Thursday, September 20, 2012

1 ဂျို (ချို) မပါတဲ့ ဒုက္ခများ

ဥပဒေတွေ ပြင်တာ၊ ဖျက်တာ၊ အသစ်တိုး တာတွေ လုပ်တာလည်း လုပ်တာပေါ့။ ဒါပေမယ့် အောက်ခြေကနေပြီးတော့ သာမန် ပြည်သူတွေကို နေ့စဉ် ဒုက္ခပေးနေတဲ့ ပြဿတွေလည်း ပြင်စရာရှိတာ ပြင်နိုင်ဖို့ ဆွေးနွေးလိုပါတယ်။

အဲဒီကိစ္စတွေဟာ ဘာမဟုတ်တာလေးလို့ ထင်ရပေမယ့် ပြည်သူတွေကို နေ့စဉ် ဒုက္ခပေးနေတာ ဖြစ်သလို ... စီးပွားရေး လက်ဝါးကြီးအုပ်မှု၊ လာဘ်ပေးလာဘ်ယူမှုနဲ့ အကျင့်ပျက်မှုတွေကို ဖြစ်ပေါ်စေတဲ့ ကိစ္စ တွေပါ။ ဒီကိစ္စတွေဟာ ရုတ်တရက်ကြည့်ရင် သေးတယ် ဆိုပေမယ့် မြန်မာပြည်သူတွေ နေ့စဉ် ခံစားနေရတဲ့ ပြဿနာတွေ ဖြစ်တာကြောင့် အင်မတန်ကြီးမားပြီး အမြန်ဆုံး ပြုပြင်ဖို့ လိုအပ်ပါတယ်။

ကျွန်တော် စဉ်းစားမိသလောက် ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေမှာ ဒုက္ခပေးနေတဲ့ ဌာနဆိုင်ရာ ဒုက္ခပေးမှုတွေကတော့ ...

၁။ ဧည့်စာရင်းတိုင်ရခြင်း


မြန်မာနိုင်ငံသားတစ်ယောက်ဟာ မြန်မာနိုင်ငံထဲမှာလွတ်လပ်စွာသွားလာခွင့်ရှိရပါတယ်။ မြန်မာပြည်ဟာ မြန်မာပြည်သူတွေ အားလုံး ပိုင်ဆိုင်တဲ့ တိုင်းပြည် ဖြစ်ပါတယ်။ ဒါကို ခရီးသွားလာတဲ့အခါ ဧည့်စာရင်း တိုင်ရတာဟာ အဓိပ္ပါယ် မရှိတဲ့ သတ်မှတ်ချက်ပါ။ ရောက်လေရာ နေရာမှာ အေးအေးချမ်းချမ်း တည်းခို နေထိုင်လို့ မရဘဲ .. ဧည့်စာရင်း တိုင်ရတဲ့ ဒုက္ခကို မြန်မာနိုင်ငံသားတိုင်း ခံစားဖူးမှာပါ။

အလားတူ ည အချိန်မတော် ဧည့်စာရင်း စစ်လို့ထရတာ၊ မိန်းကလေးတွေ အိပ်ခန်း၊ အိပ်ယာတွေ ဝင်စစ်တာ၊ စတဲ့ ဒုက္ခတွေဟာ မသေးလှပါဘူး။ ဧည့်စာရင်း စစ်ရတဲ့ ဝန်ထမ်းတွေလည်း အိပ်ရေးပျက်သလို .. တနေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ထားတဲ့ ပြည်သူတွေလည်း အိပ်ရေးပျက်ပါတယ်။

