Monday, March 19, 2012

4 အလဲဗင်းဂျာနယ် လူလည်ကျပြီ.(အောင်မျိုးထွန်း)


ဖော်ပြပါ ဓာတ်ပုံလေးက ဒီကနေ့ ထုတ် အလဲဗင်းဂျာနယ် စာမျက်နှာ (၂)မှာ ဖော်ပြခွင့်ရတဲ့ရွှေဂုံတိုင်၊ မင်္ဂလာဒို့ ရိုးရာခန်းမမှာ ပြီးခဲ့တဲ့ မတ်လ (၁၆)ရက်နေ့ ကပြုလုပ်သွားတဲ့တံတားနီနေ့  (၂၄)နှစ်မြောက် ဓာတ်ပုံဖြစ်ပါတယ်။ အဲဒီအခမ်းအနားဓာတ်ပုံကိုပြည်တွင်းဂျာနယ်တစ်စောင်မှာ ဖော်ပြခွင့်ရတဲ့အတွက် ၀မ်းမြောက်ကျေနပ်ရမယ့်အစားကျွန်တော် အလွန်စိတ်ပျက်လက်ပျက်ဖြစ်သွားရပါတယ်။

“တံတားနီနေ့ ” ဆိုတဲ့ အသုံးအနှုန်းကို ထည့်သွင်းသွားခြင်းမရှိဘဲ “ရန်ကုန်(၀ိဇ္ဇာ/သိပ္ပံ)တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု ၂၄ နှစ်ပြည့်အခမ်းအနား”ဟုသာ ဖော်ပြထားပါတယ်။လွန်ခဲ့တဲ့ (၂၄)နှစ်၊ ၁၉၈၈ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုတွေဟာ တသီးတခြားနာမည်ကိုယ်စီနဲ့ အသိအမှတ်ပြုခံထားကြရပါတယ်။
မတ်လ (၁၆)တံတားနီနေ့ ၊ မတ်လ (၁၇) ပင်မကျောင်းဝင်းထဲ စစ်သားတွေ အလုံးအရင်းနဲ့ဝင်ရောက် ဖြိုခွင်းရိုက်နှက်ခဲ့တဲ့နေ့ ၊ ဇွန်လ (၂၁)ရက် မြေနီကုန်းလမ်းဆုံမှာ သေနတ်သံညံစီခဲ့တဲ့နေ့  စသဖြင့် ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပွားခဲ့တာပါ။ တံတားနီနေ့ဆိုတဲ့ အထင်ကရနေ့ တစ်ရက်ကို အလဲဗင်းဂျာနယ်ထဲ ရေးသားဖော်ပြထားခြင်းမရှိတာ စိစစ်ရေးက ဖြုတ်ချခိုင်းတာလား၊ အတွေ့ အကြုံတွေအရမလွတ်လောက်ဘူး ထင်တာနဲ့  သတင်းရေးတဲ့သူကရှောင်ကွင်းရေးသားလိုက်တာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အလဲဗင်းဂျာနယ် ဖော်ပြထားမှုထဲမှာ တံတားနီနေ့ ရယ်လို့  ဘာ့ကြောင့်ဖြစ်ပေါ်လာရသလဲ၊ ကျောင်းသား တွေ ရဲ့ တောင်းဆိုမှု၊ အာဏာရအစိုးရလက်ပါးစေ လက်နက်ကိုင်အဖွဲ့ တွေရဲ့ သူရဲမရဲစီး ဖြိုခွင်းရိုက်နှက်မှု စတာတွေ ဘာဆိုဘာမှ ရေးသားထားခြင်းမတွေ့ ရပါဘူး။တံတားနီနေ့ မှတ်တမ်းနဲ့ ပက်သက်ပြီး ရုပ်လုံးကြွလာအောင်ဖော်ပြထားတာမျိုးမရှိတဲ့အပြင်အဲဒီ့အခမ်းအနားရဲ့ ကျင်းပပုံ အကျဉ်းချုပ်လေးကိုတောင် ရေးသားခဲ့ခြင်းမရှိပါဘူး။မင်းဇေယျ။ ဂျင်မီ၊ အောင်သူ၊ လှမျိုးနောင်၊ ဌေးကြွယ်၊ မင်းကိုနိုင်တို့ အမှတ်တရစကားများပြောကြားသွားတယ်ဆိုတာတောင် ရေးသားထားတာ မတွေ့ ရပါဘူး။ စိတ်ပျက်စရာပါ။

