Tuesday, August 14, 2012

0 (ကောင်းမွန်သော အုပ်ချုပ်ရေး) (သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်ရန် ပိုင်ဆိုင်မှုတင်ပြခြင်းအဆို ကန့်ကွက်ခံရခြင်း၏ နောက်ကွယ်တွင်. -
ရေးသူ-ရန်အောင်

ဖြစ်စဉ်

NLD မှ တင်ပြသည့် 'အစိုးရသစ်လက်ထက်တွင် Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်လာရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန်ပေး အပ်ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်အဆို' ကို ၂၅-၇-၂၀၁၂ ရက်နေ့မှာ တင်သွင်းခဲ့ပါတယ်.။

နောက်တစ်နေ့ ၂၆ ရက်နေ့မှာ သမ္မတရုံးက အောက်ပါအတိုင်း ညွှန်ကြားစာထွက်လာပါတယ်။

လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သောပုဂ္ဂိုလ်များသည် တစ်စီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်။

လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များမှာ''(က) ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ (ခ) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ (ဂ) ပြည်ထောင်စုဝန်ကြီး များ၊ (ဃ) ပြည်ထောင်စုရှေ့နေချုပ်၊ (င) ပြည်ထောင်စု စာရင်းစစ်ချုပ်၊ (စ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ (ဆ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများ''တို့ ဖြစ်ကြသည်။ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင် မှုများကို ပူးတွဲပါပုံစံ (၇) မျိုးတွင် ဖြည့်စွက်၍ လက်မှတ်ရေးထိုးပြီး နိုင် ငံတော်သမ္မတထံ အမည်ဖော်ပြ လိပ်မူ၍ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ ရုံးချိန်အတွင်း ဆက်သားဖြင့် ပေးပို့သွားရန် ။ စသဖြင့် ပါဝင်ပါတယ်။

ပြည်နယ်နှင့်တိုင်းအစိုးရအဆင့်ဆင့်အထိ အဲဒီညွှန်ကြားချက်ထွက်ပေါ်လာပါတယ်။

၈-၈-၂၀၁၂ နေ့မှာ NLD ကတင်တဲ့ Clean Government အဆိုဟာ ကန့်ကွက်မဲပေါင်းများစွာနဲ့ ရှုံးနိမ့်ခဲ့ပါတယ်..။ သမ္မတရဲ့ အထက်ပါ ညွှန်ကြားချက်ဟာလည်း ၉-၈-၂၀၁၂ မှာ ရုတ်တရက် ဆိုင်းငံ့သွားပါတယ်..။ ဥပဒေဆိုင်ရာ အငြင်းပွားမှု ရှိနေတဲ့အတွက် ဆိုင်းငံ့ထားခြင်းဖြစ်တယ်လို့ သတင်းများမှာဖော်ပြထားပါတယ်.။

အဲဒီ ဖြစ်စဉ်များကို အခြေခံဥပဒေ ဆိုင်ရာ အချက်အလက်များနဲ့ သုံးသပ်ကြည့်ပါမယ်..။


သုံးသပ်ခြင်း။

အဲဒီမှာ ၈-၈-၂၀၁၂ နေ့က လွှတ်တော်မှာဖြစ်ခဲ့တဲ့ NLD ရဲ့ အဆိုနဲ့ ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးကြတဲ့အချက်တွေကို ပြန်လေ့လာမိပါတယ်..။ ပြန်လေ့လာကြည့်တဲ့အခါမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခင်မောင်ထွန်းရဲ့ ဆွေးနွေးချက်ကို သေသေချာချာ လေ့လာဖတ်ရှုမိပါတယ်။ သူ့ဆွေးနွေးချက်တွေထဲက ဆိုလိုရင်းအပိုဒ်တစ်ခုကို ပြန်လည်ဖော်ပြပါ့မယ်.။

....... ဒါပေမယ့်လို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၈ မှာ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ဦးစီးတဲ့ တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင် မြေအိမ်၊ အဆောက်အုံ၊ စီးပွားရေး လုပ်ငန်းစုငွေနဲ့ အခြားအဖိုးတန် ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ပေးပို့ရမယ်လို့သာ ဖော်ပြထားပါတယ်။

ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေနှင့် ကတိသစ္စာပြုချက်ပါ အတိုင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်ရဲ့ ဥပဒေများကိုလည်း လိုက်နာရမှာဖြစ်တဲ့ အတွက် ဦးဝင်းမြင့်အဆိုမှာပါတဲ့ နိုင်ငံတော်အုပ်ချုပ်ရေး အာဏာကို ခွဲဝေအပ်နှင်းခြင်း ခံရတဲ့ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များရဲ့ ပိုင်ဆိုင်မှုများကို စာရင်းပြုစုကာ ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင် ထားရမယ့်အတိုင်း ဆောင်ရွက်မယ် ဆိုလို့ရှိရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၈ ကို ကျော်လွန်နေတာ တွေ့ရှိရပါ တယ်။ သို့ပါ၍ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များရဲ့ ပိုင်ဆိုင်မှုများကို စာရင်းပြုစု ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင် ထားရမယ်ဆိုတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် မဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ရဲ့အဆိုဟာ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၈ နဲ့ မကိုက်ညီတဲ့အတွက် အဆိုကိုပြန်လည်သုံးသပ်သင့် ပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဆိုလိုရင်းကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကျော်လွန်ပြီး လုပ်တယ် ဆိုတဲ့ သဘောမျိုး ပြောသွားတာဖြစ်ပါတယ်..။ အနှစ်သာရပိုင်းကို မကြည့်ပဲ ဥပဒေကိုကောင်းကောင်းမကောင်းကောင်း ကာကွယ်ရမှာပဲ ဆိုတဲ့ သမိုင်းပေးတာဝန်သဏ္ဍန် မျက်စိစုံမှိတ် ဆွေးနွေးသွားတာဖြစ်ပါတယ်။ အဲဒါကြောင့် ၂၀၀၈ အခြေခံဥပဒေ ကို ပြန်လေ့လာကြည့်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၈ မှာ

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ဦးစီးတဲ့ တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင် မြေအိမ်၊ အဆောက်အုံ၊ စီးပွားရေး လုပ်ငန်းစုငွေနဲ့ အခြားအဖိုးတန် ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ပေးပို့ရမည်။

ဆိုတဲ့ အချက်ကို ဗိုလ်မှူးကြီးခင်မောင်ထွန်းပြောတဲ့အတိုင်း သွားတွေ့ပါတယ်။

ဒါပေမယ့် NLD ဦးဝင်းမြင့် ရည်ညွှန်းသွားတဲ့ အခြားဥပဒေတစ်ခုဖြစ်တဲ့ ၂၀၁၀ အောက်တိုဘာ ၂၁ ရက် ရက်စွဲနဲ့ ပြဌာန်းခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ(၁၀၁)မှာ တော့လွှတ်တော်၏အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သောပုဂ္ဂိုလ်များသည် တစ်စီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်။

ဆိုတဲ့အချက်ပါဝင်ခဲ့ပါတယ်။ ဒါကို NLD ဦးဝင်းမြင့်က ထောက်ပြပြီး မိမိရဲ့ အဆိုဟာလည်း ထိုဥပဒေကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မကျော်လွန်ကြောင်း၊ အဓိကက ပြည်သူကို ချပြဖို့အတွက်ဖြစ်ကြောင်း ပြောကြားကာ ပြည်ထောင်စုရှေ့နေချုပ်ရဲ့စကားကို ကိုးကားပြီး နောက်ဆုံး ကန့်ကွက်မခံရခင်မှာ ထောက်ပြဆွေးနွေးခဲ့ပါတယ်..။ ဘာ့ကြောင့်လဲဆိုတော့ အထက်ပါ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၀၁ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၆၈) နဲ့ မတူသလို မိမိအဆိုဟာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မတူကြောင်းပါ။

ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်ပြောခဲ့တဲ့အချက်တွေထဲမှာ ..

အထက်ဖော်ပြခဲ့သော ပုဂ္ဂိုလ်အားလုံး All Inclusive အကျုံးဝင် စေမည်ဆိုပါက အခြေခံဥပဒေက အသေအချာ ပြုထားသည့် ရည်ရွယ်ချက်အတိုင်း ဖြစ်စေရန်အလို့ငှာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၈၊ နောက်ဆက်တွဲ ၆၈(က) ဖြင့် သက်ဆိုင်ရာ ပြဋ္ဌာန်းချက်ကို ဖြည့်စွက်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်လည်းကောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေကို ပြင်ဆင်ရန် လည်းကောင်း လိုအပ်မည်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေဥပဒေပုဒ်မ ၄၃၆(ခ)အရ ပုဒ်မ (၆၈)ကို ပြင်ဆင်မည်ဆိုပါက ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံဆန္ဒမဲဖြင့် ပြင်ဆင်ရန်ဖြစ်ပါတယ်။

