Wednesday, March 21, 2012

0 The Voice ဂျာနယ်ကို သတ္တုတွင်း ၀န်ကြီးဌာန တရားစွဲ ဆင့်ခေါ်စာပို့ပြီ




Photo..weekly eleven
ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးသို့ တင်သွင်းသည့် ပြည်သူ့ငွေစာရင်း ကော်မတီ၏ အစီရင်ခံစာ အမှတ်စဉ် ၃/၂၀၁၂ ၊ ၂၀၁၂ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေအပေါ် ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များနှင့် ဆက်စပ်သုံးသပ် တင်ပြခြင်း အစီရင်ခံစာ၌ သတ္တုတွင်းဝန်ကြီးဌာနနှင့် ပတ်သတ်၍ ဖော်ပြထားသည်ကို တွေ့ရစဉ်
ယခုလ ၁၂ ရက်နေ့ နေ့စွဲဖြင့် The Voice Weekly စာစောင် မှရေးသားထားသောဝန်ကြီးဋ္ဌာနအချို့ ငွေအလွဲသုံးစားမှု စစ်ဆေးတွေ့ ရှိဟူသော သတင်းအပေါ် သတ္တုတွင်းဝန်ကြီးဌာနမှ တရားစွဲဆိုသည့် လိုက်သည့်အတွက် တရားရုံးမှ ဆင့်ခေါ်စာ ယနေ့ ပေးပို့လာကြောင်း ယင်းစာစောင်မှ အမှုဆောင်အယ်ဒီတာ ဦးကျော်ဆန်းမင်းကပြောသည်။

“ဒီနေ့ နေ့လယ် ၁၁ နာရီ ၀န်းကျင်မှာ တရားရုံးကစာရောက်လာတာပါ၊သတ္တုတွင်း ၀န်ကြီးဌာနက အသေရေဖျက်မှု ပုဒ်မ ၅၀၀ အရ အရေးယူလျောက်ထားတာကို လာရောက်ဖြေရှင်းဖို့ အတွက် ပါ”ဟု ၎င်းကပြောသည်။

အသရေဖျက်မှု သည် နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသား ဖြင့်ဖြစ်စေ လူတဦးတယောက် နစ်နာစေရန် ကြံရွယ်၍ စွပ်စွဲခြင်း၊ ကြေညာခြင်းတို့သည် အသရေဖျက်မှု မြောက်သည်ဟု ရာဇသတ်ကြီး ပုဒ်မတွင် ပြဋ္ဌာန်းထားရာ ပြစ်ဒဏ်အားဖြင့် အများဆုံး အလုပ်မဲ့ ထောင်ဒဏ် (၂) နှစ် ဖြစ်စေ ငွေဒဏ် ဖြစ်စေ၊ သို့မဟုတ် ၂ ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ဖေါ်ပြထားသည်။

ဦးတိုက်လျောက်ထားသူမှာ သတ္တုတွင်း ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ကိုကိုဖြစ်ပြီး မတ်လ ၂၂ ရက်နေ့တွင် ဒဂုံမြို့နယ် တရားရုံးသို့ သွားရောက် ဖြေရှင်းရမည်ဖြစ်သည်။

တရားရုံးမှဆင့်ခေါ်စာ တွင် The Voice Weekly စာစောင် မှ အယ်ဒီတာချုပ် ၊ထုတ်ဝေသူနှင့် သတင်းရေး သားသူ သုံးဦးကို ရည်ညွှန်းပြီး ပို့ခဲ့ခြင်းဖြစ်သည်။

ဆင့်ခေါ်စာ ရက်စွဲမှာ ဒဂုံမြို့နယ်တရား ရုံးတံဆိပ်ဖြင့် မတ်လ ၁၆ ရက်နေ့စွဲ တပ်ထားသော်လည်း ၂၀ ရက်နေ့ရောက်မှသာ The Voice Weekly ဂျာနယ်တိုက်သို့ ပေးပို့ ရောက်ရှိလာခြင်းဖြစ်သည်။

“အခုက ဦးတိုက်လျောက်ထားတာနဲ့ပတ်သတ်ပြီး ပြန်လည်ဖြေရှင်းဖို့အတွက်ပေါ့၊ထုချေတဲ့အဆင့်လောက်ပဲ ပေါ့ ၊တရားစွဲတာတွေက နောက်မှတဆင့်လာဦးမယ်ထင်တယ်”ဟုဦးကျော်ဆန်းမင်းကပြောသည်။

