်တောရ ကျောင်းတိုက်တွင် နေ့စဉ်အာရုံတက်ချိန်တိုင်း ပြုလုပ်လေ့ရှိသော မြတ်စွာဘုရား မျက်နှာတော်သစ် ပေးခြင်း၊ သစ်သီးဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာတို့ဖြင့် ဗုဒ္ဓမြတ်စွယ်တော်များအား ပူဇော်ဆက် ကပ်လှူဒါန်းခြင်း စသည့် ကောင်းမှုကုသိုလ်တို့ကို နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ စုပေါင်းကုသိုလ်ပြုခဲ့ကြသည်ကို တွေ့ခဲ့ရသည်။

ထို့နောက် ပြည်မြို့က မိုးမေတ္တာ ပရဟိတလူငယ် သွေးလှူရှင်များ ဦးစီးသည့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်မြို့) ဖွင့်ပွဲနှင့်အတူ ပြည်ခရိုင်အတွင်းရှိ ပရဟိတလူမှုရေး အသင်းအဖွဲ့များ တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားတစ်ရပ်ကိုလည်း နံနက် (၉း၀၀) နာရီ အချိန်တွင် ကျင်းပမည်ဖြစ်သည့်အတွက် ကျွန်တော်တို့ ခေတ္တရာ (သရေခေတ္တရာပြည်မြို့) ခရီးသည် နာရေးကူညီမှုအသင်း(ရန်ကုန်) ကားများ ပြည်ခရိုင်အတွင်း ရောက်သည်ဆိုသည်နှင့် မြို့အသီးသီးကပရဟိတအသင်းအဖွဲ့များ၏ ကြိုဆိုနှုတ်ဆက် မှုတွေကို ကြည်နူးဖွယ် တွေ့ကြုံခံစားရသည်။

ကျွန်တော်တို့ နိုင်ငံအနေနှင့် ဗြဟ္မစိုရ်တရား ထွန်းကားလွန်းသည်ဟုပင် ဆိုရလေမလား။ ဗြဟ္မစိုရ် တရားလက်ကိုင်ထားသော လူမှုရေးအသင်းအဖွဲ့တွေ၊ လူမှုရေးသမားတွေလည်း အများအပြား။ ထို လူမှုရေးအသင်းတွေ၊ လူမှုရေးသမားတွေ ကူညီစောင့်ရှောက်မှကိုဖြစ်မည့် လူမှုဒုက္ခအ၀၀ ကြုံတွေ့ခံစား ရသူတွေကလည်း မနည်းမနော။ ဦးကျော်သူကတော့ “တိုင်းပြည်ငြိမ်းချမ်းသာယာဝပြောရင် အဲဒီလို ကူညီဖေးမမှုတွေ ပေးနေစရာမလိုတော့” ဟု ဆိုဖူးသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ဖြင့် နာရေးကူညီမှုတွေအပြင် သုခကုသိုလ်ဖြစ်ဆေးခန်းကြီး တည်ထောင်ပြီး ကျန်းမာရေးကူညီမှုတွေကိုလည်း ဆောင်ရွက်ပေးနေသူ ဖြစ်သည့်အတွက် သေသူရော၊ ရှင်သူတွေကိုပါ ကူညီနိုင်စွမ်းရှိသူ ဦးကျော်သူမှာ ကွက်လပ်တွေ ဖြည့်စွမ်းရင်း တိုင်းပြုပြည်ပြု ဆောင်ရွက်နေသူဟုပင် ဆိုနိုင်မည်ထင်၏။ ဒီနိုင်ငံမှာ ဦးကျော်သူကို ပရဟိတသူရဲကောင်းအဖြစ် လူထုထောက်ခံအားပေး ချစ်မြတ်နိုးခြင်းကို ကျွန်တော် မအံ့သြတော့။ သို့သော် ကျွန်တော်အံ့သြမိသည်က နတ်လူသာဓုခေါ်နိုင်မည့် ပရဟိတလုပ်ငန်းတွေ ဒီနိုင်ငံမှာ လုပ်ရခက်ခဲနေခြင်းကိုပင်။