လို့ ဆွေးနွေးခဲ့တဲ့ အတွက်ပါ..။ ၄င်းဆွေးနွေးပုံက NLD ရဲ့အဆိုဟာ ကောင်းတဲ့အချက်လို့ လွှတ်တော်မှ လက်ခံကြရင် ဒီအဆိုကို အတည်ပြုချင်ရင် အခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်မလား…. ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေကို ပြင်ဆင်ဖြည့်စွက်မလားဆိုပြီး ဥပဒေပညာရှင်ပီပီ ပညာသားပါပါထောက်ပြသွားတဲ့ ဆွေးနွေးမှုပါ။ တနည်းအားဖြင့် အားလုံးကို သတိပေးခေါင်းလောင်း တီးပေးလိုက်တာပါ။

အဲဒီတော့ ပြည်ထောင်စုအစိုးရဥပဒေပုဒ်မ (၁၀၁) ကို ပြင်မလား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၆၈) ကို ပြင်မလား ဆိုတဲ့ ပြဿနာ ဖြစ်လာပါတယ်။ အဲဒါကိုလေ့လာကြည့်ရင် သမ္မတရဲ့ ပိုင်ဆိုင်မှု အပ်နှံရန် ညွှန်ကြားချက် ယနေ့အချိန်မှာ ဘာ့ကြောင့် ဆိုင်းငံ့သွားသလဲဆိုတာ သဘောပေါက်လောက်ပါပြီ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၆၈) ကိုခွဲဖြန့်လေ့လာခြင်း


ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မှ ၆၈ မှာ သမ္မတ နဲ့ ဒုသမ္မတတွေရဲ့ ပိုင်ဆိုင်မှုကို ပြည်ထောင်စုလွှတ်တော်အကြီးအကဲ (နာယက) ကို တင်ရမယ်လို့ ပါဝင်ပါတယ်..။ အဲဒီအချက်အရ လွှတ်တော်အကြီးအကဲ ဆိုသူများဟာ ဘယ်လိုလူတွေလဲ ဆိုတာကို ၂၀၀၈ အခြေခံဥပဒေကိုပဲ ပြန်အသုံးပြုပြီး လေ့လာပါ့မယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥဒေ ပုဒ်မ ၇၆ (က) မှာ

ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒုတိယနာယကများ၏ တာဝန်ထမ်းဆောင်ခြင်း

၇၆။(က) ပြည်သူ့လွှတ်တော် သက်တမ်းတစ်ခု စတင်သည့် နေ့ရက်မှ လပေါင်း ၃၀ ပြည့်မြောက်သည့် နေ့ရက်အထိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌတို့သည် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဒုတိယနာယကတာဝန်ကိုပါ ထမ်းဆောင်ရမည်။ ကျန်သက်တမ်းကာလအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဒုတိယနာယက တာဝန်ကိုပါ ထမ်းဆောင်ရမည်။
ဆိုတဲ့ အချက်ပါဝင်ပါတယ်။

အဲဒီတော့ အမျိုးသားလွှတ်တော် ဥက္ကဌ ဆိုတာ ဘယ်လိုလူမျိုးကို ရွေးချယ်သလဲဆိုတာကို တိုက်ရိုက် အခြေခံဥပဒေမှာမပြဌာန်းထားပေမယ့် ပြည်သူ့လွှတ်တော်ဥက္ကဌများ၏ ရွှေးချယ်ပုံအတိုင်းဖြစ်သည် ဆိုတော့ ဆက်လက်လေ့လာမိပြန်ပါတယ်။

ပုဒ်မ ၁၁၁။(က)(၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတစ်ဦးနှင့် ဒုတိယဥက္ကဋ္ဌတစ်ဦးကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထဲမှ ရွေးကောက်တင်မြှောက်ရမည်၊

အဲဒီတော့အတိုချုပ်လိုက်ရင် ပြည်ထောင်စုလွှတ်တော်နာယကဆိုတာတနည်းအားဖြင့် ရွှေးကောက်တင်မြှောက်ခံထားရတဲ့ အမျိုးသားလွှတ်တော် ဥက္ကဌဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ဥက္ကဌဆိုတာလည်း ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပါတယ်။ အဲဒီ လွှတ်တော်ကိုယ်စားလှယ် ဆိုသူတွေဟာ သက်ဆိုင်ရာပါတီဝင်တွေဖြစ်ကြပါတယ်..။ သမ္မတ/ဒုသမ္မတ လို ဘယ်ပါတီဝင်အဖြစ်ကမှ အလိုလျောက်အနားယူထားသူတွေမဟုတ်ပါဘူး။