လုံခြုံရေးကို အကြောင်းပြပေမယ့် လစာ ရိက္ခာယူပြီး လုံခြုံရေး တာဝန်ယူထားတဲ့ အစိုးရ၊ စစ်တပ်၊ ရဲ၊ ထောက်လှမ်းရေး စတဲ့ အဖွဲ့အစည်းတွေရဲ့ တာဝန်ဟာ ပြည်သူတွေရဲ့ လုံခြုံရေးဖြစ်ပါတယ်။ ဒါပေမယ့် ဒါကို အကြောင်းပြပြီး ပြည်သူတွေကို အလိုရှိတိုင်း နှိပ်စက်လို့ မရပါဘူး။ ပြည်သူတွေကို ဒုက္ခမပေးဘဲ လုံခြုံရေး ယူတတ်ရပါမယ်။ ယူနိုင်ရပါမယ်။ အဲဒီလို မလုပ်နိုင်ရင် လစာ၊ ရိက္ခာ ယူပြီး ညာမနေပါနဲ့။ အလုပ်က ထွက်လိုက်ပါလို့သာ ပြောလိုပါတယ်။ ဒါကြောင့် ဧည့်စာရင်း ကိစ္စကို မြန်မာပြည်ကနေ အပြီးတိုင် ဖျက်သိမ်းဖို့ လိုပါတယ်။

၂။ အစိုးရဌာနများတွင် ပုံစံ (Form) ဝယ်ရခြင်း


မြန်မာပြည်မှာ အစိုးရဌာနတွေနဲ့ ဆက်ဆံတိုင်း ဘာလုပ်လုပ် ပုံစံဖြည့်ရပါတယ်။ ဒါဟာ မထူးဆန်းပါဘူး။ ထူးဆန်းတာက အဲဒီ ပုံစံကို ဝယ်ရတာပဲ ဖြစ်ပါတယ်။ ဒီကိစ္စကို နိုင်ငံသားတိုင်း ခံစားဖူးကြပါတယ်။ ဥပမာ ကျွန်တော့် ကိုယ်တွေ့ ... UK နိုင်ငံမှာ နိုင်ငံကူး လက်မှတ်ကို သက်တမ်းတိုးဖို့ သံရုံးသွားရတော့ .. သက်တမ်းတိုးခ စတာလင် ပေါင်(၁၀၀) ပေးရပါတယ်။ ဒါက အစိုးရကို ပေးရတာဆိုတော့ ထားပါတော့။ ဒါတောင် သတ်မှတ်တဲ့ ငွေ ပမာဏက များလွန်းပါတယ်။ ဒီထက်ပိုဆိုးတာကတော့ သက်တမ်းတိုးဖို့ ပုံစံကို စတာလင် (၅) ပေါင် ပေးဝယ်ရတာပါပဲ။ ဘယ်နေရာမှာ မိတ္တူကူးကူး ၁၀ ပြားပဲကျပြီး .. လူတိုင်းမှာ ပရင်တာ (Printer) ရှိကြတာကြောင့် အင်တာနက်ကနေ ပုံစံ စာရွက်ကို ပရင့် (print) ထုတ်ယူပြီး ရနိုင်တာကြောင့် အလကားလောက် နီးနီးရတာကို (၅) ပေါင် ပေးရတာကတော့ အင်မတန် မသင့်တော်သော လုပ်ရပ်ဖြစ်ပါတယ်။ .. ဒါ ယူကေနိုင်ငံက မြန်မာသံရုံး တစ်ခုတည်းပါ။ အခြားသော ပြည်တွင်း၊ ပြည်ပက မြန်မာအစိုးရ ဌာန အသီးသီးမှာ အခုလို ပုံစံစာရွက် (Form) ကို ရောင်းစားတာဟာ ဘယ်လောက်များနေသလဲဆိုတာ တွေးကြည့်ရင် သိနိုင်ပါတယ်။ .. ပြည်သူတွေရဲ့ ဝန်ကို ထမ်းဆောင်ပေးရမယ့် ပြည်သူ့ဝန်ထမ်းတွေ မဟုတ်တော့ပဲ .. ဝန်ထမ်းတွေရဲ့ တာဝန်တွေကို ပြည်သူတွေက ပြန်ထမ်းနေရတာ ဖြစ်နေပါတယ်။ ပြည်သူတွေရဲ့ ငွေကြေးတွေဟာ မလိုအပ်ဘဲ .. နေ့စဉ် တရက်အတွင်း အဲဒီလို ပုံစံpရွက် (form) ဖို့အတွက် သုံးစွဲနေရတာဟာ တနိုင်ငံလုံးစုစုပေါင်းရင် .. နည်းတဲ့ ပမာဏ မဟုတ်လောက်ပါဘူး။ မြန်မာကျပ်ငွေ သိန်း၊ သန်းချီပါလိမ့်မယ်။