မိုးမေတ္တာ ပရဟိတလူငယ် သွေးလှူရှင်များဦးစီးသည့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခ ကုသိုလ်ဖြစ်ဆေးခန်း(ပြည်မြို့) ဖွင့်လှစ်ပွဲ အချိန်အခါ သမယမှာတော့ ၀မ်းမြောက်ဝမ်းသာဖြစ် နေသော မြို့ခံလူထုနှင့်အတူ ပြည်ခရိုင်အတွင်းရှိ ဝေးလံသော မြို့ရွာများဆီကပင် ကျန်းမာရေး အစောင့်အရှောက် ရယူနိုင်ရန် တစ်ပင်တစ်ပန်း လာခဲ့ကြရရှာသူ ဝေဒနာရှင်တွေ၏ မျက်နှာပြင်တွေမှာ စေတနာရှင်၊ မေတ္တာရှင် ပရဟိတလူမှုရေးသမား လူငယ်လေးများကို အားကိုးတကြီးရှိမှုကို သိသာစွာမြင်တွေ့ရသည်။ အနာဂတ်ကို ပိုင်စိုးမည့် သားကောင်းရတနာတွေ ယုံကြည်ချက်ဖြင့် ရဲရင့်နေမှုကို ကျွန်တော်ကြည့်ရှုရင်း ကျေနပ်ပီတိရှိရသည်။ မိုးမေတ္တာ ပရဟိတလူငယ် သွေးလှူရှင်များအဖွဲ့နှင့်အတူ သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်)ကို ဦးဆောင်ကြသည့် သူတွေထဲမှာ လူငယ်ဆရာဝန်ငယ်လေးတွေကိုလည်း တွေ့ရသည်။ ဆရာဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ထိုဆရာဝန်လေးတွေမှာ ဝေဒနာရှင်များအပေါ် အထူးပင် မေတ္တာ၊ ဂရုဏာအပြည့် ကုသလေ့ရှိကြောင်းကိုလည်း လူနာနားနေဆောင်အတွင်းက စကားသံများ သက်သေခံ လျှက်ရှိသည်။ ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် ဦးဆောင်သော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ကျင့်သုံးလျက်ရှိသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သည်ဟု သိရသည့် ပြည်မြို့ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်မြို့)ကို ဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ခံဆရာဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး နောက်မှာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပွဲကို ဆက်လက်ကျင်းပခဲ့ကြသည်။ အခမ်းအနား မှာ မိုးမေတ္တာ ပရဟိတလူငယ် သွေးလှူရှင်အသင်း(ပြည်မြို့) ဥက္ကဋ္ဌ ဦးစိုးမိုးနိုင်၊ အတွင်းရေးမှူး ဦးညီညီအောင်၊ အလုပ်အမှုဆောင် ဦးကြည်အေးတို့က ဆိုင်ရာစကားတွေ ပြောဆိုရှင်းလင်းတင်ပြခြင်းဖြင့် သူတို့၏ လူမှုစိတ်ဓါတ်အပြည့် ဆောင်ရွက်နေမှုတွေကို အပြည့်အ၀ပင် နားလည်သိရှိလိုက်ရပြန်သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ကျင်းပသော မိုးမေတ္တာ ပရဟိတလူငယ် သွေးလှူရှင်များအသင်း (ပြည်မြို့)မှာ ပြည်ခရိုင်အတွင်းရှိ လူမှုအထောက်အကူပြု ပရဟိတအဖွဲ့အစည်းများ တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကလည်း