Saturday, March 24, 2012

0 ကောင်းမှုပေါင်းမြောက်များစွာဖြင့် ပေါင်းစည်းထားသော



ကောင်းမှုပေါင်းမြောက်များစွာဖြင့် ပေါင်းစည်းထားသော
၃.၃.၂၀၁၂ (သောကြာ)နေ့သည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်တင်မြှောက်မည့် မဲထည့်ရသော နေ့တစ်နေ့ဖြစ်သည်။ နံနက် (၉း၃၀) နာရီအချိန်တွင် အစိုးရမဟုတ်သော အနုပညာသမားများသာပါဝင်သော NGO စစ်စစ်ဖြစ်ပေါ်လာမည့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးရွေးကောက်ပွဲသို့ ကျွန်တော်သွားရောက်ကာ ပထမဦးဆုံး အဓိကသရုပ်ဆောင်အလွှာအတွက် ဆန္ဒမဲဝင်ရောက်ပေးခဲ့သည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ဆန္ဒမဲပေးပြီးသည်နှင့် တပြိုင်နက် တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၅၄)ရှိ အမေဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ နံနက် (၁၀း၃၀) နာရီမတိုင်မီ အရောက်သွားခဲ့ ရသည်။ ကျွန်တော်တို့ခြံရှေ့သို့ ရောက်ရှိပြီး မကြာမီ Townace မော်တော်ယာဉ် (၅) စီး ရှေ့ဆင့် နောက်ဆင့်ရောက်လာခဲ့သည်။ ထို့နောက် အမေဒေါ်အောင်ဆန်းစုကြည် ခြံဝန်းအတွင်းသို့ ဝင်ရောက်ခဲ့ ကြသည်။ အမေ့အိမ်အတွင်း ဧည့်ခန်းဆောင်တွင် ခေတ္တနေရာယူနေစဉ်အတွင်း အမေ ဒေါ်အောင်ဆန်း စုကြည် ဧည့်ခန်းဆောင်အတွင်းသို့ ရောက်လာတော့သည်။ ကျွန်တော်သည် ကျွန်တော်နှင့်အတူ ပါလာသော ရွှေစင်စင်္ကြာ ခရီးသွားပို့ဆောင်ရေးမိသားစုနှင့် အမေ့အား မိတ်ဆက်ပေးပြီးသည့်နောက် ဦးသန်းမောင် (မော်ကွန်းဝင်ပထမအဆင့်) သမီးဒေါ်လှရီ (ရွှေစင်စင်္ကြာ မိသားစု)မှ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးအတွက် အလှူငွေ သိန်းတစ်ထောင်ကျပ်တိတိအား အမေ ဒေါ်အောင်ဆန်း စုကြည် လက်ဝယ်သို့ လှူဒါန်းပေးအပ်ခဲ့ကြသည်။ ထို့နောက် အမေနှင့် အလှူရှင်မိသားစုဖြစ်သောဦးသန်းမောင် (မော်ကွန်းဝင်ပထမအဆင့်)နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ မော်လမြိုင်မြို့တွင် ဆုံတွေ့ခဲ့ ရပုံစသည့် ရှေးဟောင်းနှောင်းမြစ်များအား လွမ်းဆွတ်ဖွယ်ပြောကြားခဲ့ပြီး ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍ ကျွန်တော်မှ ဖိဖိစည်းစည်း တာဝန်မယူပေးနိုင်မှုများကို ခွင့်လွှတ်နားလည်ပါရန် အမေ့အား ပြောကြားခဲ့သည်။ ကျွန်တော်သည် နာရေးကူညီမှုအသင်း(ရန်ကုန်) မှတ်ပုံတင်ပြန်လည်ရရှိပြီဖြစ်ပါ၍ လူမှုရေးကိစ္စများအား ဆထပ်တန်ဘိုး လုပ်ဆောင်နေရပါကြောင်း၊ အမေကလည်း သူသည်လည်း ရွေးကောက်ပွဲကာလ ဖြစ်နေသောကြောင့် ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကား ကိစ္စရပ်များအား ဖိဖိစည်းစည်း မလုပ်နိုင်သေးကြောင်း မကြာမီကာလတွင် ယင်းဇာတ်ကားအတွက် ထဲထဲဝင်ဝင် လုပ်ကိုင်ဆောင်ရွက် တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။ အလှူရှင်မိသားစုများနှင့် စုပေါင်းအမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးကြကာ ယခုလိုလှူဒါန်းမှုအတွက် များစွာကျေးဇူးတင်ရှိပါကြောင်း အမေမှ ပြောကြားကာ အလှူရှင်မိသားစုများနှင့်တကွ ကျွန်တော်တို့ အမေ့အားနှုတ်ဆက်ပြီး အမေ့ခြံမှ ပြန်လည်ထွက်ခွာ ခဲ့ကြသည်။

ယခုလို ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကားအတွက် လှူဒါန်းမှုသည် မြန်မာနိုင်ငံ၏သမိုင်း အစစ်အမှန် ကို ကမ္ဘာမှသိရှိအောင် ဖော်ကျူးခြင်း၊ တိုင်းရင်းသားပေါင်းစုံနှင့် ဖွဲ့စည်းထားသော မြန်မာတို့၏ အမျိုးသား ရေးကိစ္စကို တဖက်တလမ်းပံ့ပိုးမှုပြုလုပ်ခြင်းတို့အပြင် ယင်းဗိုလ်ချုပ်အောင်ဆန်းဇာတ်ကား ရုံတင်ပြသ သည့်အခါ ရရှိမည့် အကျိုးအမြတ်များအားလုံးကို မြန်မာပြည်သူလူထု၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍများအား လှူဒါန်းမှုပြုလုပ်မည်ဖြစ်ပါ၍ ယခုကဲ့သို့ ရွှေစင်စင်္ကြာ မိသားစု၏ ကောင်းမှုအလှူ သည် ကောင်းမှုပေါင်းမြောက်များစွာဖြင့် ပေါင်းစည်းထားသော အမြင့်မြတ်ဆုံးကောင်းမှုကုသိုလ်ကြီးပင် ဖြစ်တော့သည်။

ကိုကျော်သူ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.