ဒါပေမယ့် အလဲဗင်းဂျာနယ်အနေနဲ့  NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အခမ်းအနားကို ခဏလေး လာပြီး စကားပြောသွားတာကိုတော့ အတော်ကလေးပြည့်ပြည့်စုံစုံ ဖော်ပြထားတာတွေ့ ရပြီး “နိုင်ငံရေးဟာ စစ်သားတွေနဲ့ လည်း ဆိုင်တယ်”ဆိုတဲ့ ကိစ္စကို အမွှန်တင်ဖော်ပြထားတာ တွေ့ ရပါတယ်။ ဒါဟာ လှမျိုးနောင် ရှေ့ ကပြောကြားချက်ကို ပြန်ပြီး ကက်ကက်လန် ရန်တွေ့ တဲ့ အပြုအမူလို့ ကျွန်တော်မြင်ပါတယ်။ဒေါ်စုအနေနဲ့  လှမျိုးနောင်စကားရဲ့ ရည်ရွယ်ချက်ကို ခြုံငုံဆ၀ါးနိုင်မှု
အားနည်းခဲ့တယ်လို့ မြင်ပါတယ်။ တပ်မတော်သားတွေတင် နိုင်ငံရေးနဲ့ ဆိုင်တာမဟုတ်ပါဘူး။ပြောကြကြေးဆို
ပြည်သူ့ ရဲတပ်ဖွဲ့ ဝင်တွေနဲ့ လည်း နိုင်ငံရေးဟာ ပက်သက်ပါတယ်၊ ထို့ အတူ လမ်းတံတားတည်ဆောက် နေ တဲ့ အင်ဂျင်နီယာများနဲ့ လည်း ဆိုင်ပါတယ်။ ကျန်းမားရေးစောင့်ရှောက်ပေးနေတဲ့ ဆရာဝန် သူနာပြုတွေနဲ့ လည်း နိုင်ငံရေးဟာ ဆိုင်ပါတယ်။ ကုန်ကုန်ပြောရရင်လမ်းဘေးက အမှိုက်သရိုက်တွေ လှည်းကျင်းပေးတဲ့ စည်ပင်ဝန်ထမ်းတွေ ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေနဲ့ လည်း လွတ်ကင်းလို့ မရပါဘူး။ နိုင်ငံရေးဟာနိုင်ငံသားအားလုံးနဲ့ ဆိုင်တယ်ဆိုတာ ဒေါ်စု ပြောမှ သိရမှာ မဟုတ်ပါဘူး။

လှမျိုးနောင် ဆိုလိုတဲ့သဘောက နိုင်ငံရေးပါတီဝင်ပြီး အာဏာနိုင်ငံရေးကို ရယူလို့ တိုင်းပြည်အုပ်ချုပ် လိုတဲ့ စိတ်ဆန္ဒဇောကို ရည်ညွှန်းဟန်တူပါတယ်။ နိုင်ငံရေးဆိုတာနိုင်ငံသားအားလုံးနဲ့ ဆိုင်တယ် ဆိုတဲ့အဆင့်ကို တံတားနီနေ့ အခမ်းအနားမျိုးမှာထည့်သွင်းပြောကြားစရာ မလိုလောက်ဘူးလို့  ကျွန်တော် နားလည်ပါတယ်။
ဒီအခမ်းအနားမျိုးကို တက်ရောက်လာသူအများစုက ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာအတွေ့ အကြုံ အနည်း နှင့် အများ ရှိခဲ့ကြဖြတ်သန်းခဲ့ကြသူတွေချည်းပါဘဲ။ ဘယ်လိုပရိသတ်တွေလဲ၊ ဘာအခမ်းအနားလဲဆိုတာ ရပ်ဖမ်းသံဖမ်းလောက်တော့အကဲခတ်တတ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေး အံတိုအံခွ အရိုးရင့်သူတွေချည်းပါ။

