Wednesday, November 7, 2012

0 မြန်မာနိုင်ငံမှ အတိတ်ကရက်စက်မှုများ အတွက် ပြန်ပေါ်လာသော ရှုပ်ထွေးမှု့အသစ်များ -Bertil Lintner

(1 nov 2012 ရက်စွဲပါ Asia Times Online မှ Bertil Lintner ရေးသားသော Myanmar: Old atrocity, new implications ကိုဘာသာပြန်ပါသည်။)

လွန်ခဲ့သောအနှစ်နှစ်ဆယ်က လက်နက်ကိုင်အစိုးရဆန့်ကျင်ရေးကျောင်းသားအုပ်စုများ ကျူးလွန်ခဲ့သောရက်စက်လှသည့် သွေးထွက်သံယို ဖြစ်ရပ်များသည် မြန်မာနိုင်ငံတွင်တဖန်ပြဿနာဖြစ်လျက်ရှိရာ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှု ၏အချို့အစိတ်အပိုင်းများ၊ နိုင်ငံခြားမှထောက်ပံ့ပေးသူများ နှင့် အမည်ခံအရပ်သား အစိုးရအသစ်တို့အပေါ် အကျိုးဆက်များစွာသက်ရောက်မှုရှိလာပေမည်။

အသက်ရှင်ကျန်ရစ်သူများ၊ ခံခဲ့ရသူများ၏မိသားစုများသည် ၎င်း၏နာကျင်မှု၊စိတ်ဆိုးမှုများကို နှစ်ပေါင်းနှစ်ဆယ်ကျော် သိုဝှက်ထားခဲ့ပြီးနောက် ယခုအခါ တာဝန်ရှိသူများအပေါ်တရားစီရင်နိုင်ရေး တောင်းဆိုလျက်ရှိပါသည်။ စွပ်စွဲခံရသောသတ်ဖြတ်ရာတွင်တာဝန်ရှိသူအချို့မှာ ထိုင်းနိုင်ငံတွင် နေထိုင် လျက်ရှိပြီး နိုင်ငံတကာ NGO များကထောက်ပံ့ထား ပါသည်။ သို့သော် အကယ်၍နောက်ဆုံးတွင်တရားဥပဒေအတိုင်း စီရင်ခဲ့ပြီထားဦး၊ ဤမျှနှင့်ပင် ရပ်သွားမည်လော။ စစ်တပ်ကရောအတိတ်က ကျူးလွန်ခဲ့မှုများအပေါ် နောက်ကြောင်းပြန်စစ်ဆေးမှုများကို မည်မျှအထိခွင့်ပြုမည်နည်း။

မြန်မာအာဏာပိုင်များသည် ထိုကိစ္စကိုကောင်းမွန်စွာသိရှိသော်လည်းနှုတ်ပိတ်နေသည်မှာ ထင်ရှားလှပါသည်။ မြန်မာနိုင်ငံအတွင်းမှ သတင်း အရင်းအမြစ်တစ်ခုက နှစ်ပေါင်းနှစ်ဆယ်ကြာသည့်တိုင် ကျောင်းသားများသည် အဆိုပါမိမိ ရဲဘော်အချင်းချင်း သတ်ဖြတ်ခြင်းကို မမေ့နိုင်၊ ခွင့်မလွှတ်နိုင်ဟု ဆိုပါက ၁၉၈၈ တွင် စစ်တပ်ကထောင်ပေါင်းများစွာသောသူများကို သတ်ဖြတ် ၍ ထောင်ချခြင်းအပေါ်တရားစီရင်ရေးက မည်သို့နည်းဟု မေးခွန်းထုတ် ထားပါသည်။

