Tuesday, August 14, 2012

0 ရိုဟင်ဂျာ ပြဿနာကို စနစ်တကျ ထိရောက်စွာ ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေကို ရှာကြည့်ပါမယ်

ရိုဟင်ဂျာ ပြဿနာကို စနစ်တကျ ထိရောက်စွာ ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေကို ရှာကြည့်ပါမယ်
မြန်မာနိုင်ငံထဲ တရားမဝင် လာရောက်နေထိုင်သူ ဘင်္ဂါလီ ရိုဟင်ဂျာတွေ၊ ဘင်္ဂလာဒက်ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေနဲ့ ပတ်သက်ပြီး ရှောင်လွှဲမရ ဖြေရှင်းရမယ့် ကိစ္စတွေ ရှိပါတယ်။

ဒီနေရာမှာ တာဝန်ယူ ဖြေရှင်းတဲ့ ကာယကံရှင် နိုင်ငံတွေနဲ့ တာဝန်ယူ ကူညီထောက်ပံ့တဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ ဆိုပြီး နှစ်ပိုင်းခွဲထားသင့်ပြီး ကူညီထောက်ပံ့စရာ ကိစ္စတွေက ဘာတွေလဲ၊ မြန်မာတွေအနေနဲ့ ဘာတွေကို အလုပ်သင့်ဆုံးလဲ စသဖြင့်လည်း ပိုင်းခြားသတ်မှတ် ပြင်ဆင်ထားသင့်ပါတယ်။

တာဝန်ယူ ဖြေရှင်းရမယ့် နိုင်ငံ

မြန်မာတနိုင်ငံတည်းကသာတာဝန်ယူ ဖြေရှင်းရမှာမဟုတ်ဘဲအဓိကအားဖြင့်ဘင်္ဂလာဒက်ရှ် နိုင်ငံကလည်း ခေါင်းမရှောင်ဘဲ မြန်မာနဲ့ ထပ်တူ တာဝန်ယူ ပူးပေါင်း ဖြေရှင်းနိုင်ရမှာ ဖြစ်ပါတယ်။ ဖြေရှင်းယူကြတဲ့အခါမှာ အိမ်နီးချင်း နှစ်နိုင်ငံ ရေရှည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို မူသတ်မှတ်ပြီး နှစ်ဘက် မျှမျှတတ ဖြစ်စေနိုင်ရေးကို ဦးစားပေးရမှာပဲ ဖြစ်ပါတယ်။

တာဝန်ယူ ကူညီထောက်ပံ့ရမယ့် နိုင်ငံ

မြင့်မြတ်တဲ့ ဂုဏ်သိက္ခာနဲ့ ရိုးသားစိတ် ထားပြီး လူသားချင်း စာနာထောက်ထားကာ ကူညီထောက်ပံ့ရမှာက ကမ္ဘာကြီးရဲ့ တာဝန်ဖြစ်ပါတယ်။ ရိုဟင်ဂျာဟာ မွတ်ဆလင်တွေအရေး ဖြစ်တယ်လို့ ကြွေးကြော် တောင်းဆိုနေကြတဲ့ အခြားမူဆလင်နိုင်ငံတွေဟာ ကူညီထောက်ပံ့စရာ ကိစ္စတွေမှာ အတတ်နိုင်ဆုံး တာဝန်ယူဖို့ လိုအပ်ပါလိမ့်မယ်။ တကယ်လို့ တာဝန်ယူ ထောက်ပံ့တာမျိုး မရှိဘဲ မွတ်ဆလင်အရေး - ဒါမှမဟုတ် - မွတ်ဆလင် ဘာသာရေးစစ်ပွဲ (Jihad) သက်သက်ကိုသာ ပြောဆိုလာရင်တော့ ကိုယ်ကျိုးစီးပွားအတွက် ကမ္ဘာကို စိန်ခေါ်တာ ဖြစ်သွားပါလိမ့်မယ်။ နိုင်ငံတကာ ပြည်သူတွေရဲ့ အသိအမြင် ကြွယ်ဝမှုကို လှည့်စားလို့ မရနိုင်ပါဘူး။ ကမ္ဘာ့အရေးမှာ အမြဲတမ်း တာဝန်ရှိတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းအနေနဲ့ ဖြစ်နိုင်သမျှ တာဝန်ယူပေးဖို့ကတော့ ပြောစရာကို မလိုတဲ့အချက်ပါ။