ကျွန်တော် နားလည်မိတာက ၂၀၀၈ ဖွဲ့ စည်းပုံနဲ့ သွားတဲ့ နေပြည်တော်လွှတ်တော်နိုင်ငံရေးမှာ ပါဝင် ဆောင်ကျဉ်း ပေးတဲ့ ပါတီတွေ၊ နိုင်ငံရေးသမားတွေရဲ့ ပြောကြားချက်တွေ၊လွှတ်တော်ပြင်ပနိုင်ငံရေးနဲ့ ဆိုရင် လည်း လူမှုရေးလုပ်တဲ့အခမ်းအနားတွေ၊ သာရေးနာရေးကိစ္စတွေ။ စယ်လီဘယ်တီ ပွဲလမ်းသဘင် အခမ်းအနား တွေနဲ့ သက်ဆိုင်တဲ့ ရေးသားဖော်ပြချက်မျိုးကိုသာ ပြည်တွင်းဂျာနယ်တွေမှာ ဖတ်ရှုခွင့်ရနေပြီး တကယ့်သမိုင်းနဲ့ ဆိုင်တဲ့နင်လားငါလား ရေးသားဖော်ပြမှုတွေ၊ အစိုးရက ဦးဆောင်ပြီးသွားနေတဲ့
နိုင်ငံရေးဖြစ်စဉ်ကိုအခြားဘက်တစ်ဘက်က အမျိုးကွဲ သုံးသပ်တင်ပြချက်မျိုးတွေကို တစိုးတစေ့မှ ဖတ်ရှုခွင့်
မရသေးပါဘူး။ အထူးသဖြင့် ဒီကနေ့ ဦးသိန်းစိန်ရဲ့ ကြံ့ဖွံ့ အစိုးရကိုမွေးထုတ်ပေးခဲ့တဲ့အရင် စစ်အာဏာရှင် အစိုးရ လက်အောက်မှာ ပြည်သူလူထုနဲ့ ရဟန်းရှင်လူကျောင်းသားကျောင်းသူတွေ အပေါ် ရက်ရက်စက်စက် ဖြိုခွဲပစ်ခတ်ခဲ့တဲ့ သမိုင်းဖြစ်ရပ်တွေကို ပေထက်အက္ခရာတင်နိုင်ခွင့် မရှိသေးပါဘူး။

နောင်လာနောင်သားလူငယ်တွေအနေနဲ့  မိမိနိုင်ငံရဲ့ သမိုင်းဖြစ်ရပ်တွေကို ဘက်စုံထောင့်စုံက ရေးသားဖော်ပြထားတဲ့ မှတ်တမ်းမှတ်ရာတွေကိုဖတ်ရှုလေ့လာခွင့်မရနိုင်သေးသမျှ၊ အတွေးအမြင်အယူအဆ စုံစုံလင်လင်ကို ထည့်သွင်းစဉ်းစားပြီး နိုင်ငံရေးလုပ်ငန်းတွေကို ဆုံးဖြတ်လုပ်ကိုင်နိုင်မှုအခွင့်အလမ်း ပိတ်ဆို့ ခံထားရနေသမျှ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီ အရောက်သွားနိုင်မယ် ၀ါးလုံးခေါင်းထဲ လသာ
နေတာဘဲ ဖြစ်ပါလိမ့်မယ်။

ဒီစာစုလေးကို ဒေါ်အောင်ဆန်းစုကြည် တံတားနီ နှစ်ပတ်လည်နေ့ က ပြောကြားချက်နဲ့ အဆုံးသတ်ပါရစေ။ ဒေါ်စုလည်း သူ့ ရဲ့  အယူအဆကို အများစုဆန္ဒ ဟုတ်ချင်မှဟုတ်မယ်လို့ ပြောသွားတာ ကြားရတော့ အနည်းစုသဘောထား (သို့ မဟုတ်) အများစု လက်မခံတဲ့အတွေးအမြင်ဆိုတာ ဒီမိုကရေစီရေးအတွက် သေကောင်ပေါင်းလဲ လိုအပ်ချက်တစ်ခုဖြစ်တယ်ဆိုတာ ဒေါ်စုပရိသတ်များ သိစေလိုပါတယ်။ ပန်းပေါင်းစုံ ဖူးပွင့်ခွင့်ပေးရမယ်၊ရနံ့ အမျိုးမျိုး သင်းပျံ့ ကြိုင်ဖို့  ညီတူညာတူ လက်တွဲကြပါစို့ ။

