Thursday, March 22, 2012

0 ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဂုဏ်သိက္ခာရှိရှိ ပြုမူကြပါစို့


ဂျပန်မှာ နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲ ဝင်ပြိုင်ကြတဲ့အခါမှာ တကယ့်ကို လူကြီးလူကောင်းပီပီ ကျင့်ကြံ ပြုမူကြပါတယ်။ ရွေးကောက်ပွဲ မသမာတာ၊ ညစ်ပတ်တာတွေ လုံးဝ မလုပ်ကြပါဘူး။ လူထုဆုံးဖြတ်မှုကိုသာ သိက္ခာရှိရှိ ခံယူကြပါတယ်။

ရွေးကောက်ပွဲ နိုင်တဲ့သူတွေက ရှုံးတဲ့သူတွေအပေါ် ပြက်ရယ်ပြု ပြောင်လှောင်တာမျိုး မရှိဘဲ သိက္ခာရှိရှိ ပျော်ကြပါတယ်။ အောင်ပွဲခံတယ် ဆိုတာမျိုးကိုတောင် အဖြစ်သဘောလောက်ပဲ လုပ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ နိုင်လိုက်တဲ့အချိန်ကစပြီး သူတို့ဟာ “ပြည်သူကို ကိုယ်စားပြုလိုက်ရပြီ” ဆိုတဲ့ တာဝန်ကြီးက သူတို့ပခုံးပေါ် ချက်ချင်း ရောက်လာတဲ့အတွက် တာဝန်မကျေမှာ အလွန်စိုးရိမ်တဲ့အတွက် ပုဂ္ဂိုလ်ရေးရာ ခံစားမှုတွေကို သိပ်အချိန်မပေးလှပါဘူး။

ရှုံးသွားတဲ့သူတွေကလည်း ရုန့်ရင်းဆန်ခတ် ပြုလုပ်တာ၊ ပွဲဖျက်တာမျိုး လုံး မလုပ်ကြပါဘူး။ လူထု အဆုံးအဖြတ်ကို လေးလေးစားစား ဂုဏ်သိက္ခာရှိရှိ ခံယူကြပါတယ်။ အနိုင်ရရှိသူတွေအပေါ် ပုတ်ခတ် စွပ်စွဲ ရှုတ်ချတာတွေ မလုပ်ကြပါဘူး။

ဘာကြောင့် လဲဆိုတော့ ပြည်သူတွေက ရှုံးတဲ့သူတွေကိုလည်း အမြဲမပြတ် စောင့်ကြည့်နေကြတာဖြစ်လို့ နောက်တကြိမ်မှာ သူတို့ပါတီအနေနဲ့ လူထု ထောက်ခံမှု မရမှာစိုးလို့ ဖြစ်ပါတယ်။ အဲဒါက ရွေးကောက်ပွဲအပြီး သူတို့ရဲ့ ပထမဦးဆုံး အလုပ်ဖြစ်ပြီး ဒုတိယအလုပ်ကတော့ နောက်တကြိမ် လူထုထောက်ခံမှုနဲ့ အနိုင်ရရှိအောင် ဘယ်လို ပြင်ဆင်လုပ်ယူကြမလဲ ဆိုတာပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီကို ထိန်းသိမ်းထားနိုင်တဲ့ နိုင်ငံတွေက နိုင်ငံရေးပါတီတွေဟာ ဒီလိုစိတ်ဓါတ်၊ ခံယူချက်၊ အပြုအမူတွေပဲ ရှိနေကြမယ်လို့ ကျနော်ထင်ပါတယ်။

ရွေးကောက်ပွဲစနစ်နဲ့ ပတ်သက်ပြီး ဥပဒေ၊ မဲဆွယ်ပုံ၊ မဲပေးပုံ၊ မီဒီယာနဲ့ ရွေးကောက်ပွဲ စောင့်ကြသူတို့ အခန်းကဏ္ဍ စတဲ့ အားလုံးဟာ ဒီမိုကရေစီ စံနှုန်းအတိုင်း ရှိနေပြီး တတ်နိုင်သမျှ မသမာမှုတွေ မရှိရအောင် အဘက်ဘက်က စီမံထားနိုင်လို့လည်း ရွေးကောက်ပွဲတွေဟာ ချောချောမောမောနဲ့ အောင်မြင်ကြပါတယ်။

မြန်မာနိုင်ငံရဲ့ အခုတကြိမ် ကြားဖြတ်ရွေးကောက်ပွဲမှာ မြန်မာအစိုးရရဲ့ ဖိတ်ခေါ်ချက်အရ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အာဆီယံနိုင်ငံတွေက ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ လာရောက်ကြပါတော့မယ်။ သူတို့နဲ့အတူ သတင်းမီဒိယာသမားတွေလည်း ပါလာကြမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကောင်းကောင်းဆိုးဆိုး သူတို့ကတော့ မှတ်တမ်းတင်နေတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲ ဂုဏ်သိက္ခာရှိရှိ ရည်မှန်းချက်အတိုင်း အောင်မြင်စေနိုင်ဖို့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံ့ဂုဏ်၊ လူမျိုးဂုဏ်ကို မထိခိုက်စေရအောင် အကောင်းဆုံး ထိန်းသိမ်း ပြုမူကြရဖို့လည်း အထူးဂရုတစိုက် ရှိနေကြရမှာ ဖြစ်ပါတယ်။ တဦး-တဖွဲ့ရဲ့ မသင့်တော်တဲ့ အပြုအမူ တခုလေးနဲ့တောင် နိုင်ငံတကာအလယ်မှာ မြန်မာတွေရဲ့ ဂုဏ်ပျက်သွားနိုင်ပါတယ်။

အစိုးရက ရွေးကောက်ပွဲ ကျင်းပပေးတာဖြစ်လို့ သမ္မတဖြစ်စေ၊ ဒုတိယသမ္မတတဦးဦးကဖြစ်စေ၊ တာဝန်ခံယူ ကျင်းပတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဖြစ်စေ ပြည်သူတွေ၊ နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲ ကိစ္စတွေမှာ ထိန်းထိန်းသိမ်းသိမ်း သိက္ခာရှိရှိ ပြုမူကြဖို့ လူထု (အသံလွှင့်) မိန့်ခွန်းတွေ ပြောပေးစေချင်ပါတယ်။ အစိုးရကို ပြည်သူတွေက ထိန်းကျောင်းတည့်မတ်သလို ပြည်သူတွေကိုလည်း လိုအပ်တဲ့ အခုလို အရေးကြီးတဲ့ ရွေးကောက်ပွဲကာလမှာ အစိုးရက ထိန်းကျောင်းတည့်မတ်ပေးဖို့ လိုအပ်မယ် ထင်ပါတယ်။

လွင်အောင်စိုး

၂၂-၃-၂ဝ၁၂

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.