ကူညီထောက်ပံ့စရာ ကိစ္စတွေကတော့ အကြမ်းဖျဉ်းအားဖြင့်ဆိုရင်

မြန်မာနိုင်ငံနဲ့ ဘင်္ဂလာဒက်ရှ်နိုင်ငံတွေဆီက ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေကို တတိယနိုင်ငံတွေက ခေါ်ယူ လက်ခံ နေထိုင်စေတာ၊

ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေးနဲ့ ကျန်းမာရေးကိစ္စ ထောက်ပံ့ပေးတာ၊

တတိယနိုင်ငံတွေဆီ ပို့ဆောင်ပေးနိုင်အောင် နိုင်ငံတကာအသိုင်းအဝိုင်းကို စည်းရုံး စီမံပေးတာတွေ ဖြစ်ပါလိမ့်မယ်။

မြန်မာဘက်က အလုပ်သင့်ဆုံးတွေကို စဉ်းစားကြည့်ရင် --

(၁) မြန်မာနိုင်ငံမှာ နေထိုင်တာ မှန်ကန်ကြောင်း အထောက်အထားတွေကို ရိုဟင်ဂျာ ဘင်္ဂါလီတွေက မပြသနိုင်ရင်၊ အထောက်အထား မခိုင်လုံရင် သူတို့ဟာ မြန်မာနိုင်ငံရဲ့ လဝက ဥပဒေကို ရင်ဆိုင်ဖို့ကလွဲလို့ အခြားမရှိပါဘူး။ သူတို့အတွက် မြန်မာနိုင်ငံမှာ ဘာမှ တာဝန် မရှိပါဘူး။ သူတို့ကို ဘင်္ဂလာဒက်ရှ်နိုင်ငံက ပြန်လည် လက်ခံအောင် နှစ်နိုင်ငံ သဘောတူထားနိုင်ဖို့သာ ကြိုးစားရပါမယ်။

ဒါပေမယ့် ဘင်္ဂလားဒက်ရှ်နိုင်ငံမှာ လူဦးရေက အဆမတန် ပေါက်ကွဲနေတော့ သူတို့အစိုးရက ဒါကို ဝန်မခံဘဲ ရိုဟင်ဂျာ ဆိုသူတွေဟာ ဘင်္ဂလာဒက်ရှ်နိုင်ငံသား မဟုတ်ပါဘူးလို့ ကြိုတင် လေသံပစ်ထားပါတယ်။ ဒါက မြန်မာနိုင်ငံထဲကို သူ့လူမျိုးတွေ အတင်းလာပုံချထားတဲ့ အမျိုးမစောင့်တဲ့ သူတို့လုပ်ရပ်ပါပဲ။ ဒါပေမယ့်လည်း အဲ့ဒါက သူတို့ကိစ္စပါ။

(၂) မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာ သံတမန် ဖိအားအကူအညီကို ရသလောက် ရှာဖွေပြီး အသုံးချနိုင်ဖို့ ကြိုးစားရပါမယ်။ ပြည်တွင်းက စွမ်းဆောင်ပေးနိုင်သူတွေသာမကဘဲ နိုင်ငံတကာ ရောက်နေတဲ့ မြန်မာအသိုင်းအဝိုင်းတွေကလည်း အတွေ့အကြုံကောင်းကောင်း ရှိခဲ့ကြတာဖြစ်လို့ ဖြစ်နိုင်လောက် ဝိုင်းဝန်းကူညီပေးကြရင် အကျိုးကျေးဇူးများပါလိမ့်မယ်။ နိုင်ငံတကာ ထောက်ခံမှုဟာ သိပ်အရေးပါတာကို အမြဲတမ်း သတိချပ်သင့်ပါတယ်။