၃။ အစိုးရ လုပ်ငန်းနှင့် သက်ဆိုင်သော ကိစ္စများတွင် မလိုအပ်သော စည်းကမ်းများသတ်မှတ်ကာ စီးပွားရှာကြခြင်း

အစိုးရ လုပ်ငန်းနှင့် သက်ဆိုင်သော ကိစ္စများတွင် မလိုအပ်သော စည်းကမ်းများသတ်မှတ်ကာ စီးပွားရှာကြခြင်းဆိုတာကတော့ အစိုးရ ဝန်ကြီးဌာနတွေရဲ့ ဝန်ဆောင်မှုတွေကို သတ်မှတ်ထားသော နေရာက ပစ္စည်းများကို ဝယ်သုံးမှ အသိအမှတ်ပြုမယ်ဆိုပြီး စည်းကမ်း သတ်မှတ်ချက်များ ဖြစ်ပါတယ်။ ဖြစ်သင့်တဲ့ လိုအပ်ချက်ကို သတ်မှတ်တာ မဟုတ်ဘဲ .. နေရာကို သတ်မှတ်တာ ဖြစ်ပါတယ်။

ဥပမာ ...ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာ (ကညန) က မော်တော်ကား နံပါတ်ပြားများကို သတ်မှတ်ထားသော နေရာတစ်ခုတည်းကနေ ဝယ်ယူ တပ်ဆင်မှ ကားလိုင်စင် ထုတ်ပေးပါတယ်။ တကယ်တော့ ဒါဟာ ပြည်သူတွေ အပေါ်မှာ စီးပွားရေး လက်ဝါးကြီး အုပ်တာ ဖြစ်ပြီး .. ပြည်သူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖျက်စီး ပိတ်ဆို့တာ ဖြစ်ပါတယ်။ ကညန အနေနဲ့ ကားနံပါတ်ပြားတွေကို ရေးဆွဲရာမှာ .. စာလုံး အရွယ်အစား၊ အရောင်၊ ရှင်းလင်းပျက်သားမှု၊ စာလုံးပုံစံ ... စတဲ့ သတ်မှတ်ချက်တွေကို ထုတ်ပြန်ပြီး .. ဘယ်နရာမှာ ရေးလာတဲ့ နံပါတ် ဖြစ်ဖြစ် .. အဲဒီ သတ်မှတ်ချက်တွေကို ပြည့်မီမယ်ဆိုရင် .. လိုင်စင် ထုတ်ပေးသင့်ပါတယ်။ အခုက အဲဒီလို မဟုတ်ဘဲ အစိုးရ ဌာနနဲ့ လက်ဝါးခြင်း ရိုက်ထားတဲ့ နေရာက ဝယ်ထားတဲ့ နံပါတ်ပြားတွေကိုပဲ သုံးမှ လိုင်စင် ထုတ်ပေးတာဟာ .. ပြည်သူတွေကို ဒုက္ခပေးတာ ဖြစ်ပြီး .. အဲဒီလို လုပ်ပိုင်ခွင့် ရဖို့အတွက် အပြိုင်အဆိုင်နဲ့ ဝန်ထမ်းတွေကို လာဘ်ပေးရတဲ့ စီးပွားရေး ဈေးကွက်က ပေါ်လာပါတော့တယ်။ ဒါဟာ အင်မတန် မှားယွင်းတဲ့ စီမံခန့်ခွဲမှု ဖြစ်ပါတယ်။ အလားတူပါပဲ ..နိုင်ငံကူး လက်မှတ်လျှောက်ထားရာမှာလည်း သတ်မှတ်တဲ့ နေရာက ဓါတ်ပုံကိုပဲ ရိုက်ရပါတယ်။ (အထက်ပါ ကိစ္စတွေဟာ ကျွန်တော် ပြည်တွင်းမှာ ရှိစဉ်က ကိစ္စတွေ ဖြစ်ပြီး အခုအထိ ကျင့်သုံးနေကြသလား၊ အခြားနေရာတွေမှာရော ရှိနေသေးလားဆိုတာ သိသူများ ဖြည့်ပေးကြပါ။)

