Tuesday, March 20, 2012

0 ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို သုံးသပ်ကြည့်ခြင်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို နားလည်သလို သုံးသပ်တင်ပြချင်စိတ် ရှိခဲ့သည်။ မအားမလပ်သေး၍ လှည့်မကြည့်နိုင်ခဲ့ပါ။ သို့သော် စိတ်က မိန့်ခွန်းဆီသို့သာ ရောက်နေသဖြင့် သည်မိန့်ခွန်းကို အစအဆုံး ပြန်ဖတ်ကြည့်ပြီး လူပြိန်းတစ်ဦး နားလည်သလို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်းသာ ဖြစ်သည်။ မတ်လ (၁၅)ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာ ၌ ဖော်ပြသည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို မူတည်သည်။

တရားဥပဒေစိုးမိုးရေး


ရှေးဦးစွာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်ခြင်း၏ အဓိက အကြောင်းအချက်များ ဖြစ်သည့် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို တင်ပြသည်။ တရားဥပဒေစိုးမိုးရေးကို ဖွင့်ဆိုရာမှာ ပြည်သူများကို ဖိနှိပ်သည့်ဥပဒေကို ဖျက်သိမ်းပြီး ပြည်သူများကို အကာအကွယ်ပေးမည့်ဥပဒေကို ပြဌာန်းရန်၊ တရားစီရင်ရေးစနစ် လွတ်လပ်စွာ ထားပြီး သမာသမတ်ကျစေရန်၊ စာနယ်ဇင်းလွတ်လပ်ခွင့်ပေးရန်နှင့် အထောက်အကူပြုမည့် ကွန်ယက်များ တိုးချဲ့ပေးရန်တို့ပင် ဖြစ်သည်။

တရားဥပဒေစိုးမိုးဖို့ အစိုးရတိုင်းက ကြိုးစားကြသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအဖွဲ့ (နဝတ)တုန်းကလည်း ကြိုးစားခဲ့သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွဲ့ဖြိုးရေးကောင်စီ (နအဖ) တုန်းကလည်း ကြိုးစားခဲ့သည်ပင် ဖြစ်သည်။ သို့သော် အဆိုပါစစ်အစိုးရတို့၏ ကြိုးစားချက်များနှင့် ကွဲပြားကြောင်း သိစေချင်၍ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်သည့်နေရာတွင် မတရားသည့်၊ ပြည်သူများကို ဖိနှိပ်သည့် ဥပဒေများ မဖြစ်စေဘဲ တရားမျှတသည့်ဥပဒေ၊ ပြည်သူများကို အကာအကွယ် ပေးသည့်ဥပဒေများသာ ဖြစ်စေချင်ကြောင်းကို အတိအလင်း ဖော်ပြသည်။

တရားမျှတသည့်ဥပဒေ၊ ပြည်သူများကို အကာအကွယ်ပေးသည့်ဥပဒေရှိရုံမျှဖြင့် မလုံလောက်ပုံ၊ တရားစီရင်ရေးစနစ်က လွတ်လပ်စွာ ရပ်တည်မှသာလျှင် သမာသမတ်ကျနိုင်ပုံကိုလည်း ထောက်ပြသည်။ လက်ရှိပြည်ထောင်စုတရားစီရင်ရေးစနစ်ကို ချိန်ထိုးချင်လျှင် ယမန်နေ့များ၌ ချမှတ်ခဲ့သော ဖဒိုးမန်းငြိမ်မောင်အမှုတစ်ခုတည်းဖြင့် လုံလောက်သည်။ ပြည်ထောင်စုတရားစီရင်ရေးစနစ်ဆိုသည်မှာ မြန်မာ့အစိုးရအတွက် ဆော့စရာအရုပ်မျှသာ ဖြစ်သည်။ ဤအချက်ကို သိရှိ၍လည်း တရားစီရင်ရေးစနစ်နှင့် အုပ်ချုပ်ရေးစနစ်တို့ကို ထောက်ပြဖို့ လွတ်လပ်သည့် သတင်းစာနယ်ဇင်းများနှင့် လူမှုဥပဒေအခြေပြုကွန်ယက်များ လိုအပ်ပုံကို တင်ပြသည်။