“ကျွန်မကတော့ စစ်အာဏာရှင်စနစ်ဆိုတာဟာ စစ်တပ်အုပ်ချုပ်တဲ့စနစ်လို့ ကျွန်မ ဒီလိုမြင်ပါတယ်။ စစ်တပ်နိုင်ငံရေးလုပ်တဲ့စနစ်လို့ ကျွန်မ မမြင်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့နိုင်ငံရေးဟာ နိုင်ငံသားအားလုံးနဲ့ ဆိုင်တယ်ဆိုတဲ့ကိစ္စဟာ ကျွန်မ ထပ်တလဲလဲပြောတဲ့ကိစ္စပါ။ တပ်မတော်သားတွေဟာလည်း ဒိနိုင်ငံသားတွေထဲမှာ ပါပါတယ်။ ဒါ့ကြောင့်တပ်မတော်သားတွေအနေနဲ့ နိုင်ငံရေးနဲ့ ဆိုင်တယ်ဆိုတာဟာ ဒါ ကျွန်မရဲ့ အယူအဆပါ။ဒါ အများစုက သဘောတူချင်မှတူမယ်။ ဒါပေမယ့် နိုင်ငံသူနိုင်ငံသားတိုင်းနဲ
့နိုင်ငံရေးဟာဆိုင်တယ်။ တပ်မတော်သားတွေနဲ့ လည်းဆိုင်တယ်၊ အရပ်သားတွေနဲ့ လည်းဆိုင်တယ်”
(ဒေါ်အောင်ဆန်းစုကြည်)

(တံတားနီနေ့ အခမ်းအနားက အမှတ်တရစကားသံများ)


"စစ်အာဏာရှင်စနစ်ဆိုတာ စစ်တပ်က တိုင်းပြည်ကို အုပ်ချုပ်တဲ့စနစ်ကို ခေါ်တယ်။
စစ်တပ်ဘဲ တိုင်းပြည်ကို အုပ်ချုပ်မယ်၊ ရှင်းရှင်းပြောရရင် တိုင်းပြည်ရဲ့နိုင်ငံရေးကို စစ်သားတွေ ဘဲလုပ်မယ်။ အရပ်သားဆိုတဲ့သူတွေ နိုင်ငံရေး မလုပ်နဲ့ ၊တိုင်းပြည်အုပ်ချုပ်ရေးကိစ္စ မင်းတို့ ပါစရာ မလိုဘူး။ ဒါဟာ စစ်အာဏာရှင်စနစ်ဘဲ။

၁၉၆၂ ခုနှစ်မှာ မြန်မာပြည်ဟာ စစ်အုပ်ချုပ်ရေးစနစ်အောက် တိုက်ရိုက်...ကျရောက်ခဲ့တယ်။
၁၉၇၄ ခုနှစ် မှာတော့ ဦးနေ၀င်းရဲ့  မဆလ အုပ်ချုပ်ရေးနဲ့ ရင်ဆိုင်ခဲ့ရပြန်တယ်။ဒါလည်း စစ်တပ်က နည်းတစ်မျိုးနဲ့ သွယ်ဝိုက်အုပ်ချုပ်တာဘဲ။ ကျောင်းသားတွေဟာ၁၉၈၈ ခုနှစ်၊ မတ်လ၊ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ရက်တွေမှာ ဒီ စနစ်တွေကို မကြိုက်လို့ အရေးဆိုတော်လှန်ကြတယ်။ ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ကြီး ဖြစ်ပွားပေါ်ပေါက်ပြီး မဆလ တစ်ပါတီအာဏာရှင်စနစ် ပြုတ်ကျသွားတယ်။ ဒါပေမယ့်ကျွန်တော်တို့ နိုင်ငံ ဟာ လွတ်မြောက်မသွားဘဲ စစ်တပ်က အုပ်ချုပ်တဲ့ စစ်အာဏာရှင်စနစ် အောက်ပြန်ရောက်ခဲ့ပြန်တယ်။

