Monday, September 17, 2012

1 ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုခရီးစဉ် စတင်ထွက်ခွာနှင့်ကြိုဆိုရေးပြင်ဆင်နေမှုများ

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်သို့ ရောက်ရှိမည့် ဖြစ်သဖြင့် ကြိုဆိုရန်အတွက် ကျောင်းများတွင် ကလေးငယ်များကို NLD အလံကို မိမိပါသာ ပြုလုပ်စေသည်။ အတုယူဖွယ် လုပ်ရပ်လေးပင်။ ကလေးတွေရဲ့ တီထွင်ဖန်တီးနိုင်မှုစွမ်းအားကို ပြုလုပ်ပေးရာ ရောက်ပြီး ချစ်ခြင်းမေတ္တာတရားကိုလည်း ပိုမိုခိုင်မာ အားကောင်းစေနိုင်သည်။ Photo by Ellie Bogue
ဖို့ဒ်ဝင်းမြို့မှာလည်း မြန်မာနိုင်ငံသား အိမ်များရှေ့မှာ အခုလို Yard Sign များ ထောင်ထားကြပါတယ် ....

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စု ခရီးစဉ်အဖြစ် ယနေ့(စက်တင်ဘာလ ၁၆ရက်နေ့) ည ၇ နာရီ ၄၅ မိနစ်တွင် ဘန်ကောက်သို့ ထွက်ခွာမည့် TG 306 လေယာဉ်ဖြင့် စတင်ထွက်ခွာရန်ည၆နာရီ၄၅မိနစ်တွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။
ရက်သတ္တပတ် နှစ်ပတ်ကျော် ကြာမြင့်မည့် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ပြည်ထောင်စု ခရီးစဉ်ကို ဆယ်စုနှစ် နှစ်ခုအကြာ ပထမဆုံးအဖြစ် ယနေ့ ညနေပိုင်းတွင် စတင်လိုက်သည်။

၎င်း၏ ခရီးစဉ်အတွင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ ဆုများ ရယူမည်ဖြစ်ပြီး အမေရိကန် သမ္မတ ဘားရတ် အိုဘားမား တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံတကာ သတင်းအချို့တွင် ဖော်ပြထားသော်လည်း အမျ
ိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်သည့် သူ၏ ခရီးစဉ်တွင် ဆုလက်ခံရယူခြင်း၊ တက္ကသိုလ်များသို့ သွားရောက် လည်ပတ်ခြင်း၊ ဝါရှင်တန်၊ နယူးယောက်၊ လော့အန်ဂျလိစ်၊ ဖို့ဝေးမြို့များရှိ မြန်မာ မိသားစုများနှင့်လည်း တွေ့ဆုံခြင်းတို့ နှင့် ပတ်သက်သော ခရီးစဉ်များကိုသာ ထုတ်ပြန်ထားသည်။

ယနေ့ ညပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှ တဆင့် ထွက်ခွာ သွားသော ဒေါ်အောင်ဆန်းစုကြည်ကို ပါတီဝင်နှင့် လူထု ရာချီက လိုက်ပါ ပို့ဆောင်ခဲ့ပြီး နောက်တစ်နေ့ မနက် စက်တင်ဘာ ၁၇ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုမြို့တော် ဝါရှင်တန် ဒီစီသို့ ရောက်ရှိမည် ဖြစ်သည်။ယင်းနောက် အောက်တိုဘာ ၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မရှေးမနှောင်းတွင် မြန်မာ သမ္မတကြီး ဦးသိန်းစိန်သည် အမေရိကန် ပြည်ထောင်စုသို့ သမိုင်းဝင် ခရီးစဉ် သွားရောက်ရန် ရှိပြီး ခေါင်းဆောင်နှစ်ဦး၏ ခရီးစဉ်များသည် မြန်မာ၏ ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ အနာဂတ် လမ်းကြောင်းအတွက် အပြောင်းအလဲ ဖြစ်လာဖွယ် ရှိကြောင်း The Wall Street ဂျာနယ်က ရေးသားထားသည်။