ပြည်ခရိုင်အတွင်း မြို့ရွာ၊ ကျေးလက် လူမှုဒုက္ခအ၀၀ကို ပံ့ပိုးကူညီရင်း တိုင်းပြည်ရဲ့ ကွက်လပ်တွေကို ဖြည့်စွမ်းပေးနေကြသော ပရဟိတအဖွဲ့အစည်းများ၏ လေးစားဖွယ် စိတ်ဓါတ်နှင့် စွမ်းဆောင်ချက်တွေကို သိရှိရသည်။ ယင်းအခမ်းအနားသို့ ရန်ကုန်မြို့မှ ရောက်ရှိနေကြသည့် “နာရေးကူညီမှုအသင်း(ရန်ကုန်)”၊ ဒေသခံ “မိုးမေတ္တာ ပရဟိတလူငယ် သွေးလှူရှင်များအသင်း(ပြည်မြို့)” တို့နှင့်အတူ ခေတ္တရာမြို့သစ်၊ ဇီးအုပ်မှ “ဆေးကမ္ဘာဆေးခန်းနှင့် စေတနာရှင်များအဖွဲ့”၊ ရွာဘဲရပ်ကွက် “အောင်သုခ လူငယ်ဗြဟ္မစိုရ်အသင်း”၊ “ပွင့်လှသိမ်းကုန်း (အနောက်ရပ်ကွက်)”၊ ဆံတော်ရပ်၊ ရွှေသမင်မျှော်လမ်း “ဖက်သကျင်းလူငယ် နာရေးကူညီမှုအသင်း”၊ “စာတိုက်တန်းလမ်း သာရေးနာရေး ကူညီမှုအသင်း”၊ “မူယာပင်လူငယ်အသင်း (ကြက်ခေါင်းစားဓမ္မာရုံ)”၊ “စေတနာသမ္ဘာရ နာရေးကူညီမှု အသင်း (န၀င်းကွတ်သစ်ဓမ္မာရုံ)”၊ “ရွှေတံခါးလူငယ် ပရဟိတလုပ်ငန်း”၊ “7 Days သွေးနှင့် ကလေး ကူညီရေးအသင်း”၊ ပုတီးကုန်းမြို့မှ သဲကုန်းမြို့နယ် “စေတနာရှင် နာရေးကူညီမှုအသင်း”၊ “လူငယ့်အားမာန် ပရဟိတ”အဖွဲ့၊ “မေတ္တာရှင်ဆေးဝါးကုသိုလ်ပြု အဖွဲ့”၊ “ဇီဝိတ သွေးလှူရှင်အဖွဲ့”၊ ရွှေတောင်မြို့နယ်မှ “လွတ်လပ်ပီတိ သွေးအလှူရှင်အသင်း”၊ “ထွေးမေတ္တာ ပရဟိတ နာရေးကူညီမှု အသင်း”၊ ၀က်ထီးကန်မှ “၀က်ထီးကန် ပရဟိတလူငယ် နာရေးကူညီမှုအသင်း”၊ အင်းမမြို့ “အင်းမ နာရေးကူညီမှုအသင်း”၊ ပြည်မြို့မှ “ဗုဒ္ဓနုဂ္ဂဟ အခမဲ့နာရေး ကူညီမှုအသင်း”၊ “မအဖ မြန်မာ့မွတ်စလင် အမျိုးသားရေးရာအဖွဲ့”၊ ပေါင်းတည်မြို့မှ “ပေါင်းတည် စေတနာ နာရေးကူညီမှုအသင်း”၊ ဇီးကုန်းမြို့မှ “မေတ္တာရှင် အခမဲ့ နာရေးကူညီမှုအသင်း”၊ “ဖြူစင်မေတ္တာ ကျန်းမာရေးစောင့်ရှောက်မှုအသင်း”၊ သဲကုန်း မြို့မှ “နာရေးကူညီမှုအသင်း (ဆင်မြီးဆွဲ)”၊ “နာရေးကူညီမှုအသင်း (သဲကုန်း)”၊ ပေါင်းတလည်မြို့မှ “နာရေးကူညီမှုအသင်း (ပေါင်းတလည်)”၊ ပန်းတောင်မြို့နယ်မှ “နာရေးကူညီမှုအသင်း (ဆင်တဲ)”၊ ရွှေတောင်မြို့မှ “ရွှေတောင်သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးအသင်း”၊ “နာရေးကူညီမှုအသင်း (ယင်းမူကုန်းရွာ)၊ ”ဥသျှစ်ပင်မြို့မှ “ပရဟိတအသင်း”၊ “လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများကွန်ယက်” တို့က တက်ရောက်ကြသည့်အတွက် ကြီးမားသော ပရဟိတအင်အားတစ်ရပ်ကို အားပါးတရ မြင်တွေ့ခဲ့ရ သည်။ လေးစားသည်။ ယုံကြည်ချက်ဖြင့် ရဲရဲရင့်ရင့် ဆောင်ရွက်နေကြသူများအတွက် အားလည်း တက်သည်။