ပြည်တွင်းငြိမ်းချမ်းရေး


ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ရှေးဦးစွာ ပြည်တွင်းစစ်က လွတ်လပ်ရေးဖွားဖက်တော်ဖြစ်ပုံ၊ လက်နက်အားကိုးဖြေရှင်းခဲ့ပုံ၊ ပြည်တွင်းစစ်ကြောင့် စစ်အာဏာရှင်စနစ်ပေါ်ပေါက်လာရပုံ၊ ပြည်တွင်းစစ်မီးကို မငြိမ်းသတ်နိုင်လျှင် နိုင်ငံဖွံ့ဖြိုးဖို့ မဖြစ်ပုံကို ပြောသည်။ ပြည်တွင်းစစ်မီးကို ငြိမ်းသတ်ဖို့ ပထမအဆင့်အနေဖြင့် တနိုင်ငံလုံးအပစ်ရပ်ရန်၊ ဒုတိယအဆင့်အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန်၊ တတိယအဆင့်အနေဖြင့် ပင်လုံအခြေခံမူနှင့်အညီ ပြည်ထောင်စုစစ်စစ်ကို တည်ထောင်ရန်၊ တိုင်းရင်းသားများက ပြည်ထောင်စုမှ ခွဲမထွက်ရန် အဆိုပြုသည်။

ဒေါ်အောင်ဆန်းစုကြည် အဆိုပြုသည့် အဆင့်(၃)ဆင့်မှာ သမ္မတသိန်းစိန်၏ ပြည်ထောင်စုအခြေပြမိန့်ခွန်းပါ အဆင့်(၃)ဆင့်နှင့် ထပ်တူဖြစ်သည်။ အချိန်သတ်မှတ်ချက်ကြောင့် သမ္မတသိန်းစိန်၏ မိန့်ခွန်းက ပို၍ ပြည့်စုံသည်။ သမ္မတသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့သည် ပြည်တွင်းငြိမ်းချမ်းရေးတွင် အမြင်တူညီကြသည်။ သူတို့နှစ်ဦးစလုံးက တိုင်းရင်းသားအရေးကို ဦးစားပေးမည်ဟုဆိုသဖြင့် တိုင်းရင်းသားများအနေဖြင့် အားရကျေနပ်စရာ ဖြစ်သည်။ သို့သော် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော ပစ်ခတ်မှုများကို ခေါင်းဆောင်နှစ်ဦးတို့က ဖြေရှင်းပေးနိုင်ခြင်းမရှိ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး


လက်ရှိ ၂၀၀၈-ခုဥပဒေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သဘောမတူနိုင်ပုံ၊ ပြင်ရမည့်အချက်များကို ပြည်သူတို့အား အသိပေးခဲ့ပြီဖြစ်ပုံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို စုစည်းညွတ်စွာ အတူတကွ ပြင်ရပုံ၊ မြန်မာ့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ တပ်မတော်က မပါမဖြစ် ပါရပုံတို့ကို ပြသည်။ ပြင်ရမည့်အချက်များတွင် လွှတ်တော်ရှိတပ်မတော်သားကိုယ်စားလှယ် (၂၅)ရာခိုင်နှုန်းကို ထုံးစံအတိုင်း ထည့်သွင်းထားသည်။ ဖခင်တည်ထောင်ထားသည့်တပ်မတော်ဖြစ်သဖြင့် သူ့ကို ကူညီဖို့ ခွင့်ပန်သည်။


အထွေထွေတင်ပြချက်များ


အထက်ဖော်ပြပါ အရေးကြီးအချက်(၃)ချက်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံခြားရေးပေါ်လစီကိုလည်း တင်ပြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နောက်မှာ နိုင်ငံတကာအစိုးရများရှိနေပုံ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ခဲ့လျှင် နိုင်ငံတကာအကူအညီများ ဝင်လာနိုင်ပုံကို မသိမသာ မက်လုံးပေးသည်။ သည့်နောက်မှာ စီးပွားရေးမူဝါဒကို ပြောသည်။ မြန်မာ့စီးပွားရေးသည် ဥပဒေစိုးမိုးမှုကို အခြေခံပြီး တည်ငြိမ်မှု၊ လွတ်လပ်မှု၊ လူမှုရေးမျှတမှုတို့နှင့် ဟန်ချက်ညီညီ ဖွံ့ဖြိုးနေရမည်ဟု ဆိုသည်။ လူမျိုးစုံ တန်းတူအလုပ်လုပ်ခွင့် ရရေး၊ အလုပ်လက်မဲ့နှင့် ဘတ်ဂျက်လိုငွေပြ ပြဿနာဖြေရှင်းရေး၊ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပြောသည်။

