Thursday, February 2, 2012

0 အရှင်ဘုရား.. ဒီမိုကရေစီနဲ့ ..တရုတ်ပြည်ကြီး

လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ထွန်းနေတဲ့ နိုင်ငံရေးအခြေအနေနဲ့  သတင်းတွေဟာတလနဲ့ တလမတူလောက် အောင် ဖြစ်ပေါ်ပြောင်းလဲမှုတွေ မြန်ဆန်လာလို့ လေ့လာဆန်းစစ်နေတဲ့သူတွေ ကောက်ချက်ချရာမှာ ခက်ခဲပြီး မျက်စိလည်လောက်စရာပါဘဲ။ ဒါပေမယ့် ကောင်းတဲ့ဘက်ကိုထိုက်သင့်သလောက်ဦးတည်ပြောင်းလဲ
လာနေတယ်လို့ တော့ သံသယနဲ့ ခံစားချက်ဆန္ဒစွဲ သိပ်မများကြတဲ့သူတွေအဖို့ လက်ခံကြရမယ့် အနေအထားပါ။

မြန်မာအစိုးရဟာ အမေရိကန်နဲ့ ဥရောပတို့ ရဲ့  ပိတ်ဆို့ အရေးယူမှုတွေ ပယ်ဖျက်ပြီးရင်းနှီးတဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်လာပြီးတရုတ်အစိုးရရဲ့ ဘက်ပေါင်းစုံသြဇာခံဖြစ်ရမယ့်ဘ၀က ရှောင်ထွက်နိုင်အောင်တော့ကြိုးစားလာတာတွေ့ ရပါတယ်။ ဒါကလည်း တရုတ်အစိုးရရဲ့  မြန်မာနိုင်ငံအပေါ်
စီးပွားရေး စစ်ရေး နိုင်ငံရေးအရ အပေါ်စီးမှ တဘက်စောင်းနင်း အတွင်းကြိတ်ဆက်ဆံတာ ခံလာရလို့ ပါဘဲ။

မြန်မာစစ်အစိုးရသက်တမ်းနှစ် (၂၀)ကျော်ကြာ အုပ်ချုပ်သွားနိုင်အောင် စီးပွားရေးအထောက်အပံ့တွေပေးပြီး နိုင်ငံတကာကမြန်မာနိုင်ငံအပေါ် ၀င်မစွက်ဖက်နိုင်အောင် ကုလသမဂ္ဂမှာဗီတိုအာဏာနဲ့အကာအကွယ်ပေးခဲ့ တဲ့ တရုတ်အစိုးရဟာသူ့ ရဲ့ မျိုးနွယ်စုဝင်ဖြစ်တဲ့ ကိုးကန့် တပ်တွေကို မြန်မာတပ်က ၀င်တိုက်ပြီး နယ်မြေ
ပြန်ယူလာတဲ့အခါမှာ သူ့ ရဲ့ သြဇာခံတပ်ဖြစ်တဲ့ ၀ တပ်ဖွဲ့ ကို ထပ်မတိုက်နိုင်အောင်တရုတ် ဒုသမ္မတ ကိုယ်တိုင် မြန်မာနိုင်ငံကို ချက်ချင်းရောက်လာပြီး သူတို့ ရဲ့ နယ်စပ်မှာ စစ်ပွဲတွေ ထပ်မတိုက်ခိုက်ဖို့  နအဖ ခေါင်းဆောင်တွေကို သတိပေးတားမြစ်ခဲ့ပါတယ်။ ဒါ့အပြင် နအဖ အစိုးရက လက်ခံဖို့ အချိန်ဆွဲနေတဲ့ မြစ်ဆုံလျှပ်စစ်စီမံကိန်းနဲ့  ရခိုင်ပြည်နယ် ကျောက်ဖြူကနေ ယူနန်ပြည်နယ်အထိ
မြန်မာနိုင်ငံကို ကန့် လန့် ဖြတ်သွယ်တန်းမယ့် ဓာတ်ငွေ့ ပိုက်လိုင်းကိစ္စမှာရေနံပိုက်လိုင်းနှင့်တကွ အသွားအပြန် ရထားလမ်းတွေကိုပါ အစိုးရအဖွဲ့ အပြောင်းအလဲမလုပ်ခင် အမိအရသဘောတူညီချက်တွေ လက်မှတ်ရေးထိုးချုပ်ဆိုပြီး နှစ် (၂၀)ကျော် မြန်မာစစ်အစိုးရအပေါ် ကာကွယ်ပေးခဲ့ရတဲ့ ဗီတိုကြေး
တွေကို စီးပွားရေး စစ်ရေး နိုင်ငံရေးအရ ပိုပိုသာသာရယူသွားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် နောက်တက်လာတဲ့အစိုးရသစ်သမ္မတ ဦးသိန်းစိန်က မြစ်ဆုံလျှပ်စစ်စီမံကိန်းကို ပြည်သူတွေရဲ့ ဆန္ဒအရ ရပ်တန့် ပါတယ်လို့  ကြေညာခဲ့ရာမှာတော့အားလုံးအငိုက်မိအံ့အားသင့်သွားကြရပါတယ်။

