Thursday, February 2, 2012

0 ဘာသာပြန် မြန်မာသတင်းများ (မောင်သစ်စိမ်း-mmcp)

သမ္မတဦးသိန်းစိန် စင်္ကာပူနိုင်ငံတွင် ကျန်းမာရေး အစစ်ဆေးခံ

source: Channel News Asia
မြန်မာသမ္မတ ဦးသိန်းစိန်သည် စင်္ကာပူနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေခိုက် ကျန်းမာရေး အစစ်ဆေးခံရန်အတွက် စင်္ကာပူနိုင်ငံရှိ Mount Elizabeth ဆေးရုံသို့ အင်္ဂါနေ့က ရောက်ရှိနေကြောင်း သိရသည်။ နံနက် ၇နာရီခွဲခန့်က ဆေးရုံပြင်ပတွင် အစောင့်များထူထပ်စွာ ချထားကြောင်းသိရပြီး နှလုံးခုန်နှုန်းပုံမှန်ဖြစ်ရန် တပ်ဆင်ထားသော Pacemaker ကို အထူးကုဆရာဝန်များနှင့် ပြသစစ်ဆေးနေကြောင်း သိရသည်။ သမ္မတဦးသိန်းစိန်သည် နှလုံးရောဂါကြောင့် ၂ဝဝ၄ ခုနှစ်က Pacemaker တပ်ဆင်ထားခဲ့ရပြီး ကျန်းမာရေးစစ်ဆေးမှုများတွင် ကျောက်ကပ်နှင့် ဝမ်းဗိုက်ကို ultrasound ရိုက်ခြင်းတို့လည်း ပါဝင်ကြောင်းသိရသည်။

မြန်မာက မြောက်ကိုရီးယားအဏုမြူကိစ္စနှင့် ပတ်သက်မှုမရှိကြောင်း ငြင်းဆို

source: channelnewsasia
မြန်မာသမ္မတဦးသိန်းစိန်က မြောက်ကိုရီးယားနိုင်ငံမှ အဏုမြူလက်နက်များ ဝယ်ယူရန်မှာ မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်ပြီး ထိုသို့သောစွပ်စွဲမှုများမှာ ''အခြေအမြစ်မရှိ''ကြောင်း အင်္ဂါနေ့က ပြောကြားခဲ့သည်ဟု သိရသည်။ ''ကျွန်တော်တို့ မြောက်ကိုရီးယားကနေ လက်နက်တွေ ဝယ်ယူဖို့မရှိပါဘူး။ ဒီစွပ်စွဲချက်တွေက အခြေအမြစ်ခိုင်မာမှုမရှိပဲ အနောက်နိုင်ငံအချို့ရဲ့ သံသယတွေအပေါ်မှာ အခြေခံထားတာပါ''ဟု The Straits Times သတင်းစာနှင့် မေးမြန်းခန်းတွင်း ဦးသိန်းစိန်က ပြောကြားခဲ့သည်။ ကုလသမဂ္ဂ၏ ၂ဝ၁ဝ အစီရင်ခံစာတွင် မြောက်ကိုရီးယားကို မြန်မာ၊ ဆီးရီးယားနှင့် အီရန်နိုင်ငံတို့သို့ အဏုမြူနှင့် အခြားလက်နက်များ တင်သွင်းခဲ့သည်ဟု စွပ်စွဲထားကြောင်း သိရသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ဦးသိန်းစိန်မှာ UN က ပိတ်ပင်ထားသော မြောက်ကိုရီးယားမှ လက်နက်တင်သွင်းမှု ဆုံးဖြတ်ချက်ကို လိုက်နာမည့်အကြောင်း ''အလေးအနက် ကတိပေးထားသည်''ဟု ဆိုသည်။

မြန်မာက ထိုင်းနှင့်ဗီယက်နမ်ကို ယှဉ်ပြိုင်လျက် ဆန်တင်ပို့မှု နှစ်ဆမြင့်တက်
source: Bloomberg
မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုများ ဖေါ်ဆောင်နေသည်နှင့်အမျှ ယခုနှစ်အတွက် နိုင်ငံ၏ဆန်တင်ပို့မှုမှာ နှစ်ဆကျော်မြင့်တက်ပြီး တန်ချိန် ၁.၅ သန်းခန့် ဖြစ်ဖွယ်ရာရှိကြောင်း ကုန်စည်ခန့်မှန်းသူများက ဆိုကြသည်ဟု သိရသည်။ အစိုးရက လယ်သမားများထံမှဆန်ကို ဈေးကွက်ပေါက်ဈေးထက် ပိုပေးပြီးဝယ်ယူလျက်ရှိရာ ထုတ်လုပ်နိုင်မှုတိုးတက်လာပြီး လာမည့်နှစ်တွင် တန်ချိန် ၂ သန်းနှင့် ၂ဝ၁၅ တွင် တန်ချိန် ၃ သန်းတင်ပို့နိုင်ရန် လျာထားကြောင်း ဆန်ကုန်သည်ကြီးများအသင်းက ဆိုသည်။ အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌါန ကိန်းဂဏန်းများအရ အဆိုအပါအတိုင်း ဖြစ်လာခဲ့လျှင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ၆ ခုမြောက် ဆန်တင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း သိရသည်။ ''ကမ္ဘာ့ဆန်ဈေးကွက်ကို မြန်မာဝင်လာတဲ့အတွက် ထိုင်းဆန်ဈေးကွက်ကို ပိုပြီးဆိုးရွားစေပါတယ်''ဟုThai Rice Exporters Association ၏ဂုဏ်ထူးဆောင်နာယကVichai Sriprasert ကဆိုသည်။ ''ရေရှည်မှာ မြန်မာပြည်က မြေသြဇာကောင်းပြီး ရေလည်းလွယ်တဲ့အတွက် ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့တဲ့နိုင်ငံ ဖြစ်လာမှာပါ''ဟု သူကဆိုသည်။

ဟော်တယ်တည်းခိုမှု ဈေးနှုန်းများ ထက်ဝက်ခန့် မြင့်တက်ဖွယ်ရှိ

source: Travel Weekly
မြန်မာပြည်၏ ခရီးသွားဦးရေ အဆမတန်များပြားနေမှုကြောင့် မတ်လ ၃၁ ရက်နေ့မှစတင်လျက် တည်းခိုခနှုန်းထားများကို ၃၅% မှ ၅ဝ% အထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်အတွက် ခရီးသွားဦးရေ ၃ဝဝ% မြင့်တက်လာခဲ့ပြီး ခရီးသည် တစ်သန်းခန့် ဝင်ရောက်လိမ့်မည်ဟု ခန့်မှန်းရသည်။ ''ကျွန်တော်တို့ကို ဟော်တယ်ခ၊ ခရီးသွားစားရိတ်၊ လေယာဉ်လက်မှတ်၊ အစားအသောက်နဲ့ လမ်းညွှန်စားရိတ်တွေ အားလုံး ဈေးတက်တော့မယ်လို့ မြန်မာဘက်က သတိပေးထားပါတယ်''ဟုTravel Indochina ၏ စီမံခန့်ခွဲမှုဒါရိုက်တာ Paul Hole ကဆိုသည်။ သို့သော် ထိုသို့ဈေးတက်ထားသည့်တိုင် ခရီးစားရိတ်နှင့် စားသောက်စားရိတ်များ ဈေးပေါသဖြင့်မြန်မာပြည်အတွက် စားရိတ်မှာ
''အလွန်သင့်တင့်'' နေသေးကြောင်းဆိုသည်။

မောင်သစ်စိမ်း-MMCP

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.