ဒီလိုနဲ့  စစ်အုပ်ချုပ်ရေးစနစ်ကို ရတဲ့နည်းလမ်းပေါင်းစုံသုံးပြီးဆက်လက်တိုက်ပွဲဝင်ခဲ့တယ်။
နှစ်ပေါင်း (၂၀)ကျော်ကြာလာတဲ့အခါ စစ်တပ်အနေနဲ့  ငါတို့ ချည်းဘဲ တိုင်းပြည်ကိုမအုပ်ချုပ်တော့ဘူး၊ စစ်သားတွေချည်း နိုင်ငံရေးမလုပ်တော့ဘူး။ အရပ်သားတွေလည်းနိုင်ငံရေးထဲ ၀င်ပါကြပါ၊ အရပ်သားတွေကိုလည်း တိုင်းပြည်အုပ်ချုပ်ရေးထဲ ၀င်ရောက်ခွင့်တစ်စိတ်တစ်ပိုင်းပြုလာတယ်။ ဒါဟာ.. ဒီနေ့ အခြေအနေဘဲ။ ကျွန်တော်တို့ အနေနဲ့ ဒီမှာတင် ကျေနပ်နေလို့ မရဘူး။ ရည်မှန်းချက်ထားရမယ်၊ နိုင်ငံရေးပန်းတိုင်ရှိရမယ်။နောင်အနာဂတ် မြန်မာပြည်ကို အုပ်ချုပ်တဲ့အရေးမှာ စစ်တပ်ပါစရာမလိုဘူး။ စစ်သားတွေနိုင်ငံရေးလုပ်စရာမလိုဘူး။ အရပ်သားတွေဘဲ နိုင်ငံရေးလုပ်မယ်၊
တိုင်းပြည်အုပ်ချုပ်မယ်"

(လှမျိုးနောင်)

"လွန်ခဲ့တဲ့ (၂၄)နှစ် ဒီလိုနေ့ မျိုးမှာ တက္ကသိုလ်ကျောင်းသားတွေရဲ့  သွေးတွေ ဟောဒီအင်းလျားကန်စောင်း မှာ မြေကျခဲ့ရပါတယ်။ မိန်းထဲက ချီတက်လာတဲ့ကျောင်းသားတွေနဲ့ အာစီတူးဘက်ကထွက်လာတဲ့ကျောင်းသားတွေ ပေါင်းစုံစုစည်းလို့ မရအောင်သံဆူးကြိုးတွေနဲ့  ပိတ်ဆို့ တားဆီးထားလိုက်ကြတယ်။ ကျွန်တော်တို့ နိုင်ငံတော်သီချင်းကိုဆိုကြတယ်၊ စစ်သီချင်းတွေ အော်ဆိုတယ်။ ဒု တိုင်းမှူးကို ကျောင်းသားတွေရဲ့ လိုလားတောင်ဆိုချက်တွေဖြစ်တဲ့ ကိုဖုန်းမော်ဈာပနကို လွတ်လွတ်လပ်လပ် ပြုလုပ်ခွင့်ရရေး၊အဖြစ်အပျက်မှန်ကို ပြည်သူလူထုသိရှိရန်ဖော်ထုတ်ပေးရေး စတာတွေကို တင်ပြတယ်။
ဒု တိုင်းမှူးကလည်း မင်းတို့ ကျောင်းသားတွေ အေးအေးဆေးဆေးနေကြပါ၊ မင်းတို့ ရဲ့ လိုလားချက်တွေ ကို ငါတို့  အထက်ကိုတင်ပြထားတယ်၊ ပြေလည်အောင် ညှိနှိုင်းပေးမယ်၊
ဒီလိုမျိုး တုန့် ပြန်တယ်ဗျာ။

သိပ်မကြာပါဘူး။ လုံထိန်းတွေက နောက်ဘက်ကနေပြီး တုတ်တွေနဲ့  ၀င်ရိုက်တော့တာဘဲ။ ကျောင်းသူကျောင်းသား တွေ အတုံးအရုံး သွေးမြေကျတော့တာဘဲ။ ကျောင်းသားတစ်ယောက်ဆို လမ်းမပေါ်မှာ မတ်တပ်ရပ်ပြီး သူငယ်ချင်းတို့  မင်းတို့  ထွက်ပြေးစရာမလိုဘူး၊ ခွေးတွေရိုက်တာ လူတွေပြေစရာမလိုဘူးနဲ့  ရဲရဲရင့်ရင့် အော်ပြောနေတာဗျာ။အဲဒီကျောင်းသားလည်း အရိုက်ခံရပြီး လဲကျသွားတာပါဘဲ။ ကတိမတည်ဘူးဗျာ။ရှေ့ မှာ ညှိနှိုင်းနေတယ်ပြောပြီး နောက်ကနေ ၀င်ရိုက်တာဟာ အောက်တန်းကျတဲ့တုန့် ပြန်မှုဘဲ၊ နောက်ကျော ဓားနဲ့ ထိုးတာဘဲ မဟုတ်လား။