နာမည်ကျော် သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်)မြို့ ဖွင့်လှစ်ပွဲကြီးလည်း အောင်အောင်မြင်မြင် ပြီးခဲ့ပြီဖြစ်၍ နိုဝင်ဘာ (၂၈) ရက်နေ့တွင် ရန်ကုန်သို့ ပြန်လာခဲ့ကြသည်။

ယုံကြည်ချက်နှင့်ရဲရင့်သူများသို့ 

ကိုမျိုး (မြန်မာစာ)



ကိုယ့်လမ်းကိုယ်သွား ဦးကျော်သူ (၂)
(ဥုံအရဟံ၊ ဂတိသစ္စာတွေနဲ့ ဂဠုန်သရဏံ ဂစ္ဆာမိတွေဖြင့် ကန်တော့)


၂၈.၁၁.၂၀၁၁ ရက်နေ့ နံနက် (၅း၃၀) နာရီတွင် ရွှေပေါက်ပင်ဆရာတော်ကြီး ဦးစီး၍ နေ့စဉ် နံနက်တိုင်း ရွှေပေါက်ပင်တောရ ကျောင်းတိုက်တွင် နေ့စဉ်အာရုံတက်ချိန်တိုင်း ပြုလုပ်လေ့ရှိသော မြတ်စွာဘုရား မျက်နှာတော်သစ်ပေးခြင်း၊ သစ်သီးဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာတို့ဖြင့် ဗုဒ္ဓမြတ်စွယ်တော်များအား ပူဇော်ဆက် ကပ်လှူဒါန်းခြင်း စသည့် ကောင်းမှုကုသိုလ်တို့ကို နာရေးကူညီမှု အသင်း(ရန်ကုန်) အသင်းသူ/သားများ စုပေါင်းကုသိုလ်ပြုခဲ့ကြကာ ဆရာတော်ကြီးအား ဦးခိုက်၍ ရန်ကုန်သို့ ပြန်လည် ထွက်ခွာခဲ့သည်။