သတိထားမိတာက ပြည်ထောင်စုလွှတ်တော်နာယကသက်တမ်းဟာ လပေါင်းသုံးဆယ်ပါ။

အခြေခံဥပဒေ ပုဒ်မ (၇၆)-က အရ လပေါင်းသုံးဆယ်ကျော်ရင် ပြည်ထောင်စုလွှတ်တော်နာယက တာဝန်ယူထားတဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ ဟာ ပြည်သူ့လွှတ်တော် ဥက္ကဌကို ပြည်ထောင်စုလွှတ်တော်နာယက တာဝန် လွှဲပေးရပါတော့မယ်။ ပွင့်လင်းစွာပြောရရင် ဦးခင်အောင်မြင့်နေရာကို လပေါင်းသုံးဆယ်ကြာရင် ဦးရွှေမန်း ရောက်မှာဖြစ်ပါတယ်။

အခု NLD က ကန့်ကွက်ခံခဲ့ရတဲ့အဆိုအရ လက်ရှိအချိန်မှာ အစိုးရအဖွဲ့ဝင်များဟာ သမ္မတကို ပိုင်ဆိုင်မှုတင်နိုင်ခဲ့ရင် သမ္မတဟာ မည်သည့်ပါတီဝင်မှမဟုတ်ပါ။ အခြေခံဥပဒေပုဒ်မအရဆိုလျှင်လည်း ပြဿနာမရှိပါ။

ပုဒ်မ ၅၈။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုမြန်မာနိုင်ငံတ၀န်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်ဖြစ်သည်။

အစိုးရအဖွဲ့ဝင်များရဲ့ပိုင်ဆိုင်မှုများကို လွှတ်တော်အကြီးအကဲကို တင်ရမယ်လို့ အခြေခံဥပဒေကို ဖြည့်စွက်ခဲ့ရင်/ ဒါမှမဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေကို ပြင်ဆင်ခဲ့မယ်ဆိုရင် အစိုးရအဖွဲ့ဝင်များဟာ ယခင်တုန်းက ပြည်ခိုင်ဖြိုးပါတီဝင်ဟောင်းများဖြစ်သလို လွှတ်တော်နာယကများဟာလည်း လက်ရှိအချိန်မှာပြည်ခိုင်ဖြိုးပါတီဝင်တွေဖြစ်နေကြတုန်းပါ။ ဒါကြောင့် လွှတ်တော်နာယများကို အစိုးရအဖွဲ့မှ ပိုင်ဆိုင်မှုတင်တင်ခြင်းဟာ တရားမျှတမှု ရှိနိုင်ပါ့မလား..။ ၂၀၀၈ အခြေခံဥပဒေအရ လွှတ်တော်အကြီးအကဲတိုင်းဟာ အာဏာရပါတီ ဒါမှမဟုတ် အတိုက်အခံ ပါတီ တစ်ခုခုကို ကိုယ်စားပြုထားတဲ့ ကိုယ်စားလှယ်တစ်ယောက်ကို ရွှေးချယ်ထားတာပါပဲ။

ပိုင်ဆိုင်မှုနှင့်စပ်လျဉ်းသော သုံးသပ်ချက်


လက်ရှိအစိုးရအဖွဲ့ဝင်များထဲမှာ သမ္မတနဲ့ ပိုင်ဆိုင်မှုကို မှတ်ကျောက်တင်ရဲသူ တစ်ယောက်နှစ်ယောက်ကလွဲလို့ ကျန်အစိုးရအဖွဲ့ဝင်အားလုံးနီးပါးရဲ့ ပိုင်ဆိုင်မှုများကို စစ်ဆေးဖို့အတွက်လည်း ပြဿနာရှိနေပါတယ်။ ဘာ့ကြောင့်လဲဆိုရင် အစိုးရအဖွဲ့ဝင်အများစုဟာ ယခင်က စစ်အစိုးရရဲ့ တပ်မတော်အရာရှိကြီးများဖြစ်ခဲ့ကြပါတယ်။ အဲဒီတုန်းကအခြေအနေဟာ ယခု အစိုးရသစ်သက်တမ်း တစ်နှစ်ကျော်အတွင်းကထက် အဂတိလိုက်စားမှု ပိုမိုများပြားခဲ့တဲ့အတွက် ယခုအချိန်မှာ ၄င်းတို့/၄င်းတို့မိသားစုများရဲ့ပိုင်ဆိုင်မှုကို စစ်ဆေးမယ်ဆိုရင် ယခင်အစိုးရဟောင်းလက်ထက်ကတည်းက မြောက်များစွာသော ပိုင်ဆိုင်မှုများကို ပြန်လည်တွေ့ရှိမှာဖြစ်ပါတယ်။ ဥပမာ ပိုင်ဆိုင်မှုအရ လုပ်ငန်း ငါးခုရှိသည်ဆိုပါစို့ အဲဒီလုပ်ငန်းတွေဟာ ယခင် အစိုးရလက်ထက်ကတည်းက မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတွေဆိုရင် ယခင်စစ်တပ်အုပ်ချုပ်ခဲ့တဲ့ တပ်မတော်အရာရှိဘ၀မှာ ၄င်းနဲ့ ၄င်းရဲ့မိသားစုများမှ စီးပွားရေးလုပ်ငန်း မည်မျှ လုပ်ကိုင်ခဲ့ကြောင်း အထောက်အထားတွေ ပိုမိုပေါ်လွင်လာမှာဖြစ်ပါတယ်။