အခုလည်းဘဲ ကျွန်တော်တို့  မျှော်လင့်နေပါတယ်၊ ဆုတောင်းလိုပါတယ်။ရှေ့ မှာ ညှိနှိုင်းနေတယ်ပြောပြီး နောက်ကနေချောင်းရိုက်တဲ့နိုင်ငံရေးမျိုး၊ နောက်ကျောကိုဓားနဲ့ ထိုးတဲ့နိုင်ငံရေးမျိုး တဖန်ဖြစ်ပေါ်မလာပါစေနဲ့ လို့ "

(အောင်သူ)
အောင်မျိုးထွန်း

၁၉- ၃- ၂၀၁၂

4 comments:

  1. မင်းတို့ကလဲတစ်မှောက်...

    ReplyDelete
  2. စာဖတ်ပြီ..လက်တွေ့ကိုဖြစ်နေတဲ့..အခြေအနေကိုမဆင်ချင်ရင်..ဘာမှလုပ်
    လို့မရဘူး..ဟကောင်တွေရ..ဒီအချိန်ဒေါ်စုကဒီစကားမပြောရင်..တပ်ထဲက
    ကောင်တွေအကုန်ထွက်လို့နှင်ထုတ်ရလောက်အောင်..မင်းတို့အထဲကဘယ်
    ကောင်တွေပါဝါရှိလဲ..အနစ်နာခံတယ်..ဟုတ်တယ်..ထောင်ကျခံတာပဲရှိ
    တယ်လေ..ဘာဖြစ်လာလို့လဲ..အချိန်စောင့်..အချိန်စောင့်နဲ့..စောင့်ရင်..
    စောင့်ရင်းနဲ့..တရုတ်ကမျိုလို့ကုန်တော့မယ်..အနောက်ကလဲစွတ်ဝင်ချင်နေ
    ပြီ..ဒီအချိန်သူတို့ကိုစွတ်ကန်နေလို့ရှိရင်..အနောက်ကမင်အဘတွေ..က
    စစ်တပ်အလွန်မဟုတ်ပဲ.ငါတို့အလွန်ဖြစ်တော့မှာကိုကောသတိထာမိရဲ့..
    လား..သူတို့ဆီမှာသူတို့ရဖို့ပဲ..ကျန်တာတွေက..အပေါ်ယံတွေ.ကလေး
    ဆိုးကြီူးတွေလိုမလုပ်ကြပါနဲ့ကွာ..မင်းတို့..အနစ်နာခံခဲ့တာကိုအသိအ
    မှတ်ပြုပါတယ်..ဒါ့ပေမယ့်မင်းတို့ကြိုက်ကြိုက်..မကြိုက်ကြိုက်..ဒီစကား
    ပဲပြောနေရဦးမှာပဲ..

    ReplyDelete
  3. ဗမာပြေမှာ မီဒီယာ လုပ်ငန်းလုပ်ရတာ ဆူးကြားက ဘူးခါး ဘ၀လို ဘဲ ဆိုတာ ကိုအောင်မျိုးထွန်း သိပါလေစ။
    ကိုမင်းအောင်ထွန်း ကို ထင်ကြည့်ရရင်တော့
    -ပြည်ပမှာ ဘဲ အကြာကြီးနေ နေလို့ ဗမာပြေ အကြောင်းကို နားမလည်တာလား
    -အဲဒီ တံတားဖြူ တံတားနီ အရေးအခင်း နဲ့ နောက်ဆက်တွဲ ဂယက်တွေ၊ ပျက်ခဲ့တဲ့ ဘ၀တွေ၊ အတိမ်းအစောင်းမခံတဲ့ သဘောတွေ ကို မသိတာလား
    -ကျောင်းသားအရေးအခင်းကို ခုတုံးလုပ်ပီး မီဒီယာတစ်ခုကို အချွန်နဲ့ မ တာလား ဆိုတာတော့
    ကာယကံရှင် မှသိမှာပါဘဲ။