အမေရိကန် ဥာဏ်ကြီးရှင် အဖွဲ့တစ်ခုဖြစ်သော မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး ဌာန (CSIS) ကလည်း အမေရိကန် သမ္မတ ဘားရက် အိုဘားမား အနေနှင့် ခေါင်းဆောင်နှစ်ဦး စလုံးနှင့် တွေ့ဆုံရန် အကြံပြု ထားသည်။

“အမေရိကန်က မြန်မာ့ပြုပြင် ပြောင်းလဲရေးကို ထောက်ခံမှု ပြချင်လိမ့်မယ်လို့ ထင်တယ်။ အထူးသဖြင့် သူတို့လိုချင်တာ ရရင်ပေါ့”ဟု သြစတြေးလျ နိုင်ငံ အခြေစိုက် မက္ကိုင်ယား တက္ကသိုလ်မှ မြန်မာ့အရေး ကျွမ်းကျင်သူ ရှောင်တာ နဲလ်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ပြည်ထောင်စု ခရီးစဉ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ စက်တင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သော ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ပြည်ထောင်စု ခရီးစဉ်မှာ အောက်ပါအတိုင်းဖြစ်သည်။

၁၆/၉ အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာခြင်း
၁၇/၉ ဝါရှင်တန်ဒီစီ သို့ရောက်ရှိခြင်း
၁၈/၉ Asia Society Global Vision ဆု လက်ခံရယူခြင်း
၁၉/၉ အမေရိကန် ကွန်ဂရက်၏ ရွှေတံဆိပ်ဆုပေးပွဲ တက်ရောက်ခြင်း
၂၀/၉ ဦးခွန်ထွန်းဦး၊ ဦးမင်းကိုနိုင်၊ ဒေါက်တာ စင်သီယာမောင်၊ ဦးအောင်ဒင်၊ ဦးကျော်သူ တို့ကို ပေးအပ်မည့် NED ဆု ပေးပွဲ တက်ရောက်ခြင်း
၂၁/၉ နယူးယောက်မြို့တွင် ကျင်းပမည့် Atlantic Council Global Citizen ဆုချီးမြှင့်ပွဲ တက်ရောက်ခြင်း
၂၂/၉ အမေရိကန်ရောက် မြန်မာမိသားစုများနှင့် နယူးယောက်မြို့တော်တွင် တွေ့ဆုံခြင်း
၂၃/၉ Louisville တက္ကသိုလ်သို့ သွားရောက်ခြင်း
၂၅/၉ Fort Wayne မြို့ရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံခြင်း
၂၆/၉ ယေးလ်တက္ကသိုလ် သို့ သွားရောက်ခြင်း
၂၇/၉ ဟားဗတ် တက္ကသိုလ်သို့ သွားရောက်ခြင်း
၂၈/၉ ဆန်ဖရန် စစ္စကို တွင် ကျင်းပမည့် Freedom Forum သို့တက်ရောက်ခြင်း
၂၉/၉ ဆန်ဖရန် စစ္စကိုရှိ မြန်မာ မိသားစုများနှင့် တွေ့ဆုံခြင်း
၂/၁၀ လော့အိန်ဂျလိစ်မြို့ရှိ မြန်မာ မိသားစုများနှင့် တွေ့ဆုံခြင်း
၃/၁၀ အမေရိကန် ပြည်ထောင်စုမှ ပြန်လည်ထွက်ခွာခြင်း

(The Voice Weekly)
ယခုခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ကိုယ်ရေးအရာရှိဖြစ်သူ ဒေါက်တာတင်မာအောင်နှင့် အဖွဲ့ချုပ်လူငယ် ကိုဇော်မင်းဦးတို့ လိုက်ပါသွားကြောင်း သိရှိရသည်။
Photo and news..BBC,Eleven media group

1 comment:

  1. အန်တီ ...အမေရိကန်ခရီး ...စတင်ထွက်ခွာလာပြီ..........ဖို့ ဝိန်းကိုလည်းလာမှာဆိုတော့ ..ကြိုဆိုဖို့ အတွက်ပြင်ဆင်နေကြပြီ...ခရီး စဉ် စ-ဆုံး အစဉ်ပြေချောမွေ့ ပါစေ..လို့ ဆုတောင်းလိုက်ပါတယ်........သတိယတယ်အရမ်းဘဲ.........တွေ့ ချင်နေတယ်.........

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.