(၃) ဘင်္ဂလာဒက်ရှ်ဘက် ရောက်နေတဲ့ ဒုက္ခသည်စခန်းက လူတွေကိုလည်း မြန်မာနိုင်ငံဘက် ပြန်ပို့နိုင်အောင် ဘင်္ဂလားအစိုးရက ကြိုးပမ်းနေပါတယ်။ ဒါကို မြန်မာနိုင်ငံသား အထောက်အထား စိစစ်ပြီး ခိုင်လုံရင် လက်ခံမယ်လို့ မြန်မာအစိုးရ တုန့်ပြန်ထားပါတယ်။ ဒီကိစ္စကို တိတိကျကျဖြစ်အောင် ကြိုးပမ်းရမှာဖြစ်သလို အားနာတာတွေ၊ အလျှော့ပေးတာတွေ၊ အကျင့်ပျက် ခြစား ခွင့်ပြုတာတွေ လုံးဝ မလုပ်မိနိုင်အောင်လည်း တင်းတင်းကြပ်ကြပ် ဂရုစိုက်နိုင်ရပါမယ်။

(၄) မြန်မာနိုင်ငံသား မှန်ကန်ကြောင်း အထောက်အထား မရှိ/ မခိုင်လုံတဲ့ ရခိုင်ဘက်က ရိုဟင်ဂျာတွေသာမက မြန်မာနိုင်ငံအတွင်း အခြားဒေသတွေကို ပြန့်နှံ့သွားတဲ့ ရိုဟင်ဂျာတွေကိုလည်း ပြန်လည်ထိန်းသိမ်းပြီးနောက် တကယ်လို့ ဘင်္ဂလာဒက်ရှ်နိုင်ငံက ပြန်ပို့တာကို လက်မခံရင် သူတို့အရေးကို ကြားဝင် အော်ဟစ် တောင်းဆိုနေတဲ့ တတိယနိုင်ငံတွေက လက်ခံပေးနိုင်မလား ညှိနှိုင်းယူရပါမယ်။ ဒါက နိုင်ငံတကာမှာ ကနေ့ထက်တိုင် ကျင့်သုံးနေဆဲ ကိစ္စပါ။ ဒါကြောင့် “နိုင်ငံတကာ ထောက်ခံမှုဟာ သိပ်အရေးပါ” တဲ့အကြောင်း အထက်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

(၅) အဲဒီ တတိယနိုင်ငံတွေက လက်မခံနိုင်သေးသရွေ့ ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ပြီး တာဝန်ယူ ကျွေးမွေးထားရမယ့် သဘော ရှိနေပါတယ်။ ဒီဝန်ထုပ်ဝန်ပိုးက သိပ်ကြီးမားလွန်းနေတာကြောင့် မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အစီအစဉ်တွေကို ထိခိုက်နိုင်ပါတယ်။ ဒီအတွက် စောစောက တတိယနိုင်ငံများ ဆိုတာဆီက ထောက်ပံ့ပေးဖို့ ညှိနှိုင်းယူရပါမယ်။ လိုအပ်ရင် ကုလသမဂ္ဂနဲ့ အခြား အလှူရှင် နိုင်ငံတွေနဲ့လည်း ညှိနှိုင်းယူရပါမယ်။

(၆) နောက်ထပ် ဘင်္ဂါလီတွေ မြန်မာနိုင်ငံထဲကို ဝင်မလာနိုင်အောင် နှစ်နိုင်ငံအကြား သံဆူးကြိုးခတ်ပြီး တင်းကြပ်စွာ တားဆီးထားရပါမယ်။ ရေပိုင်နက်မှာလည်း အလားတူ တင်းကြပ်ထားရမှာ ဖြစ်ပါတယ်။ ဒါကလည်း နိုင်ငံတကာ တိုင်းပြည်တွေရဲ့ နယ်နိမိတ်တွေမှာ ထိခိုက်နိုင်စရာရှိရင် ကျင့်သုံးတဲ့ နည်းလမ်းဖြစ်လို့ မြန်မာနိုင်ငံကလည်း အားနာစရာ အလျှော့ပေးစရာ မလိုဘဲ ကျင့်သုံးသင့်ပါတယ်။