    တပ်မတော်သားတွေတင် နိုင်ငံရေးနဲ့ ဆိုင်တာမဟုတ်ပါဘူး ဆိုတာတော့ လက်ခံပါတယ်။
    မြန်မာ့နိုင်ငံရေးဟာ
    - နိုင်ငံတော် သံဃာ့ မဟာနာယက ဥက္ကဌ ဆရာတော် ဘုရားကအစ
    - အသိပညာရှင် အတတ်ပညာရှင် အလုပ်သမား လယ်သမားများ အလယ်
    - လမ်းဘေးက မိန်းမရွှင်တွေ အဆုံး အားလုံးနဲ့ ပါတ်သက်ပါတယ်။

    ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ကံကြမ္မာကို မှောက်လိုမှောက် လှန်လိုလှန် ဖွတ်ဖွတိညက်ညက်ကြေအောင်လုပ်ခဲ့တာ
    - ဆရာတော် သံဃာတော်တွေ မဟုတ်ပါဘူး။
    - အသိပညာရှင် အတတ်ပညာရှင် အလုပ်သမား လယ်သမား တွေ မဟုတ်ပါဘူး။
    - လမ်းဘေးက မိန်းမရွှင်တွေ မဟုတ်ပါဘူး။
    --- လက်နက် ကိုင်ထားတဲ့ စစ်တပ်ခေါ် တပ်မတော် သာဖြစ်ပါတယ်။

    အဲဒီတော့ - မြန်မာ့နိုင်ငံရေး ကံကြမ္မာကို မှောက်လိုမှောက် လှန်လိုလှန် ဖွတ်ဖွတ်ညက်ညက်ကြေအောင်လုပ်နိုင်စွမ်းရှိတဲ့ --- လက်နက် ကိုင်ထားတဲ့ စစ်တပ် လို ဗရုတ်သုတ်ခ အင်အားစုကြီးကို လမ်းမှန်ကမ်းမှန်ပေါ်ရောက်အောင် လက်တွဲခေါ်တာ တည့်မတ်ပေးတာကို ကက်ကက်လန်အောင်ရန်တွေ့တယ်လို့ နားမလည်ပါဘူး။

    မြန်မာ့နိုင်ငံရေး ကံကြမ္မာကို မှောက်လိုမှောက် လှန်လိုလှန် ဖွတ်ဖွတ်ညက်ကြေအောင်လုပ်နိုင်စွမ်းရှိတဲ့ ---
    လက်နက် ကိုင်ထားတဲ့ စစ်တပ်လို အင်အားစုကြီးကို ပမာမခန့်လုပ် ဟီးရိုး ပုံစံဖမ်းပီး အတင်းဖျာဝင်ခင်းလိုသူတွေသာ မိမိကိုယ်ကို ရော တိုင်းပြည်ကိုပါ စေတနာဆိုးနဲ့ ချောက်ထဲ တွန်းချ နေသူတွေဖြစ်ပါတယ်။

    တိုင်းပြည် ကံကြမ္မာကို မှောက်လိုမှောက် လှန်လိုလှန် ဖွတ်ဖွတ်ကြေခဲ့ရတဲ့ သမိုင်းတွေ ပေထက်အက္ခရာတင်နိုင်ခွင့် မရှိသေးဘူး
    ဆိုပေမဲ့ ဖွတ်ဖွတ်ညက်ညက် ကြေခဲ့ရတဲ့ ဘ၀တွေရဲ့ နှလုံးသားတွေထဲမှာ သားစဉ်မြေးဆက် ကျန်နေမှာပါ။
    အိုးကမပူ စလောင်းက ပူမနေပါနဲ့။

    ဗမာပြေမှာနေပီးတော့ ကိုယ်စီးတဲ့မြင်း အထီးမှန်း အမ မှန်းတော့ သိဘို့ကောင်းပါတယ်............

    ReplyDelete
  4. Ar nol @ Aung Myo Tun: You are really maggot. Dont divide between DASSK and 88.

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.