၁၉၂၂ အစောပိုင်းက မြောက်ပိုင်းကချင်ပြည်နယ် တရုတ်နယ်စပ်တွင်ရှိသော ABSDF တပ်တွင် ကျောင်းသားတပ်သား ၃၅၀-၄၀၀ ခန့် ရှိသည့်အနက် သုံးပုံတစ်ပုံ (သို့မဟုတ်) ၁၀၇ ဦးအား စစ်တပ်အစိုးရ၏ သူလျှို သို့မဟုတ် ထောက်လှမ်းရေးများဟု စွပ်စွဲခဲ့ပါသည်။

အသက်ရှင်ကျန်ရစ်သူများ၏ ပြောပြချက်အရ(၃၆)ဦးမှာသတ်ဖြတ်ခံရခြင်းသို့မဟုတ်စစ်ဆေးမေးမြန်းနှိပ်စက်ခြင်းကြောင့် သေဆုံးခြင်း ဖြစ်ခဲ့သည်ဟုသိရပါသည်။
တောထဲတွင်ဒီမိုကရေစီအတွက်နှစ်အတန်ကြာတိုက်ပွဲဝင်ခဲ့သူအချို့လည်း နှိပ်စက်ခံရမှုကြောင့်သေဆုံးကြကြောင်း ပြောပြချက်အရ သိရပါသည်။

မန္တလေးမှ နာမည်ကြီး ကျောင်းသားလှုပ်ရှားသူဟောင်းဖြစ်သူ ABSDF မြောက်ပိုင်းဥက္ကဌ ထွန်းအောင်ကျော်မှာ သံပူနှင့်နှိပ်စက်ခံရပြီးနောက် ခေါင်းဖြတ်ခံရသည်ဟု ပြောပြကြပါသည်။ ၎င်းအားခေါင်းမဖြတ်မီ ခေါင်းဖြတ်ခံရသူတစ်ဦးထံမှကျသောသွေးများကို သောက်ခိုင်းခဲ့သည်ဟုဆိုပါသည်။ နောက်ထပ်စွပ်စွဲမှုများပြုလုပ်ပြီး အဖမ်းခံရသူတစ်ဦးမှာအောင်ဖုန်းဆိုသူဖြစ်ပြီး ၎င်း၏ခြေထောက်ကိုမြေမြှုပ်မိုင်းတွင်တွဲချီ၍ဗုံးခွဲခဲ့ရာ ခြေထောက်ပြတ် သွားခဲ့ပါသည်။ ထိုနေ့တွင်ပင် ၎င်းအားခေါင်းဖြတ်သတ်ခဲ့ပါသည်။

ထိုသို့စွပ်စွဲပြီး သတ်ဖြတ်မှုများမှာ ၁၉၉၁ ခုနှစ်နှောင်းပိုင်းတွင်ဖြစ်ပြီး ABSDF စခန်းနှင့် မျက်နှာချင်းဆိုင်ရှိ တရုတ် Yingjiang နယ်ရဲများက မြန်မာလူငယ် ၁၀ ဦးအား လက်နက်များနှင့်အတူဖမ်းဆီးခဲ့ရာမှစတင်ခဲ့ပါသည်။ နောက်ပိုင်း ၎င်းတို့အားစခန်းသို့ပြန်လည်ပို့ပေးခဲ့အပြီးတွင် လူငယ်များကြား ဆိုးရွားသော ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ပါသည်။

နောက်ပိုင်းထွက်လာသော ABSDF ၏ ဗီဒီယိုတိတ်ခွေတွင် စွပ်စွဲမှုမှသည်တရားစီရင်ပုံများကိုပါပြသခဲ့ပါသည်။ ဗီဒီယိုတိတ်မှ အဖြစ်အပျက်များ သည် ၎င်းတို့ကျူးလွန်သော ရာဇဝတ်မှုကိုဝန်ခံသည့် သက်သေများပင်ဖြစ်ပါသည်။ ၎င်းတို့၏ ထွက်ဆိုချက်များမှာ ကမ္ဘောဒီးယားရှိ Khmer Rouge ၏ Tuol Sleng ထောင်ထဲတွင် နှိပ်စက်၍ ဝန်ခံထားသည်များ၏ ပုံစံအတိုင်းအသေးစိတ်ရှိလှပါသည်။ အကျဉ်းကျခံရသူများမှာ ညဖက်တွင်တဲအတွင်း၌ မြေကြီးပေါ်တွင်ခြုံစရာမရှိပဲ အိပ်ကြရပါသည်။

