Sunday, August 12, 2012

0 သမ္မတ ဦးသိန်းစိန်အတွက် စိန်ခေါ်မှုအရှိဆုံး မေးခွန်း-The most challenging question for President of Burma

မြန်မာနိုင်ငံ၏ အကြီှးဆုံးပြဿနာမှာ စစ်တပ်က ၎င်း၏အစိုးရက တိုင်းရင်းသားသူပုန်များနှင့် သဘောတူညီထားမှုများကို အသိအမှတ်မပြုခြင်းပင် ဖြစ်သည်။ အစိုးရက အပြောတခြား၊ အလုပ်တခြား လုပ်နေခြင်းလော သို့မဟုတ် စစ်သားများက ၎င်းတို့၏တိုင်းပြည်သမ္မတကို ဆန့်ကျင်နေခြင်းလော ဆို သည်မှာ သဲသဲကွဲကွဲ မသိရှိနိုင်ပေ။

(10 August 2012 ရက်စွဲပါ Asian Tribune မှ Zin Linn ၏ “The most challenging question for PresidentofBurma”ကိုဘာသာပြန်ဆိုသည်။)

အဘယ့်ကြောင့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည်ရည်မှန်းချက်အောင်မြင်ရန်အလွန်ခက်ခဲနေရသနည်း။ ပြည်တွင်းစစ်များသည်၁၉၄၈ မြန်မာနိုင်ငံ၏လွတ်လပ်ရေးနှင့်အတူစတင်ဖြစ်ပွားခဲ့ပါသည်။ ပြည်တွင်းစစ်အတွက် ပေးဆပ်ခဲ့ရမှုများမှာ နိုင်ငံကိုဆင်းရဲတွင်းသို့ ဆိုးရွားစွာထိုး ဆင်းသွားခဲ့ခြင်းပင် ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ ဖြစ်စေခဲ့ပါသည်။ မြန်မာနိုင်ငံသည် ၁၉၈၇တွင် UN-OHRLLS ၌ ဖွံ့ဖြိုး တိုးတက်မှုအနည်းဆုံးနိုင်ငံအဖြစ် ၀န်ခံခဲ့ခြင်းသည် ၎င်း၏စီးပွားရေးအရ ဒေ၀ါလီခံမှုကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ဗြိတိသျှ အုပ်ချုပ်မှုလက်အောက်တွင်ရှိစဉ်က အရှေ့တောင်အာရှတွင် ဒုတိယအချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့ပါသည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးဆန်တင်ပို့သော နိုင်ငံ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည်သဘာဝသယံဇာတနှင့်လုပ်သားအင်အားကြွယ်ဝခဲ့ပါသည်။ ကမ္ဘာပေါ်တွင် ထွက်ရှိသောကျွန်း၏ ၇၅% မှာ မြန်မာနိုင်ငံမှ ဖြစ်ပြီး ပညာတက်နှုန်းမြင့်မားသော လူဦးရေ ရှိပါသည်။ မြန်မာနိုင်ငံသည် အလျှင်အမြန်ဖွံ့ဖြိုးတိုးတက်နိုင်သော နိုင်ငံတစ်ခုအဖြစ် ယု့ကြည်ခဲ့ကြကြောင်း George Townတက္ကသိုလ်မှ အာရှလေ့လာရေးနှင့်ပက်သတ်၍ ထင်ရှားသောပါမောက္ခ David Steinbergက၎င်း၏ သုတေသနစာတမ်းများတွင် ပြောကြားခဲ့ပါသည်။

စစ်အာဏာရှင်အောက်တွင် ဆယ်စုနှစ်ပါင်းများစွာကြာလာသောအခါ မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့နှင့် ကျွန်းသစ်ရောင်းချသူအဖြစ် လူသိ များလာပြီး စစ်သားများ၏ ကျွမ်းကျင်မှုမရှိသော စီမံခန့်ခွဲမှုကြောင့် လူမှုစီးပွားရေး အခြေအနေများသည် ဆိုးရွားစွာ ကျဆင်းခဲ့ရပါသည်။ စစ်တပ်က စီးပွား ရေးကို လက်ဝါးကြီးအုပ်ခဲ့ခြင်းကြောင့် ပြည်သူလူထု အများစုမှာ ဆင်းရဲတွင်းနက်ခဲ့ရပါသည်။ တစ်ချိန်တည်းမှာပင် စစ်ခေါင်းဆောင်များနှင့်၎င်းတို့၏ခရိုနီများသည်တိုင်းပြည်၏များပြားလှသောသယံဇာတများကို ခေါင်းပုံဖြတ်အမြတ်ထုတ်ခဲ့ကြပါသည်။