အပြန်လမ်းခရီးပေါ်တွင် အင်းမ နာရေးကူညီမှုအသင်းကိုလည်း ၀င်ရောက်လေ့လာ အားပေး ဖြစ်ခဲ့သည်။ ထို့နောက် သာယာဝတီမြို့ “ငြိမ်းချမ်းရေး ကုသိုလ်ဖြစ်ဆေးခန်းနှင့် နာရေးကူညီမှုအသင်း”သို့ ၀င်ရောက် လေ့လာခဲ့ပြီးနောက် ဆရာစံ ကျဆုံးခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ် ကျင်းပရာ သီရိမင်္ဂလာ ကျောင်းတိုက်သို့ ၀င်ရောက်ဖြစ်ခဲ့သည်။ သီရိမင်္ဂလာကျောင်းတိုက်သို့ ၀င်ရောက်ရာ မုဒ်ဦး ကျောက်တိုင် တွင် “ဥုံအရဟံ၊ ဂတိသစ္စာတွေနဲ့ ဂဠုန်သရဏံ ဂစ္ဆာမိတွေဖြင့် ကန်တော့” ဟူသော စာတမ်းအား ချိတ်ဆွဲထားသည်ကို တွေ့မြင်ခဲ့ရသည်။ လွန်ခဲ့သော နှစ် (၈၀) တင်းတင်းကာလ (၁၉၃၁ ခုနှစ်၊ နိုဝင်ဘာ (၂၈) ရက်နေ့)က ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကျွန်သားပေါက်ဘ၀မှ လွတ်မြောက်ဖို့ ကြိုးစားရင်း နယ်ချဲ့အစိုးရလက်တွင်း ကျရောက်အဖမ်းခံရကာ သာယာဝတီထောင်၌ ကြိုးပေးအသတ်ခံ အသက်ပေးခဲ့ ရရှာသော တောင်သူ လယ်သမားအရေးတော်ပုံ ခေါင်းဆောင်ကြီး ဂဠုန်ဆရာစံ၏ ကျေးဇူးတွေကို ဒီကနေ့ မျိုးဆက်တွေက မှတ်မှတ်ရရ ကျေးဇူးဆပ် ဖော်ဆောင်သော အထိမ်းအမှတ်ပွဲ ဖြစ်သည်။ ယင်း ကျောင်းတိုက်အတွင်း အမှတ်တရ ကျောက်စာတိုင် စိုက်ထူခဲ့ကြခြင်းဖြစ်သည်။ ဦးကျော်သူနှင့်အဖွဲ့ ရောက်ရှိသွားချိန်မှာတော့ အဆိုပါ ဆရာစံ ကျဆုံးခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပရေးအဖွဲ့၏ မေတ္တာရပ်ခံ တိုက်တွန်းချက်အရ ဦးကျော်သူက မှတ်မှတ်ရရ စကားပြောကြားရာမှာ “ကျွန်တော်ပြောချင် တာက ကျွန်တော်တို့အားလုံး လူစိတ်မွေးပြီး ကျွန်တော်တို့ ပြည်သူ/သားတွေရော၊ နိုင်ငံတော်အစိုးရကရော ဗုဒ္ဓမြတ်စွာဘုရား ဟောကြားထားတဲ့ ဗြဟ္မစိုရ်တရားလေးပါးကို လက်ခံလိုက်နာပြီးတော့ ချီတက်သွားမယ် ဆိုရင် အခုလျှောက်လှမ်းနေတဲ့ ဒီမိုကရေစီတိုင်းပြည်ကို အမြန်ဆုံးရောက် ရောက်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ အဲဒီတော့ ကျွန်တော်တို့ အဓိကလုပ်ကိုင်နေတာက အများပြည်သူကို ကူညီဖေးမပေးဖို့ပါပဲ။ ကျွန်တော်တို့ဟာ တိုင်းပြည်ကို သစ္စာဖောက်နေတဲ့ အဖွဲ့မဟုတ်ဘူး။ အများပြည်သူ ကို ကူညီနေတာဖြစ်ပါတယ်။ အရင်တုန်းက ကျွန်တော်တို့ဟာ မသာချပေးတဲ့ကိစ္စကို လုပ်တယ်။ မသာချ ပေးရတာတွေ များလာတော့ ပြန်လည်သုံးသပ်လိုက်တော့ ကျန်းမာရေးချို့ယွင်းမှုတွေကြောင့်က များနေတယ်။ အဲဒီအတွက်ကြောင့် ဆေးဝါးကုသဖို့အတွက် အခမဲ့ သုခကုသိုလ်ဖြစ်ဆေးခန်းဆိုတာကို