ယခုအချိန်ကျမှ ထိုမျှများပြားသော ပိုင်ဆိုင်မှုများ စီးပွားရေးလုပ်ငန်းများကို အချိန်တိုအတွင်း စာရင်းဖျောက်ရန် ဘယ်လိုမှမဖြစ်နိုင်ပါ။

အဲဒါကြောင့် ယခုကိစ္စမှာ တပ်မတော်သားကိုယ်စားလှယ်များက အခြေခံ ဥပဒေ ပုဒ်မ ၆၈ ကို အကြောင်းပြကာ တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ ယခင်တပ်မတော်အစိုးရလက်ထက်က တပ်မတော်အရာရှိကြီးများ ကြီးမားစွာ အဂတိလိုက်စားမှုများအဖြစ် ပြည်သူ့နားသို့ တရားဝင်ပေါက်ကြားကာ နောက်ကြောင်းပြန်ရိုက်ခတ်လာမယ့် အကျိုးသက်ရောက်မှု (သမိုင်း) ကိုပါ ကာကွယ်ခဲ့ခြင်းဖြစ်ပါတယ်။ ထို့အပြင် လွှတ်တော်ထဲတွင် အင်အားအကြီးဆုံး အာဏာရပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များထဲမှာ လွှတ်တော်ဥက္ကဌများအပါအ၀င် အင်အား အများစု ရှိပါတယ်။ ဒါ့ကြောင့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များမှ ၄င်းတို့ပါတီဝင်ဟောင်းများ၊ ယခင်စစ်အစိုးရလက်ထက်မှ လုပ်ဖော်ကိုင်ဖက် Senior Junior ဖြစ်ခဲ့ဖူးသူ အစိုးရအဖွဲ့ဝင်များရဲ့ အကျိုးစီးပွားကို ပြည်သူ့မျက်နှာမထောက် ကာကွယ်ခဲ့ခြင်းဖြစ်ပါတယ်။


အဲဒါကြောင့် ဒီအဆိုဟာ ပျက်ပြယ်ခဲ့ပါတယ်..။ ဒါပေမယ့် လွှတ်တော်ထဲရှိ NLD ဦးဝင်မြင့်၏ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၀၁ နဲ့ အခြေခံဥပဒေပုဒ်မ ၆၈ ကို ယှဉ်ထောက်ပြလိုက်တဲ့အတွက် သမ္မတရုံးအပါအ၀င် အခြေခံဥပဒေခုံရုံးနှင့် လွှတ်တော်ထဲအထိပါ ဂယက်ရိုက်သွားတယ်ဆိုတာ ငြင်းမရပါ။

နိဂုံး


အဲဒါကြောင့် ဒီအချက်တွေကို လေ့လာသုံးသပ်ပြီး အမတ်အနည်းငယ်သာရှိတဲ့ NLD ရဲ့ လွှတ်တော်တွင်းနဲ့ သမ္မတအပါအ၀င် အစိုးရတစ်ရပ်လုံးကို အဆို တစ်ခုတည်းနဲ့ ကိုင်လှုပ်နိုင်စွမ်းရှိခြင်းအပြင် အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် ပထမခြေလှမ်းအဖြစ် အားလုံးကို တပ်လှန့်လိုက်ခြင်းဖြစ်ကြောင်း နားလည်ကာ လေးစားအသိအမှတ်ပြုမိသလို နောက်ဆက်တွဲဖြစ်လာမယ့် အားပြိုင်မှုများ၊ ခြေထိုးမှုများနဲ့ အကျိုးသက်ရောက်မှုများကို စောင့်ကြည့်လေ့လာသုံးသပ်နိုင်ကြရန်အတွက် ရေးသားလိုက်ရပါတယ်..။

Ref: http://www.pyithuhluttaw.gov.mm

ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)

ရန်အောင်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.