ပြည်တွင်းနိုင်ငံရေးသမားတွေတက်ကြွလှုပ်ရှားသူတွေနဲ့  အမေရိကန်ဥရောပတို့  ချက်ချင်းဝမ်းသာအားရ
ထောက်ခံကြပြီး တရုတ်အစိုးရရဲ့ အာဘော် သတင်းမီဒီယာတွေကတော့ မြန်မာအစိုးရနဲ့မြန်မာနိုင်ငံအပေါ်မှာ ပြင်းပြင်းထန်ထန်ခြိမ်းခြောက်ဝေဖန်လာကြပါတယ်။ တရုတ်ရဲ့ အဓိကသွေးကြောသဖွယ်လိုချင်တပ်မက်နေတဲ့ ပင်လယ်ထွက်ပေါက်ဖြစ်တဲ့ ကျောက်ဖြူနဲ့ ယူနန် ဓာတ်ငွေ့ ရေနံပိုက်လိုင်းနဲ့ ရထားလမ်းကျန်နေသေးလို့  ဒီလောက်နဲ့ ရပ်သွားပြိး လျော်ကြေးနဲ့ ဆွေးနွေးလို့ ရနိုင်တာပါ။
ဒီအခွင့်အရေးပေါ်မှာ သူတို့ က စိးပွားရေးနဲ့ စစ်ရေးမဟာဗျူဟာအရ လိုသလိုအသုံးပြုနိုင်သေးတာပါ။

ဦးသိန်းစိန်ရဲ့ မြစ်ဆုံရပ်တန့် တဲ့ကြေညာချက်ဟာ မြန်မာအစိုးရအပေါ် ကုလသမဂ္ဂအမေရိကန်နဲ့ဥရောပနိုင်ငံ များ က ခေါင်းဆောင်များရဲ့ အမြင်ပြောင်းလဲမှုနဲ့ ထောက်ခံမှုတွေကို မြန်မြန်ဆန်ဆန်ရရှိခဲ့ပါတယ်။ နောက်ထပ် နိုင်ငံတကာကနိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ နဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ဆောင်ဖို့ 
ဆက်လက်တောင်းဆိုခဲ့ရာမှာ ၁၃၊ ၁၊ ၂၀၁၂ ရက်က ၈၈ ကျောင်းသားခေါင်းဆောင်တွေ အပါအ၀င် ထင်ရှားတဲ့နိုင်ငံရေးအကျဉ်းသားတော်တော်များများကို လွှတ်ပေးခဲ့ပြီး (၆၃)နှစ်ကြာ ဆန့် ကျင်တိုက်ပွဲဝင်နေတဲ့ ကရင်အမျိုးသားလက်နက်ကိုင်အဖွဲ့ နဲ့ ပါပဏာမငြိမ်းချမ်းရေးလက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါ့အပြင် နည်းပရိယာယ်ကြွယ်ဝတဲ့ စစ်ထောက်လှန်းရေးမှူးဟောင်းဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် နဲ့ တကွ ထောက်လှမ်းရေးအရာရှိဟောင်းများကိုလည်း ပြန်လွှတ်ပေးခဲ့ပါတယ်။ NLD ကိုလည်း ပါတီမှတ်ပုံတင်
ခွင့်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မဲဆွယ်စည်းရုံးရေးတွေလုပ်နေနိုင်ပါပြီ။

