Sunday, August 12, 2012

0 မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မွတ်စလင်များ လူမျိုးတုံးသတ်ဖြတ်ခံရဟူသော စွပ်စွဲချက်ကို အမေရိကန်ငြင်းဆို-US Denies Ethnic Cleansing of Rohingya Muslim in Myanmar


(International Business Times မှ 9 August 2012 ရက်စွဲပါ “US Denies Ethnic Cleansing of Rohingya Muslim in Myanmar” ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ မွတ်စလင်များကို အာဏာပိုင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် လူမျိုးတုံး သတ်ဖြတ်မှုများကျူးလွန်လျက်ရှိသည်ဟူသော ဆော်ဒီအာရေဗျနိုင်ငံ၏စွပ်စွဲချက်အားအမေရိကန်ပြည်ထောင်စုက ငြင်းပယ်လိုက်သည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားလျက်ရှိသောလူမျိုးရေးနှင့်ဘာသာရေးဆိုင်ရာတင်းမာမှုများကို အမေရိကန်ပြည်ထောင်စု၊နိုင်ငံခြားရေးဝန်ကြီးဌာမှ အကြီး တန်းပြောခွင့်ရပုဂ္ဂိုလ် Patrick Ventrellက "လွန်စွာစိုးရိမ်ပူပန်မိကြောင်း" ထုတ်ဖော်ပြောဆိုပြီး ရိုဟင်ဂျာ မွတ်စလင်အများအပြားကို လုံခြုံရေး တပ်ဖွဲ့ဝင် များက သေကြေပျက်စီးအောင် ကြိုးပမ်းလျက်ရှိသည်ဟူသောကိစ္စမှာ မဟုတ်မမှန်ကြောင်းငြင်းဆိုလိုက်သည်။ အမေရိကန်အစိုးရ အရာရှိကြီးများသည် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် သောမတ်ကန်တားနား ရခိုင်ပြည်နယ်သို့ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း သွားရောက်လေ့လာရာတွင် လိုက်ပါသွားခဲ့ကြသည်။

"မြန်မာနိုင်ငံက၊ အထူးသဖြင့် ရခိုင်ပြည်နယ်ကလူမျိုးရေးနဲ့ဘာသာရေးဆိုင်ရာတင်းမာမှုတွေကို ကျွန်တော်တို့အနေနဲ့ ဆက်လက်လေ့လာ စောင့်ကြည့် သွားမှာပါ။ နောက်တစ်ခုက ကျွန်တော်တို့ယခင်တုန်းက တိုက်တွန်းခဲ့သလိုပါပဲ၊ ပါဝင်ပတ်သက်မှုရှိနေတဲ့ အဖွဲ့အစည်း တွေ၊ လူပုဂ္ဂိုလ်တွေ အနေနဲ့ ဆူပူအုံကြွမှုတွေ ထပ်မံမဖြစ်ပေါ်အောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ဆောင်သွားကြဖို့၊ လူအချင်းချင်းခွဲခြား ဆက်ဆံမှု မပြုလုပ်ရေး ဘာသာရေး လွတ်လပ်ခွင့်ပြုရေး စတဲ့မူဝါဒတွေ လက်ကိုင်ထားကြဖို့ တိုက်တွန်းလိုပါတယ်" ဟု၎င်းက သတင်းထောက်များကို ပြောကြားသည်။

မြန်မာနိုင်ငံ၊ရခိုင်ပြည်နယ်တွင်လတ်တလောကာလများအတွင်းဖြစ်ပွားလျက်ရှိသောအဆိုပါဆူပူအုံကြွမှုများနှင့်ပတ်သက်၍ ဆော်ဒီအာရေဗျ အ စိုးရ၊ အစ္စလာမစ် ပူးပေါင်းဆောက်ရွက်မှုအဖွဲ့ (OIC)တို့ကလူသိရှင်ကြား ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့ကြသည်။ ရခိုင်ပြည်နယ်က အဆိုပါပဋိပက္ခမှာ ပြီးခဲ့သည့်ဇွန်လအတွင်း ရခိုင်အမျိုးသမီးငယ် တစ်ဦးကို မွတ်စလင်အမျိုးသားသုံးဦးက မုဒိမ်းကျင့်သတ်ဖြတ်မှု၊ ယင်းသတ်ဖြတ်မှုကို မကျေနပ်သောကြောင့် မွတ်စလင်အမျိုးသား ၁၀ဦးအားလူစုဖွဲ့ သတ်ဖြတ်မှုအစရှိသည်တို့ကြောင့် စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ခန့်မှန်းချက်များအရ ရခိုင်ပြည်နယ် ပဋိပက္ခတွင် မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်(၈၀) ခန့်သေဆုံးခဲ့ပြီး လူပေါင်း တစ်သိန်းခန့်ထွက်ပြေးပြောင်းရွှေ့နေထိုင်ခဲ့ကြရသည်။ သို့သော် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့(HRW) က သေဆုံးသူနှင့်ထွက်ပြေးပြောင်းရွှေ့သူအရေအတွက်ကို ခန့်မှန်း၍မရနိုင်ကြောင်းပြောဆိုသည်။ မြန်မာနိုင်ငံတွင် တရားဝင်နိုင် ငံတော်ဘာသာဟူ၍ သတ်မှတ်ထားခြင်းမျိုး မရှိသော်လည်း အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။

ရိုဟင်ဂျာမွတ်စလင်များမှာ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းမခံရပေ။၎င်းတို့ကို အစိုးရက တရားမဝင် ဝင်ရောက်လာသူများအဖြစ် သတ်မှတ်ထားသည်။ မြန်မာသမ္မတ ဦးသိန်းစိန်က ရိုဟင်ဂျာများကို အခြားနိုင်ငံတစ်နိုင်ငံသို့ပို့ရလိမ့်မည်ဟု ထုတ်ဖော်ပြောထားသည်။

မည်သို့ပင်ဆိုစေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာပြည်မှ ထွက်ပြေးတိမ်းရှောင်လာသော အဆိုပါ ရိုဟင်ဂျာ မွတ်စလင်များကို အကူအညီ အထောက်အပံ့ အနည်းငယ်မျှ ပေးခဲ့သည်။ အယ်လ်ဂျာဇီးယား သတင်းဌာန၏ ထုတ်လွှင့်ချက်အရ ရခိုင်ပြည်နယ်၊ မြို့တော် စစ်တွေတွင် အဆိုပါ ဆူပူ အုံ ကြွမှုများကြောင့် နေအိမ်များ၊ စာသင်ကျောင်းများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် ဗလီများ မီးလောင်ပျက်စီးလျက် ရှိသည်ကို တွေ့ရသည်။ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကမူ အဆိုပါ လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များက မွတ်စလင်များကို သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း အစရှိသည်တို့ လုပ်ဆောင်ခဲ့ကြကြောင်း စွပ်စွဲပြောဆိုသည်။
Yangon chronicle

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.