Saturday, February 4, 2012

0 မြန်မာဒုက္ခသည်များ တရုတ်ဘက် ထွက်ပြေး

(Financial Time မှ 1 February 2012 ရက်စွဲပါ Gwon Robinson (Bangkok) နှင့် Kathrin Hille (Beijing) တို့ ရေးသားသော Myanmar refugees flee across Chinese border ကို Yangon Chronicle ဘာသာပြန်ဆိုသည် )

မြန်မာတပ်မတော်နှင့် ကချင် KIA တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ဒုက္ခသည် ထောင်ပေါင်းများစွာသည် တရုတ်သို့ နယ်စပ်မှ ဖြတ်ကျော်ထွက်ပြေးကြသည်ဟု ယူနန်ပြည်နယ်မှ အကူအညီပေးရေးလုပ်သားများအဆိုအရသိရှိရသည်။ ထိုသို့ ဒုက္ခသည်များတိုးလာခြင်းသည် ဦးသိန်းစိန်၏ အရပ်သားအစိုးရသည် နိုင်ငံတကာ၏ အထီးကျန်ပြုမှုမှ ရုန်းထွက်ရန် ကြိုးစားနေခြင်းအပေါ် များစွာထိခိုက်ကြောင်းသံတမန်များက ရှုမြင်သည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂ တို့သည် တိုင်းရင်းသားပဋိပက္ခများရပ်ဆိုင်းရေးကို မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ရုတ်သိမ်းရေးအတွက် လိုအပ်သော အခြေအနေများတွင် ထည့်သွင်းသတ်မှတ်ထားပါသည်။ အဆိုပါ ပဋိပက္ခများသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး၊ ထောင်ပေါင်းများစွာသော လူများအိုးမဲ့အိမ်မဲ့ ဖြစ်ရခြင်း၊ စစ်တပ်မှ အဓမ္မပြုကျင့်ခြင်း၊ အဓမ္မစေခိုင်းခြင်း နှင့် နှိပ်စက်မှုများစသော ကျူးလွန်မှုများနှင့် ပတ်သက်၍ တိုင်ကြားမှုများလည်း ရှိခဲ့သည်။

ယခုအခါ အစိုးရသည် ကနဦးအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုကို ကရင်သူပုန်များနှင့်လည်းကောင်း၊ ရှမ်းချင်းနှင့်အခြားအုပ်စုများနှင့် လည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ သို့သော် ကချင် KIA နှင့် ဆွေးနွေးမှုများမှာတိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ကြန့်ကြာနေခဲ့သည်။ ဦးသိန်းစိန်က ဒီဇင်ဘာအစောပိုင်းတွင် စစ်တပ်အားပစ်ခတ်မှုများရပ်ဆိုင်းရန် ညွန်ကြားထားခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်နေဆဲ ဖြစ်သည်။ မြန်မာစစ်တပ်က ကချင်များက တိုက်ခိုက်လာခြင်းကြောင့် ခုခံခြင်းသာဖြစ်သည်ဟု ပြောနေပြီး KIA ကလည်း ၎င်းတို့၏ အခြေချတပ်များကို အစိုးရတပ်များက လာရောက်တိုက်ခိုက်သည်ဟု အပြန်အလှန် စွပ်စွဲလျက်ရှိသည်။