၂၀၁၀-၁၁တွင် နိုင်ငံပိုင်ပစ္စည်းများအထူးသဖြင့်အိမ်၊ခြံ၊ မြေများသည်ပုဂ္ဂလိကပိုင်ပြုလုပ်ရေးမူဝါဒကိုအကြောင်းပြ၍စစ်အာဏာပိုင်များ၏ ဆွေမျိုးများထံသို့ ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပါသည်။ ထို့ကြောင့် စစ်တပ် ၏ ကျောထောက်နောက်ခံရှိပြီး အထူးအခွင့်အရေးရသော လူတန်းစားနှင့် သာမန်ပြည်သူတို့၏ ကွာဟချက်မှာပိုမို ကြီးမားလာခဲ့ရပါသည်။

မြန်မာနိုင်ငံ၏အမည်ခံအရပ်သားအစိုးရသည်၎င်းတို့စတင်တာဝန်ယူစဉ်ကသမ္မတဦးသိန်းစိန် ပြောာကားခဲ့သော ကောင်းမွန်သော အုပ်ချုပ်ရေး၊ အမျိုးသားပြန်လည်ပေါင်းစည်းရေးနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးစသည့် ကတိများကို လျစ်လျူရှုသယောင် ရှိနေပါသည်။ ကောင်းမွန်သောအုပ်ချုပ်မှု ၊ အမျိုးသားပြန်လည်ပေါင်းစည်းရေးနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး စသည်တို့ကို အကောင်အထည်ဖော်ရန် သမ္မတအနေဖြင့် တိုင်းရင်းသားသူပုန်များနှင့် ပြည်တွင်းစစ်ရပ်တန့်သွားရန် လိုအပ်ပါသည်။ ၎င်း၏အစိုးရကလည်းစစ်ပွဲများ ရပ်ဆိုင်းသွားရန် တိုင်းရင်းသားပြည်သူများကို သာတူညီမျှသော ရပိုင်ခွင့်နှင့် ကိုယ်ပိုင် ဆုံးဖြတ်ခွင့်များပေးရန် လိုအပ်ပါသည်။

သမ္မတဦးသိန်းစိန်အနေဖြင့် အမျိုးသားပြန်လည်စုစည်းမှု ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် လူ့အခွင့်အရေးကို အပြည့်အ၀ လေးစားရေးများဖန် တီးနိုင်ရန် အချိန်မည်မျှ လိုအပ်သနည်း။ အဆိုပါ လုပ်ဆောင်မှုများအတွက် နောက်ထပ်နှောင့်နှေးကြန့်ကြာမှုများ ရှိပါက ပြည်တွင်းစစ်ကြာရှည်ခြင်း၊ အခွင့် အလမ်းများ ဆုံးရှုံးခြင်း နှင့် မသိနားမလည်သော ထောင်ပေါင်းများသော အသက်များကို ပေးဆပ်ရလိမ့်မည် ဖြစ်ပါသည်။ အကယ်၍အစိုးထံတွင်စစ်မှန် သောနိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုအစီအစဉ်ရှိပါက၎င်းသည်စစ်ဘေးဒဏ်သင့်သူများနှင့် မသိနားမလည်သော အရပ်သားများကို ကြင်နာမှုပြသော အားဖြင့် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ကြေညာသင့်ပါသည်။ ယခုစစ်ပွဲများသည် အမှန်တကယ်တွင် တိုင်းပြည်၏ အင်အားဖြစ်သော လူ့အသက် ပေါင်းများစွာ အလဟဿ ဆုံရှုံးစေသည်ဟု အစိုးရအနေဖြင့် စဉ်းစားသင့်ပါသည်။