“ကျွန်တော်တို့ရဲ့အသက်တွေက သူတို့ရဲ့လက်ထဲမှာဆိုတော့ သူတို့ပြောစေချင်တဲ့အတိုင်းပြောရတာပေါ့” ဟု အသက်ရှင်ရစ်သူရန်ကုန်မှ နာမည်ကြီးပန်းချီဆရာထိန်လင်းကပြောပါသည်။ နောက်ထပ် အသက်ရှင်ကျန်ရစ်ခဲ့သူ နန်းအောင်ထွေးကြည်က ပြောရာတွင် သူ၏ခေါင်းအားသေနတ်ဖြင့် ချိန်၍ သူနားမလည်သော မေးခွန်းများဖြစ်သည့် “မင်း ကိုဘာတွေလုပ်ဖို့ အမိန့်ပေးထားလဲ” ဟု မေးမြန်းသည်ဟု ဆိုပါသည်။

သူသည် ထိုစဉ်က အတွေးအခေါ်ကောင်းသော အသက် ၂၀ အရွယ်ကျောင်းသူတစ်ဦးဖြစ်ပြီး အစိုးရထောက်လှမ်းရေးမှ ဒုဗိုလ်အဆင့်ရှိသူဟု စွပ်စွဲခံခဲ့ရပါသည်။ ယခုအခါ သူသည် ဆစ်ဒနီ မြို့တွင်နေထိုင်ပြီး မြန်မာနိုင်ငံမှ ဒီမိုကရေစီ လှုပ်ရှားမှုများကို ထောက်ခံ့ပံ့ပိုးလျက်ရှိပါသည်။

စွပ်စွဲခံရသူများ၏မိသားစုများ စခန်းသို့လိုက်သွားကြပါသည်။ နန်းအောင်ထွေးကြည်အပါအဝင်အချို့ကိုလွှတ်ပေးခဲ့ပါသည်။ ထိန်လင်း ကဲ့သို့သော အခြားလူများမှာ ထွက်ပြေးရန် ကြိုးစားရင်း အစိုးရတပ်၏ ဖမ်းဆီးခြင်းခံရပြီး ထောင်ထဲတွင် နှစ်ပေါင်းများစွာနေခဲ့ရပါသည်။

ထိုစဉ်က အဆိုပါသတ်ဖြတ်မှုများကို ပြင်ပကမ္ဘာက အာရုံစိုက်မှုနည်းခဲ့ပါသည်။ ထိုင်းနိုင်ငံမှ နေ့စဉ်သတင်းစာ The Nation မှ သတင်းထောက် Yindee Lertcharoenchok သည်မြောက်ပိုင်းစခန်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး ထိုအကြောင်းကိုရေးသားခဲ့ပါသည်။ အဆိုပါ သတင်းသည် ၁၉၉၂ ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့က လူသတ်မှုများကိုဖော်ပြထားရာ ယခုမထုတ်ဝေတော့သော ဟောင်ကောင်အခြေစိုက် ထိုစဉ်က အပတ်စဉ်ထုတ် Far Eastern Economic Review ကလည်း မီးမောင်းထိုးဖော်ပြခဲ့ပါသည်။