၎။ သတင်းအချက်အလက် အလုံအလောက် မထုတ်ပြန်ခြင်း

အစိုးရဌာနတွေဟာ (အထူးသဖြင့်) ပြည်သူတွေကို ဝန်ဆောင်မှု ပေးနေတဲ့ ဌာနတွေဟာ .. အဲဒီ ဌာနတွေရဲ့ လုပ်ထုံး လုပ်နည်းဆိုင်ရာ ကိစ္စတွေကို လုံလုံလောက်လောက် သတင်းထုတ်ပြန်သင့်ပါတယ်။ လမ်းညွန်မှုလည်း ပေးသင့်ပါတယ်။ အချိန်နဲ့ တပြေးညီ လိုအပ်ရင်လည်း လိုအပ်သလို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ အဲဒီလို သတင်း အချက်အလက် ထုတ်ပြန်တာ မရှိသလောက်ပါပဲ။ ဥပမာ .. ကျွန်တော်က ကျွန်တော့်အိမ်မှာ တပ်ထားတဲ့ အိမ်သုံး တယ်လီဖုန်းနံပါတ်ကို ကျွန်တော် အသစ်ပြောင်းမယ့်အိမ်မှာ အဲဒီ နံပါတ်ကိုပဲ ပြန်သုံးချင်တယ်။ ကျွန်တော့်မိတ်ဆွေတွေက အဲဒီနံပါတ်နဲ့ ကျွန်တော့်ကို ဆက်သွယ်နေတာကြောင့် အဆက်အသွယ် မပျက်စေချင်လို့ ပြောင်းချင်တယ်။ အဲဒီ အတွက် ဘယ်လို လုပ်ရမလဲဆိုတဲ့ သတင်းအချက်အလက် အပြည့်အစုံကို ထုတ်ပြန်ထားတာ မရှိပါဘူး။ ဒီတော့ အဲဒီလို လုပ်ဖို့ အတွက် ပွဲစား၊ အသိ၊ ဂွင်၊ လာဘ်ထိုး .. စတဲ့ နည်းတွေ သုံးပြီး နံပါတ်ကို ပြောင်းဖို့ လုပ်ရပါတော့မယ်။ ဒါဟာ အချိန်လည်း ကြာပြီး မလိုအပ်ဘဲ ကုန်ကျမှုတွေ ဖြစ်တာကြောင့် ပြည်သူတွေ ဒုက္ခ အင်မတန်ကြီးပါတယ်။ တကယ်လို့ ဘယ်လို လုပ်ရမလဲဆိုတဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန်ထားရင် .. အဲဒီအတိုင်း လူတိုင်း လိုက်လုပ်ရင် လွယ်လွယ်လေး ဖြစ်နေမှာပါ။ ဒီလို ဂွင်ရှာဖို့ သက်သက် သတင်းကို မထုတ်ပြန်တဲ့ ဝန်ကြီးဌာနတွေ ဘယ်လောက် ရှိမလဲဆိုတာ ရေတွက်လို့တောင် ကုန်မယ် မထင်ပါဘူး။

အထက်ပါ အချက် (၄) ချက်ဟာ ကျွန်တော် သိသလောက် ပြည်သူတွေ နေ့စဉ် ခံစားနေရတဲ့ ဒုက္ခတွေ ဖြစ်ပါတယ်။ အခြား အချက်များကို သိသူများလည်း ထပ်မံဖြည့်စွက်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။ ဒါမှ ပြည်သူတွေရဲ့ နေ့စဉ် ခံစားနေရတဲ့ ဒုက္ခတွေ လျော့ပါးစေရေးအတွက် ဝိုင်းဝန်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါကြောင်း ..

လေးစားစွာဖြင့်

ကိုထိုက်

1 comment:

  1. My relevant experience was when the Myanmar Nationalities return back to Myanmar we need to fill the white card and when you depart from there as well you need to fill that embarkation card. I don't understand why as a Myanmar National need to write these cards. Even you need to fill the address where you going to stay while in Myanmar. As a Myanmar National you can stay wherever you want in his own country and it is the basic right as a Myanmar.

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.