သံသယအရှိဆုံး မေးခွန်းမှာအစိုးရ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်မှုများကိုအသိအမှတ်မပြုသော မြန်မာစစ်တပ်၏ လုပ်ရပ်ပင် ဖြစ်ပါ သည်။ လက်ရှိအားဖြင့် မြန်မာစစ်တပ်သည် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-South ၏ နိုင်ငံရေး ဌာနခွဲဖြစ်သော Restoration Council of Shan State (RCSS) ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ရှင်းလင်းပေးရန်နှင့် တိုက်ခိုက်မှုများ ရပ်ဆိုင်းရန် တောင်းဆိုထားကြောင်း သိရှိရပါသည်။

၎င်းတို့သည် ဒီဇင်ဘာ ၂ရက်နေ့က ဦးသိန်းစိန်၏ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပါသည်။ ထိုအချိန်မှ ယခုအထိ SSA နှင့် စစ်တပ်ကြားတွင် တိုက်ပွဲပေါင်း၂၇ခုကျော်ကျော် ဖြစ်ပွားခဲ့ပါသည်။ နှစ်ဖက်စလုံးသည် ယခုလတွင် စတုတ္ထအကြိမ် တွေ့ဆုံရန် စီစဉ်ထားကြောင်း ရှမ်းသံ တော် ဆင့်သတင်းက ဆိုပါသည်။

ထို့အပြင် သြဂုတ်လ ၅ ရက်နေ့က ကရင်၏ KNU နှင့် အစိုးရနယ်ခြားစောင့်တပ်ကြားတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ကရင်သတင်းများက ပြောပါသည်။KNU နှင့် အစိုးရကိုယ်စားလှယ်များကလည်း ထိုနေ့တွင် နယ်စပ်မြို့ဖြစ်သော မြ၀တီတွင် တွေ့ဆုံခဲ့ကြောင်း၊ အပစ်အခတ်ရပ်စဲရေးအတွက် လိုက်နာရမည့် စည်းမျဉ်းများညှိနှိုင်းခြင်း ဖြစ်ကြောင်းသိရှိရပါသည်။ KNUအတွင်းရေးမှုး Naw Zipporah Sein က ကရင်သတင်းသို့ ပြောကြားရာတွင် အမိန့် ပေးမှုအားနည်း ခြင်းကြောင့် ထိုသို့ဖြစ်ရကြောင်း ပြောပါသည်။

သြဂုတ်လ ၃ရက်နှင့် ၄ ရက်နေ့က ကချင်ပြည်နယ်တွင် လည်းတိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားကြောင်း ကချင်မြေသတင်း၏ အဆိုအရ သိရှိရပါ သည်။ တစ်ကယ်တမ်းတွင် တိုင်းရင်းသားဒေသများ၌ မြန်မာစစ်သားများ၏ လူ့အခွင့်အရေးချိုးဖောက်ခြင်းများသည် နိုင်ငံတကာ ဥပဒေများကို ဆိုးရွားစွာ မလိုက်နာခြင်းပင် ဖြစ်ပါသည်။ စစ်ပြေးဒုက္ခသည်များနှင့် အိုးမဲ့အိမ်မဲ့ ဖြစ်ရသူများကို လူသားချင်းစာနာသည့် အကူအညီများပေးရေးသည် လက်ရှိ သမ္မတ၏ တာဝန်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ အကြီှးဆုံးပြဿနာမှာ စစ်တပ်က ၎င်း၏အစိုးရက တိုင်းရင်းသားသူပုန်များနှင့် သဘောတူညီထားမှုများကို အသိအမှတ်မပြုခြင်းပင် ဖြစ်သည်။ အစိုးရက အပြောတခြား၊ အလုပ်တခြား လုပ်နေခြင်းလော သို့မဟုတ် စစ်သားများက ၎င်းတို့၏တိုင်းပြည်သမ္မတကို ဆန့်ကျင်နေခြင်းလော ဆို သည်မှာ သဲသဲကွဲကွဲ မသိရှိနိုင်ပေ။ မည်သို့ဆိုစေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် မြန်မာနိုင်ငံ၏ သမ္မတအတွက် စိန်ခေါ်မှုအရှိဆုံး မေးခွန်းပင် ဖြစ်တော့ သည်။

Yangon chronicle

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.