တရုတ်-မြန်မာနယ်စပ်တွင် ဒုက္ခသည်များအတွက် အလုပ်လုပ်ပေးနေသော ကချင်ကိုယ်စားလှယ်တစ်ဦးက ပြောကြားရာတွင် အင်္ဂါနေ့က တိုက်ပွဲများရပ်ဆိုင်းသွားသော်လည်း နှစ်ဖက်တပ်များ ရုတ်သိမ်းသွားခြင်း မရှိသေးသည့် အတွက် ဒုက္ခသည်များမပြန်နိုင်သေးသည့် အဓိပ္ပါယ်ဖြစ်ကြောင်း ပြောခဲ့သည်။ တရုတ်အကူအညီပေးရေးလုပ်သားများကပြောကြားရာတွင် ဒုက္ခသည်ဦးရေမှာ များစွာတိုးတက်လာခဲ့သည်ဟု ဆိုသည်။ “ဇန်နဝါရီလ(1) ရက်ကစပြီး တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်မှာ ဒုက္ခသည် လေးသောင်းလောက် လှည့်သွားနေပြီး၊ အဲဒီအထဲက 25000 လောက်ဟာ တရုတ်ယူနန်ထဲရောက်လာပြီး နေစရာ ရှာနေကြပါတယ်” ဟု ဒုက္ခသည်များအား အကူအညီပေးနေသော တရုတ်နိုင်ငံအတွင်း တရားမဝင် ဖွင့်လှစ်ထားသော ဘုရားကျောင်းဖြစ်သည့် Central Western Missionary Prayer Fellowship က ပြောသည်။ မြန်မာနယ်စပ် Yingjiang နယ်တွင် အကူအညီပေးနေသော Tao Meisi က ပြောကြားရာတွင် ထိုဒေသတွင် ဒုက္ခသည် လေးသောင်းခန့်ရှိရာ၊ Yingjiang နယ်တွင်ပင် နှစ်သောင်းခန့် ရှိသည်ဟုဆိုသည်။ “အများစုက အမျိုးသမီးများ၊ ကလေးများနဲ့ သက်ကြီးရွယ်အိုတွေဖြစ်ပြီး၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေး နို့တိုက်နေတဲ့ အမေတွေပါ ပါတယ်” ဟု Ms. Tao က ပြောသည်။ “အများစုက ယာယီတဲတွေနဲ့ နေရတယ်။ အချို့ကလည်းနယ်စပ်ရွာတွေကကျောင်းတွေထဲတွေမှာရှာနေရတယ်” ဟု သူမက ပြောသည်။

ယခင်အကြိမ်များနှင့် မတူသောအချက်မှာတရုတ်အစိုးရသည် ဒုက္ခသည်များ ၎င်း၏ နိုင်ငံတွင်းသို့ စီးဝင်လာမှုကို ကန့်သတ်ရန် ကြိုးစားနေပုံရပြီး၊ သတင်းအမှောင်ချမှုကို ပြုလုပ်ထားသည်။ လက်တွေ့အကူအညီပေးနေသော လုပ်သားများက ပြောရာတွင် တရုတ်အစိုးရသည် ယခုလ၌ နယ်စပ်ကို မကြာခဏပိတ်ရန် ကြိုးစားခဲ့သည်ဟုဆိုသည်။ ထို့အပြင် 2009 ခုနှစ်က ဒုက္ခသည်များကို အကူအညီပေးရန် တောင်းဆိုခဲ့သော်လည်း၊ ယခုအကြိမ်တွင် လူသားချင်း စာနာသော အကူအညီများပေးရန် တောင်းဆိုခြင်းမပြုခဲ့ပေ။ ဒုက္ခသည်များခိုလှုံနေသော တရုတ်ရွာများအား မြန်မာတပ်များကပစ်ခတ်သည် ဟူသောသတင်းများနှင့် ပတ်သက်၍မေးမြန်းရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုသတင်း မကြားကြောင်း ပြောကြားခဲ့သည်။

မြန်မာအစိုးရသည် အခြားတိုင်းရင်းသားအုပ်စုများနှင့် ငြိမ်းချမ်းရေးစကားပြောရာတွင် တိုးတက်မှုများ ရှိသော်လည်း ကချင်နှင့် အခြေအနေမှာ သိသာစွာ ခြားနားနေသည်။ ကချင်နှင့် ပဋိပက္ခသည် ဦးသိန်းစိန်အတွက် တစ်ခုတည်းသော အကြီးဆုံးစိန်ခေါ်မှု ဖြစ်လာနိုင်ကြောင်းသံတမန်များက ပြောသည်။ အစိုးရ၏ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းကပင် ကချင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ သုံးနှစ်ခန့်ကြာနိုင်ကြောင်း ပြောသည်။

KIA သည် မြန်မာနိုင်ငံတွင် အင်အားအကောင်းဆုံးလက်နက်ကိုင်ပုန်ကန်မှု ဖြစ်လာသည်ဟုနောက်ဆုံးထုတ် Jane’s Terrorism and Security Monitor မဂ္ဂဇင်းတွင် ဖော်ပြထားသည်။ “၎င်းတွင် နယ်မြေတည်ငြိမ်မှု၊ စစ်အင်အားနှင့် နိုင်ငံရေး အတွေ့အကြုံတို့ကြောင့် အစိုးရသစ်အားစစ်ရေးအရရော၊ စီးပွားရေးအရပါ အရေးပါသော ခြိမ်းခြောက်မှုများ ပြုလုပ်လာနိုင်ပြီး အလေးထားလာစေနိုင်ပါသည်” ဟု ဖော်ပြထားသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.