(၇) ဒီလိုကိစ္စတွေကို မြန်မာ အစိုးရက စီမံဆောင်ရွက်ရာမှာ တာဝန်ရှိသူ ဝန်ထမ်းတိုင်းဟာ အမျိုးဘာသာ သာသနာနဲ့ နိုင်ငံ့အရေးကို စောင့်ရှောက်ကာကွယ်တာဖြစ်လို့ အမျိုးသားရေး စိတ်ဓါတ်နဲ့ တိကျစွာ တာဝန်ထမ်းဆောင်နိုင်ရပါမယ်။ အထူးသဖြင့် အဂတိ လိုက်စားမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မရှိစေရအောင် တင်းကြပ်စွာ စီမံထားသင့်ပါတယ်။တရားဥပဒေ စိုးမိုးမှုက ဒီနေရာမှာ သိပ်အရေးပါလျက် ရှိနေပါတယ်။

(၈) တချိန်တည်းမှာ မြန်မာနိုင်ငံအတွက် လိုအပ်လာတာက အစိုးရ မဏ္ဍိုင်ကြီး ၃ ရပ်အပြင် မီဒီယာ၊ တပ်မတော်နဲ့ အခြားအဖွဲ့အစည်းတွေ၊ ပြည်သူတွေအားလုံးက တသွေးတသားတည်းနဲ့ မြန်မာ့အရေးကို ညီညွတ်စွာ စုပေါင်းကြိုးပမ်းနိုင်ရေးကို ဘက်စုံကဏ္ဍတွေကနေ ကျွမ်းကျင်လိမ္မာ အမြော်အမြင်ကောင်းကောင်းနဲ့ ပြင်ဆင် လုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။

(၉) မြန်မာနိုင်ငံဘက်က မီဒီယာဟာ အဖြစ်မှန် ဖော်ထုတ်ဖို့၊ ကမ္ဘာ့ပြည်သူတွေကို သိစေဖို့၊ တာဝန်ယူဘက်ဖြစ်တဲ့ ဘင်္ဂလာဒက်ရှ် နိုင်ငံအပါအဝင် ကုလသမဂ္ဂနဲ့ တတိယနိုင်ငံအဖြစ် လက်ခံနိုင်စရာ ရှိလာမယ့် နိုင်ငံတွေရဲ့ အစိုးရတွေကို သိစေဖို့ အထူးအရေးပါလှပါတယ်။ ဒါကြောင့် မီဒီယာ လွတ်လပ်ခွင့်၊ ထိရောက်ပိုင်နိုင်စွာ အသုံးချခွင့်ကို အမြော်အမြင်ကြီးကြီးနဲ့ လုပ်ဆောင်သင့်ပါတယ်။

(၁ဝ) သံတမန်ရေးနဲ့ မီဒီယာလိုပဲ အခြားအရေးပါတာကတော့ လူထုနိုးကြားရေး Public awareness campaign တွေ ဖြစ်ပါတယ်။ ဒါဟာ ဝါဒဖြန့် လှုံ့ဆော်ရေးကို မဆိုလိုပါဘူး။ လူထုနိုးကြားမှုဟာ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်ပြီး မလိုလားအပ်တဲ့ အဖျက်အမှောင့်တွေကို တားဆီးပေးနိုင်ပါတယ်။

အသေးစိတ် ထပ်ခွဲလိုက်ရင် အများကြီး ရှိနေပါဦးမယ်။ တနိုင်ငံလုံး၊ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ကိစ္စကြီး ဖြစ်နေလို့ မဟာဗျူဟာ ထားရှိပြီး စနစ်တကျ လုပ်ဆောင်နိုင်မှသာ ရေရှည်တည်တန့်ခိုင်မြဲမယ့် အောင်မြင်မှုကို သေချာပေါက် ရနိုင်မှာ ဖြစ်ပါတယ်။

လွင်အောင်စိုး

၁၃-၈-၂ဝ၁၂

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.