သို့သော် The Voice Weekly စာစောင်မှတာဝန်ရှိသူများသည် ခရီးလွန်နေသောကြောင့် ဆင့်ခေါ်သည့်ရက်တွင် သွားရောက်ရန်အတွက် အသေအချာ မပြောနိုင်သေးကြောင်း အကယ်၍ တရားရုံကဆင့်ခေါ် သည့်နေ့တွင် မသွားရောက်နိုင်ပါက တရားရုံးသို့ ကြိုတင် အကြောင်းကြားသွားမည် ဖြစ်ကြောင်းဦးကျော်ဆန်းမင်းကပြောသည်။

သို့သော် ၎င်းတို့ အနေဖြင့် သတ္တုတွင်း ၀န်ကြီးဌာနက တရားစွဲဆိုလာသည်အဆင့် ဖြစ်လာပါက သတင်း ရေးသားထားခြင်းနှင့်ပတ်သတ်၍ အချက်အလက် များဖြင့် ပြန်လည ပြန်လည် တရားရင်ဆိုင်သွားမည်ဟု ဂျာနယ် အမှုဆောင်အယ်ဒီတာက ဆိုသည်။

ယခု လဆန်းပိုင်းတွင် ထုတ်ဝေခဲ့သောThe Voice Weekly စာစောင်ဧ။်အတွဲ ၈ အမှတ် ၁၃ တွင် “၀န်ကြီးဌာန အချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစွားမှုများ စစ်ဆေးတွေ့ရှိ ”ဆိုသည့်သတင်းတွင် သတ္တုတွင်း ၀န်ကြီးဌာနနှင့် ပတ်သတ်ပြီး အောက်ပါအတိုင်းဖော်ပြထား ခဲ့သည်

“သတ္တုတွင်းဝန်ကြီးဌာန အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၏ မုံရွာ ကြေးနီစီမံကိန်း၏ အစုရှယ်ယာ ငါးဆယ်ရာခိုင်နှုန်းအား ဒေါ်လာသန်းတစ်ရာဖြင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သို့ ရောင်းချခဲ့သည့် ဖြစ်စဉ်တွင် ငွေပေးချေမှုများ၌ ဦးပိုင်လီမိတက်က ပေးခြေရမည့်အစား နိုင်ငံခြား ကုမ္ပဏီ တစ်ခုက ပေးချေခဲ့ခြင်းစသည့်ဖြစ်စဉ်များ ပါဝင်ကြောင်း ရှမ်းတိုင်းရင်းသာများ ဒီမိုကရက်တစ် ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကရှင်းပြသည်”ဟုပါရှိသည်။

အဆိုပါသတင်းရေးသားခြင်းနှင့်ပတ်သတ်၍ သတ္တုတွင်းဝန်ကြီးဌာနကသတင်းရေးသားချက်မှ မှန်ကန်မှုမရှိ ၊စာစောင်ထုတ်ဝေသူနှင့် သတင်းရေးသားသူတို့အားဥပဒေကြောင်းအရဆောင် ရွက်သွားမည်ဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ထို့အပြင်သတ္တုတွင်း ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ““The Voice ရော Weekly Eleven ရောရေးတယ်၊ ဒါပေမယ့် Weekly Eleven ရေးတာက အလွဲသုံးစားလုပ်တာတို့ ဘာတို့ ဖော်ပြတာ မဟုတ်ဘူးလေ။ သူသိထားတဲ့ သဘောလောက်ပဲရေးတယ်၊ တရားစွဲလို့မရဘူး၊ နိုင်ငံဝန်ထမ်းဖြစ်တယ်၊ အတင်းအလွဲသုံးစား လုပ်တယ်လို့ မရေးသင့်ဘူး၊ ကျန်တဲ့ ၀န်ကြီးဌာနတွေ မလုပ်ချင်နေ၊ တို့ကမဟုတ်ဘူး၊ မှန်မှန်ကန်ကန်နေတဲ့ အတွက်ကြောင့် တရားစွဲတာပါ” ဟု ပြန်လည်ပြောကြားခဲ့ကြောင်း The Express Time တွင်ဖော်ပြထားသည်။

The Voice အနေဖြင့် သတင်းအချက်အလက် ပြည့်ပြည့်စုံစုံနှင့်ရေးသားထားခြင်းဖြစ်ကြောင်း အချက်အလက် အထောက်အထားများလည်း ရှိကြောင်း ပြီးခဲ့သည့်အပတ်က အဆိုပါကိစ္စနှင့်ပတ် သတ်၍ YPI ၏ သတင်းမေးမြန်းချက်ကို ဦးကျော်ဆန်းမင်းက ပြန်လည်ဖြေကြားခဲ့သည်။ ။

Yangon Press International

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.