ထိုစဉ်က အဆိုပါအစိုးရဆန့်ကျင်ရေးကျောင်းသားအုပ်စုများကိုတိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထောက်ပံ့ နေသော နိုင်ငံတကာအဖွဲ့အစည်းများသည် ထိုကိစ္စကိုရေငုံနှုတ်ပိတ်နေခဲ့ကြပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ထိုင်းနယ်စပ်ရှိ ABSDF ဗဟိုက ၁၉၉၂ ခုနှစ် မတ်လ ၁ ရက်နေ့က ထိုသို့ဖမ်းဆီးသတ်ဖြတ်ရခြင်းမှာအစိုးရသူလျှိုများက ABSDF ခေါင်းဆောင်များကိုလုပ်ကြံရန် ကြိုးစားခြင်းကြောင့်ဟု အကြောင်းပြ စာ ထုတ်ပြန်ခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။

ထိုစဉ်က ABSDF တစ်ခုလုံး၏ ဥက္ကဋ္ဌအောင်နိုင်သည် မြောက်ပိုင်းစခန်းသို့သွားရောက်ခဲ့ပြီး ဖမ်းဆီးထားမှုများကို သတ်ဖြတ်ရေးအတွက် ကန့်ကွက်မှုမရှိခဲ့ပေ။ ထိုစဉ်က ၎င်းထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖမ်းဆီးခံရသူများကို သူလျှိုအဖြစ် ညွှန်းဆိုခဲ့ပါသည်။ ယခုနှစ် သြဂုတ်လ ၃၁ ရက် နေ့ နိုင်အောင်မြန်မာနိုင်ငံသို့လာရောက်စဉ်တွင် စိတ်ဆိုးလျက် ရှိသော အသက်ရှင်ကျန်ရစ်သူများက လေဆိပ်တွင်လူသတ်သမားဟူသော ဆိုင်းဘုတ် ကိုင်၍ ကြိုဆိုခဲ့ကြပါသည်။

ထိုလူသတ်မှုများ ဖြစ်ပွားစဉ် ABSDF မြောက်ပိုင်းဗျူရို အထွေထွေအတွင်းရေးမှူး ရော်နယ်အောင်နိုင်က ထိုင်းအခြေစိုက်စာရေးဆရာ phil Thornton ၏ Restless Soul စာအုပ်၏ Rehels, Medics and Misfits on the Thai-burma border အခန်းတွင် လူသတ်ရာ၌ ကဏ္ဍတစ်ခု ပါဝင်ခဲ့ပုံကို ဝန်ခံထားပါသည်။

ယနေ့တွင်မူ ရော်နယ်အော်နိုင်သည် ထိုင်းနယ်စပ်အခြေစိုက် Frum For Democracy in Burma အကြီးအကဲဖြစ်ပြီး ချင်းမိုင်တွင် မီဒီယာများကို လေ့ကျင့်သင်ကြားပေးသူဖြစ်နေပါသည်။ သတ်ဖြတ်မှုများတွင်တာဝန်ရှိသည်ဟု စွပ်စွဲခံရသူအချို့သည် ယခုအခါနိုင်ငံတကာအဖွဲ့အစည်းများထံမှ ငွေကြေးထောက်ပံ့မှုများရယူလျက်ရှိပါသည်။ ယခုအခြေအနေမှာ မြန်မာနိုင်ငံနှင့်နိုင်ငံခြားတွင်နေထိုင်လျက်ရှိသည့် အဆိုပါသတ်ဖြတ်မှုမှ လွတ်မြောက် လာသူများက ထိုကိစ္စကို အစဖော် စိန်ခေါ်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။

နိုင်အောင်က Asia Times Online မှ မေးခွန်းကို စာဖြင့်ပြန်လည်ဖြေဆိုရာတွင် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ရခြင်း အတွက် နောင်တရကြောင်း၊ ထိုအဖြစ်အပျက်များမှာ ABSDF ဌာနချုပ်မှ သိရှိခြင်းနှင့် ဆုံးဖြတ်ခြင်း မရှိပဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုပါသည်။ The Nation သတင်းစားမှသတင်းကို မတွေ့မချင်း၎င်းကိစ္စကိုမသိကြောင်း၊ အမှန်တကယ်ဖြစ်ပျက်ခဲ့မှုများနှင့် ပတ်သက်၍၎င်း၏ဌာနချုပ်သည် ကာယကံ အားဖြင့်လည်းကောင်း၊ စည်းမျဉ်းစည်းကမ်းအားဏာဖြင့်လည်းကောင်း စုံစမ်းခြင်း၊ လိုက်လံလုပ်ဆောင်ခြင်းများမရှိခဲ့ကြောင်း ၎င်းကဆိုပါသည်။