ကျွန်တော်တို့ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သဘာဝဘေးအန္တရာယ်ဒဏ်ကြောင့် အခက်အခဲဖြစ်နေသူတွေ နာဂစ်မုန်တိုင်းတို့လို၊ ပခုက္ကူရေဘေးသင့်တာတွေတို့လိုစတဲ့ အခက်အခဲ ဖြစ်နေသူတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီပေးပါတယ်။ အခုဆိုရင်လည်း မြစ်ကြီးနားမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ တိုင်းရင်းသားအချင်းချင်း တိုက်ကြခိုက်ကြတဲ့ဟာတွေကြောင့် မြေစာပင်ဖြစ်ရတာ တွေလည်းရှိတယ်။ ကျွန်တော်နောက်ဆုံး ပြောချင်တာက ကျွန်တော်တို့အားလုံး လူစိတ်မွေးပြီး လူသားချင်းစာနာစိတ်နဲ့ ကျွန်တော်တို့ချီတက်ရင် ငြိမ်းချမ်းတဲ့တိုင်းပြည်ကို ရောက်မှာပါ။ အရေးကြီးတာက ကိုယ့်ကိုယ်ကို သီလလုံဖို့ဘဲ။ ကိုယ်သီလလုံတယ်ဆိုရင် ကိုယ့်မိသားစုလည်း ငြိမ်းချမ်းမယ်။ ကိုယ့်ရပ်ရွာ လည်း ငြိမ်းချမ်းမယ်။ ကိုယ့်တိုင်းပြည်လည်း ငြိမ်းချမ်းမယ်။ ” ဟု ဦးကျော်သူက ဆရာစံ နှစ် (၈၀)ပြည့် အခမ်းအနားပွဲ၌ ပြောကြားသွားသည်ကို ကြားရသည်။ ယင်း အခမ်းအနားမှာ အသွေးအရောင်စုံသော သူတွေကို လူမှုရေး ပရဟိတသမားတွေကြားထဲမှာ မြင်တွေ့ရသည်။ ဒီပွဲမှာ လူမှုပရဟိတနယ်၊ နိုင်ငံရေး နယ်တို့နှင့်အတူ ရပ်မိရပ်ဖတွေ အားလုံးက ကျွန်တော်တို့တိုင်းပြည်၏ ကျေးဇူးရှင်ကြီး တစ်ဦးဖြစ်သော လယ်သမား ခေါင်းဆောင်ကြီး ဆရာစံကို ဂုဏ်ပြုခဲ့ကြခြင်းဖြစ်၍ ဆီလျော်မှုတော့ရှိပေသည်။ မည်သို့ဆိုစေ ကျွန်တော့်အနေနှင့် ဦးကျော်သူ၏ “ဟိတ် .. ကိုယ့်လမ်း … ကိုယ်သွား၊ ကိုယ့်အလုပ် … ကိုယ်လုပ်၊ ကိုယ့်တာဝန် … ကိုယ်ကြေ၊ ကိုယ့်သီလ … ကိုယ်လုံ၊ ကိုယ့်သမိုင်း … ကိုယ်ရေး .. ဒါဘဲ” ကျော်သူ ဟူသော စာကဗျာကိုပဲ အထူးအမှတ်ရ မိလိုက်သည်။ လူတိုင်းကိုယ်ဆီ ကိုယ့်လမ်း … ကိုယ်သွား၊ ကိုယ့်အလုပ် … ကိုယ်လုပ်၊ ကိုယ့်တာဝန် … ကိုယ်ကြေ၊ ကိုယ့်သီလ … ကိုယ်လုံ၊ ကိုယ့်သမိုင်း … ကိုယ်ရေးကြရမည်သာဖြစ်သည်။ လူမှုပရဟိတ အလုပ်မှာ တစ်ဘ၀လုံးကို ပုံအပ်ထားသူ ဦးကျော်သူမှာ ယုံကြည်ချက်နှင့် ရဲရင့်သူတို့ ထုံးအတိုင်းနှလုံးမူကာ ကိုယ့်သမိုင်း … ကိုယ်ရေးခဲ့ဖို့ ကိုယ့်လမ်း … ကိုယ်သွားမည့်သူဟုသာ ကျွန်တော်ယုံကြည်ထားသည်။ ထို့အတွက်လည်း ခေတ္တရာခရီးမှအပြန် ကိုယ့်လမ်းကိုယ်သွား ဦးကျော်သူ ဟု စာနယ်ဇင်းသမားအနေနှင့် ကျွန်တော်ထပ်မံ တိုက်တွန်းလိုက်မိ သည်။

ယုံကြည်ချက်နှင့်ရဲရင့်သူများသို့ 

ကိုမျိုး (မြန်မာစာ)

၂၈.၁၁.၂၀၁၁

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.