ကမ္ဘာ့စီးပွားရေးသမားကြီးများ နဲ့  နိုင်ငံတကာက အစိုးရပိုင်းခေါင်းဆောင်များကလည်း မြန်မာနိုင်ငံကို ဥဒဟိုဝင်ထွက်ပြီး မြန်မာ့ဒီမိုကရေစီဇာတ်စုံသဘင်ကြီးမှာ ၀င်ရောက်ကပြကြဖို့  အားကြိုးမာန်တက်လှုပ်ရှားနေ
ကြပါပြီ။ ဒီအခြေအနေဟာ အားလုံးကို ရောသမမွှေထားတဲ့နိုင်ငံရေးဖြစ်စဉ်တစ်ခုပါဘဲ။ အုပ်စုအသီးသီးကလည်း ကိုယ်သန်ရာ လိုရာရည်မှန်းချက်တွေအမျိုးမျိုးနဲ့  လှုပ်ရှားလာနေကြပါတယ်။

ပြန်လွတ်လာတဲ့၈၈ ကျောင်းသားခေါင်းဆောင်များကလည်း နိုင်ငံရေးပါတီသီးသန့် မထောင်ကြဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီကို ၀န်းရံပြီးဒီမိုကရေစီတိုက်စစ်မှူးများအဖြစ် ဆောင်ရွက်နေကြပါတယ်။
အမှန်တော့ ဒီအချိန်မှာ သူတို့ ဟာ ဒီမိုကရေစီဗျူဟာမှူးတွေအနေလောက်ဘဲကိုယ်ပိုင်အုပ်ချုပ်စီမံခန့် ခွဲနိုင်မှုအတွက် ရည်ရွယ်ချက်ရှိရှိ ဦးစားပေးလုပ်ဆောင်သင့်ကြပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ အားထားလွန်းနေရတဲ့NLDဟာလည်း တစ်ဦးတည်း အရာရာကိုဦးဆောင်နေရတဲ့Democracy Solo Concert Show လို ဖြစ်နေတော့ သူမလုပ်နိုင်တော့ရင်
ချည့်နဲ့ ရပ်တန့် သွားနိုင်ပါတယ်။ သူ့ အသက်အရွယ်အရလည်း လှုပ်ရှားနိုင်ဖို့ အကန့်အသတ်ဖြစ်လာနေ ပါပြီ။ မူ နဲ့ သွားတဲ့ ဒီမိုကရေစီလမ်းကြောင်းကလူ ဦးစားပေး ဒီမိုကရေစီလမ်းကြောင်းထက် ရေရျည်မှာတည့်တံ့ခိုင်မြဲပါတယ်။

သမ္မတဦးသိန်းစိန် နောက်ထပ်အဓိကဖြေရှင်းရမယ့်ကိစ္စများကတော့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနဲ့ ငြိမ်းချမ်းရေးရယူဖို့ နဲ့ မြန်မာ့စစ်တပ်ကို ညက်ညက်ညောညောစီမံကိုင်တွယ်နိုင်ဖို့ ပါဘဲ။ ဟိုတလောက
ကချင်ဒေသမှာသမ္မတရဲ့ ထိုးစစ်ရပ်တန့် ခိုင်းတဲ့အမိန့် ကို “တိုက်ခိုင်းတုန်းကတော့ သူတို့ ဘဲ၊ကို့ လို့ ကန့် လန့် ကျတော့ ရပ်ခိုင်းပြန်ပြီ၊ ငါတို့ကအသက်တွေရင်းပြီး လုပ်နေရတာ”ဆိုပြီးရှေ့တန်းရောက် စစ်တပ် အရာရှိ တွေ ဘက်က သိပ်မကြေလည်ကြဘူးလို့  ကြားသိရပါတယ်။ ဒါ့အပြင် ဒီမိုကရေစီပြောင်းလဲမှုကို လိုလားပေမယ့်မြန်မြန်ဆန်ဆန်ပြောင်းရင် တဘက်နိုင်ငံရေးအင်အားစုကို အခွင့်အရေးပိုရစေပြီး
သူတို့ အပေါ်တန်ပြန်မှာကိုလည်း စိုးရိမ်ကြတယ်လို့  သိရပါတယ်။ ဒါကလည်းငယ်စဉ်ကတည်းက ခုအချိန်ထိ နေလာဖူးတဲ့ Auto Cracy အမိန့် ပေးအုပ်ချုပ်မှုစနစ်နဲ့ရင်းနှီးကြီးပြင်းလာကြ ရတော့ဒီမိုကရေစီလုပ်ထုံးတွေ မှာ အလေ့အကျင့်သိပ်မရှိသေးပါဘူး။ ဒါပေမယ့် တရုတ်အစိုးရကိုအားကိုးလို့ လည်း တပည့်အဆင့်
ထားပြီး ဆက်ဆံခံရမယ်ဆိုတာ သိနေကြပါပြီ။

တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့လည်းရှမ်းတကျပ်ဗမာတကျပ်ကရင်တကျပ်ဆိုတဲ့တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာတွေကိုအဓိကထားပြောဆိုနေတာကြားသိရပါတယ်။ လက်နက်ကိုင်တော်လှန်မှုကြောင့်အစိုးရက တိုင်းရင်းသားဒေသတွေကို ဖွံ့ ဖြိုးရေးလုပ်ရာမှာ ကန့် သတ်ပြီး
ချန်လှပ်ထားခဲ့ကြတယ်။

ဆင်းရဲနိမ့်ကျမှုတွေကြောင့် အသိပညာမဖွံ့ဖြိုးကြဘဲ လက်နက်ကိုင်ဆောင်ထားနိုင်သူ တွေသာ အဲဒီဒေသတွေမှာ လူရာပိုဝင်ကြလို့ လက်နက်ကိုင်အဆိုးသံသရာလည်နေကြတာပါ။ တန်းတူအခွင့်အရေးဆိုတာကလည်း အလှည့်ကျသမ္မတပေးရေး၊ စစ်တပ်မှာ ဗမာကြီးစိုးမှုလျော့ချရေး၊
ဒေသထွက်သယံဇာတများအပေါ် ထိုက်သင့်သလိုခွဲဝေခံစားခွင့်ရှိရေးစတဲ့အချက်တွေပါဝင်ပါတယ်။ ၀ ဒေသလက်နက်ကိုင်တွေကတော့ သူတို့ ဒေသမှာ လက်နက်ကိုင်ထားတာ သူတို့ ဖြစ်ပေမယ့် စီးပွားရေးလာလုပ်ပြီးကြီးစိုးထားတာက ဆရာတရုတ်တွေဖြစ်နေတော့ သူတို့ အနည်းအကျဉ်းဘဲရလို့ 
မြန်မာအစိုးရဘက်ကို အာရုံပြန်လည်လာတယ်လို့ သိရပါတယ်။

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကတော့ဧပြီ(၁)ရက်ကြားဖြတ်ရွေးကောက်ပွဲအဖြေမှာဒေါ်အောင်ဆန်းစုကြည် ပါတီ ရဲ့ ရလဒ်အဖြေကိုကြည့်ပြီး သူတို့ ရဲ့ ပိတ်ဆို့ အရေးယူမှုစံတွေကို ပြောင်းလဲသတ်မှတ်ကြလိမ့်မယ်လို့ ယူဆမိပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်တွေဟာ ဒီမိုကရေစီရေးလှုပ်ရှားတက်ကြွသူများ၊ နိုင်ငံတကာရဲ့ ဖိအားပေးမှုများကြောင့် လမ်းကြောင်းမှန်ပေါ်ကူးပြောင်းရောက်ရှိလာတဲ့ မှန်ပေမယ့် အဓိကကျကျ အတွင်းအနှစ်သာရအခြေခံအချက်ကတော့ ၂၀၀၇ ကိုယ်ကျိုးမဖက် ရွှေဝါရောင်လှုပ်ရှားမှုနဲ့ 
တရုတ်အစိုးရရဲ့မြန်မာစစ်အစိုးရအပေါ်လောဘတကြီးအစွန်းရောက်တဲ့ဖိအားပေးတောင်းဆိုလာမှုများကြောင့်ဖြစ်တယ်လို့  ယူဆထင်မြင်မိကြောင်းပါခင်ဗျာ။

S ခင်ဇိုင်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.