နိုင်အောင်သည် ဟားဗက်တက္ကသိုလ်၏ Kennedy School of Government တွင် စကောလားရှစ် ရရှခဲ့သော်လည်း အထက်ပါ လူသတ်ပဲါမှအသက်ရှင်ကျန်သူများကန့်ကွက်မှုကြောင့်၂၀၀၂ခုနှစ်တွင် ပြန်လည်ရုတ်သိမ်းခံခဲ့ရပါသည်။ ရော်နယ်အောင်နိုင်မှာလည်း BBC မြန်မာပိုင်းအစီအစဉ်တွင် သတင်းထောက်အဖြစ်ငှားရမ်းခံရသော်လည်း ထိုအကြောင်းပြချက်ကြောင့်ပင်နေရာအတွက် ဆုံးရှုံးခဲ့ရပါသည်။

စာရေးသူနှင့် ယခုလရန်ကုန်တွင်တွေ့ဆုံခဲ့သော အသက်ရှင်ကျန်ရစ်သူများနှင့်သေဆုံးသွားကြသူများ၏ မိသားစုဝင်များသည် အဆိုပါအမှုကိစ္စ များကို ပြောပြရန်စိတ်အားထက်သန်နေကြသည်။ အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်ပြီး နောက်ကြောင်းပြန်ရေးသားမှုများ မကြာသေးမီက မြန်မာမီဒီယာ များတွင် ဖော်ပြခဲ့ကြပါသည်။

အသက်ရှင်ကျန်ရစ်သူ ဆမားညီညီ၏အစ်ကိုဖြစ်သူ ဥိးမောင်မောင်ရွှေကရဝိတ်ရေးသားသော ခေတ်သစ်ဟသာင်္ကိုးသောင်းဇာတ်မှ အတွေ့ အကြုံများ စာအုပ်သည်အဆိုပါ လူသတ်ပွဲများကို စိတ်ဝင်စားဖွယ်ရေးသားထားပါသည်။ အသက်ရှင်ကျန်ရစ်သူ တစ်ဦးကပြောကြားရာတွင် ၎င်းတို့သည် ယနေ့အထိလူကြားထဲသို့မထွက်လိုကြောင်း စစ်တပ်သည် ဒီမိုကရေစီလှုပ်ရှားမှုများကိုဆန့်ကျင်ရေးအတွက် ၎င်းတို့ကိုအသုံးချ၍ဝါဒဖြန့်မည်ကို စိုးရိမ် သောကြောင့်ဖြစ်ပါသည်။

တစ်ဖက်တွင်လည်း အသက်ရှင်ကျန်ရစ်သူများမှာ အတိုက်အခံထံမှ စာနာသနားမှုသော်လည်းကောင်း ထောက်ခံမှုသော်လည်းကောင်း အနည်း ငယ်သာရရှိပါသည်။ ထိုကိစ္စအသံကျယ်လာပါက ဒီမိုကရေစီလှုပ်ရှားမှုများကို ထိခိုက်မည်စိုးသောကြောင့် ငြိမ်နေကြခြင်း ဖြစ်ပုံရပါသည်။ အစိုးရအနေဖြင့် ၎င်းတို့၏ တရားမျှတမှုမရှိပဲ နှိပ်စက်ခံရသည်များကို နားထောင်ရန်ဝန်လေးနေခြင်းမှာ ထိုကိစ္စနှင့်နွယ်၍ စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် စွပ်စွဲမှုများဆက်တိုက်ဖြစ်လာပါက ကိုင်တွယ်ရန်ခဲယဉ်းသောကြောင့် ဖြစ်ပါသည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Human Rights Watch နှင့်အခြား လူ့အခွင့်အရေးအဖွဲ့အစည်းများသည် မြန်မာစစ်တပ်၏ တရား ဥပဒေမဲ့ သတ်ဖြတ်ခြင်းများ၊ ဖမ်းဆီးခြင်းများ၊ နှိပ်စက်ခြင်းများနှင့်အဓမ္မပြုကျင့်ခြင်းများနှင့်ပတ်သက်၍ အသေးစိတ်အထောက်အထားများ ရှိနေပါသည်။