စီးပွားရေးရေးရာကို တင်ပြပြီး ပညာရေးကိစ္စကို ဆက်ပြောသည်။ မူလတန်းပညာကို အခမဲ့သင်ယူနိုင်ရေး၊ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားဘာသာစကားများဖြင့် သင်ယူနိုင်ရေး၊ အလယ်တန်း၊ အထက်တန်း၊ သက်မွေးဝမ်းကျောင်းသင်တန်း၊ မသန်မစွမ်းများအတွက် အထူးပညာသင်တန်းကျောင်းများကို တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှာ ဖွင့်ပေးရေးတို့ကို တင်ပြသည်။ ကမ္ဘာအဆင့်မီပညာရေးစနစ်ဖြစ်ဖို့နှင့် ပညာရေးဝန်ထမ်းများ ထိုက်သင့်သည့်လစာ ရရှိဖို့ကိုလည်း အဆိုပြုသည်။

စီးပွားရေးနောက် ကျန်းမာရေးကိစ္စကို ပြောသည်။ ပြည်သူတိုင်း တတ်နိုင်သည့် ကျန်းမာရေးဝန်ဆောင်မှုကို ချပြသည်။ ဆေးပညာသုတေသနများကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုပုံကို တင်ပြသည်။ ထို့နောက် လယ်သမားရေးရာနှင့်အလုပ်သမားရေးရာတို့ကို ပြောသည်။ နောက်ဆုံး လူငယ်ပိုင်းနှင့် အမျိုးသမီးပိုင်း ကို လေးလေးနက်နက် တင်ပြသည်။

သုံးသပ်ချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ဖို့ စိတ်အားထက်သန်နေသလို နိုင်ငံတကာနှင့်လည်း ရင်းနှီးကျွမ်းဝင်စွာ ဆက်ဆံလို၊ အားကိုးလိုပုံ ရသည်။ အမျိုးသားဒီမိုကရေစီချုပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်နေရာမှာ လွှတ်တော်ကိုယ်စားလှယ်များအားလုံးက စုစည်းညီညွတ်စွာ ပူးပေါင်းပါဝင်ကြမည်ဟု မျှော်လင့်ထားပုံရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းနှင့် သမ္မတသိန်းစိန်တို့၏ မိန့်ခွန်းတို့ကို နှိုင်းယှဉ်ပြီး အနည်းငယ် သုံးသပ်ရလျှင် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့မှာ လုံးဝနီးပါး အမြင်တူကြသည်။ လူငယ်များနှင့်အမျိုးသမီးအရေးမှာလည်း ပဋိပက္ခဖြစ်ဖွယ် မမြင်။ လယ်သမားအရေးနှင့်အလုပ်သမားအရေးမှာ အနည်းငယ် ကွဲလွဲချက်များ ရှိသည်။

တရားဥပဒေစိုးမိုးရေးတွင် အတန်အသင့်၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရာတွင် အတိုင်းအတာတစ်ခုအထိ ပူးပေါင်းဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။ ပြဿနာရှိမည့်အချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသာ ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ပြဿနာရှိခဲ့လျှင် ကျန်သည့် တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းတို့သည်လည်း စင်းလုံးချောတော့မည်မဟုတ်။

ထို့ကြောင့် သမ္မတသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် တပ်မတော်သားကိုယ်စားလှယ် (၂၅)ရာခိုင်နှုန်းကို လွှတ်တော်မှ ဖယ်ရှားရေးကို ဆောင်ရွက်နိုင်ကြမည်မဟုတ်၊ တိုင်းရင်းသားတို့ တောင့်တနေသည့် ပြည်နယ်ပေါင်းစုံ ပြည်ထောင်စုစစ်စစ်မူကိုလည်း ထူထောင်နိုင်ကြမည်မဟုတ်၊ တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်းအခြားလုပ်ငန်းစဉ်များကိုမူ နိုင်ငံတကာအကြိုက် လိုက်လျောပေးနိုင်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်မိသည်။

Ven Ravika

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.