


ဒီကနေ့ နိုင်ငံတကာငြိမ်းချမ်းရေးထိန်းသိမ်းရေးနေ့ ဖြစ်သလို၁၉၉၁ နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကုလသမဂ္ဂမှာ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့အတူ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဘီဘီစီ မြန်မာဌာနသတင်းထောက်ကငြိမ်းချမ်းရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာအထူးပြု ပြောစရာ ရှိသလဲလို့ မေးတော့ ငြိမ်းချမ်းရေးဟာ အင်မတန် အရေးကြီးတယ်၊ ငြိမ်းချမ်းရေးရှိမှအမုန်းတရားတွေ ပျောက်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကဘီဘီစီ မြန်မာဌာနရဲ့ မေးခွန်းကို ဖြေကြားပေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာအခုတော့ နိုင်ငံရေး ခေါင်းဆောင်တယောက် ဖြစ်နေပြီ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုတွေကို ကျွန်တော်တို့ အနေနဲ့ အများကြီး မျှော်လင့်အားထားပါတယ်။ ကုလသမဂ္ဂ အနေနဲ့လည်း အစွမ်းကုန် ကူညီသွားပါမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဦးဆောင်ဦးရွက်မှုတွေကိုလည်း မစ္စတာ ဘန်ကီမွန်းက ထည့်သွင်းလို့ အမှတ်ပေး ချီးကျူး ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲကို နိုင်ငံတကာ
မီဒီယာသမားတွေ ၅၀ ကျော် ၆၀ နီးပါး တက်ရောက်ခဲ့ကြပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂမှာ ရှားရှားပါးပါး တွေ့ဆုံခွင့် ရတဲ့အတွက်ကိုလည်း မီဒီယာသမားတွေက ၀မ်းမြောက်ပျော်ရွှင်နေကြပါတယ်။ သူတို့ အားလုံးနီးပါးဟာ ဒေါ်အောင်ဆန်းစုကြည် သတင်းကို တောက်လျှောက် နားစွင့် သတင်းရေးသားနေသူတွေ ဖြစ်သလို၊ တချို့ဆိုလည်း အမေရိက ခရီးစဉ်မှာ တောက်လျှောက်လိုက်ပါ သတင်းယူနေသူတွေ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော် ဒေါ်အောင်ဆန်းစုကြည် အသက် နှစ်ဆယ်ကျော် အရွယ်က ကုလသမဂ္ဂမှာ ၀န်ထမ်းအဖြစ် လုပ်ကိုင် ဆောင်ရွက်ခဲ့ဖူးပါတယ်။အခုတော့ကုလသမဂ္ဂဟာအများကြီး(ပုံစံ) ပြောင်းလဲသွားပြီပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပင်ပန်းနေပုံ ရပေမယ့် ကြည်ကြည်လင်လင် ရွှင်ရွှင်ပြပြပဲ ရှိပါတယ်။ တနေ့ တနေ့ ကြိုတင် စီစဉ်ထားတဲ့ အစီအစဉ်တွေအတိုင်း တွေ့ဆုံ ဆွေးနွေးရမယ့်သူတွေ များတာကြောင့် အမေရိက မာရသွန် ခရီးစဉ်ကြီး အတွင်းမှာ မမောမပန်းအားဘဲ ပြေးလွှား လုပ်ကိုင် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။
BBC
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်