“ABSDF ရဲ့ အဖြစ်အပျက်မှာ စစ်တပ်က တိုင်းရင်းသားအုပ်စုများကို ကျူးလွန်သောဖြစ်ရပ်များအတွက် ဥပမာဖြစ်သင့်ပါတယ်” ဟု Human Rights Watch မှ မြန်မာနိုင်ငံအတွက်သုတေသနပြုသူ Daoid Mathieson ကပြောကြားခဲ့ပါသည်။ “ဒီကိစ္စဟာ အတိတ်ကျူးလွန်ခဲ့မှုတွေအပေါ် အရေးယူပေးဖို့ပြည်သူကြားမှာတောင်းဆိုမှုတွေဖြစ်ဖို့ မီးပွားဖြစ်လာနိုင်ပါတယ်။ ကျူးလွန်မှုတွေကိုအရေးယူမှုမရှိ တရားဝင်သဖွယ်လုပ်ဆောင်လာတဲ့ ဆယ်စုနှစ်များစွာ အတွက် ချုပ်ငြိမ်းဖို့ အကောင်းဆုံးလမ်းစဉ်ကို အခြေအတင် ငြင်းခုန်လာကြပါလိမ့်မည်” ဟု ၎င်းကဆိုပါသည်။

မတရားမှုများ ချူပ်ငြိမ်းရေးအတွက် ပထမဆုံးလုပ်ဆောင်ပြရမည့်သူများမှာ ABSDF သတ်ဖြတ်မှုမှ လွတ်မြောက်လာကြသူများ ဖြစ်ပါသည်။ သို့သော် ၎င်းတို့၏အမှုကိစ္စများကို မြန်မာနိုင်ငံမှတရား စီရင်ရေးအဖွဲ့များ သို့မဟုတ် အခြားအဖွဲ့များက ကိုင်တွယ်ရန်ဆန္ဒရှိမရှိ စောင့်ကြည့်ရဦးမည် ဖြစ်ပါသည်။ “အတိတ်ကကျူးလွန်မှုတွေကိုလျစ်လျူရှုထားတာဟာ ကျူးလွန်သူတွေအပြစ်မရှိဘူးးလို့ဆိုလိုတာနဲ့ အတူတူပါပဲ။ အပြစ်မဲ့သားကောင်တွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက် အမှန်တရားကိုငြင်းပယ်တာပဲ။ သေနတ်ကိုင်ထားတဲ့မျိုးဆက်သစ်တွေကို အရပ်သားတွေအပေါ်ရက်စက်မှုတွေ တရားဝင် လုပ်လို့ရတယ်လို့ အလေးအနက်ပြောနေသလိုပါပဲ” ဟု Mathieson ကပြောပါသည်။ “မြန်မာ့တပ်မတော်ရော တိုင်းရင်းသားလက်နက်ကိုင်တွေရော တရားဥပဒေရဲ့ ပြည့်စုံတဲ့စုံစမ်းစစ်ဆေးမှုတွေကို ကြုံတွေ့ရဖို့ခဲယဉ်းပါတယ်” ဟု ၎င်း ကပြောပါသည်။

Yangon chronicle

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.