Wednesday, November 7, 2012

0 ပြည်သူကိုယ်စားလှယ် ဟုတ်၊ မဟုတ် တိုင်းတာခြင်း ..

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့၌ .ရန်ကုန်မြို့တွင်းငြိမ်းချမ်းရေးအတွက်စီတန်းလှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့မှုအတွက်မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေကြရသူများအား သွားရောက်အားပေးခဲ့သော မင်းကိုနိုင်ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အဓိက အကျဆုံး တာဝန်ဟာ .. တိုင်းပြည်မှာ ပြည်သူလူထု အကျိုးထိခိုက်မှုတွေကို ကာကွယ်တဲ့ ဥပဒေများ ပြဌာန်းရေးနဲ့ ပြည်သူလူထုကို အကျိုးမဖြစ်စေတဲ့ ဥပဒေများကို ဖျက်သိမ်း ပြင်ဆင်ရေး ဖြစ်တယ်ဆိုတာ ... ထင်ထင်ရှားရှား လုပ်ရမယ့် တာဝန် တစ်ရပ်ဖြစ်ပါတယ်။

မြန်မာပြည်က လွှတ်တော်သက်တမ်းလည်း ရသင့်သလောက် ရလာပြီဆိုတော့ အထက်ပါ တာဝန်တွေကို ဘယ်လောက် ကျေပွန်သလဲဆိုတာ တိုင်းတာစရာတွေ ရှိလာနေပါပြီ။

အရင်ရှိပြီးသား ဥပဒေတွေထဲက ပြည်သူလူထုကို အကျိုးမရှိစေတဲ့ ၅ (ည) လို ဥပဒေမျိုးကို ပယ်ဖျက်/ပြင်ဆင်ဖို့ ပယ်ချခံရတာ အကြိမ်ကြိမ် ဖြစ်လာနေတာက လွှတ်တော် ကိုယ်စားလှယ်တွေကို အမှတ်ပေးဖို့ရာ အခြေအနေ သိပ်မကောင်းလှပါဘူး။

အရင်ရှိပြီးသားတွေဟာ အသားသေပြီးသား ဖြစ်တာကြောင့် ချက်ခြင်း မပြင်နိုင်သေးဘူးဆိုတာကို ထည့်စဉ်းစားပေးလိုက်မယ် ဆိုရင်တောင် ... အခုလက်ရှိမှ ပြဌာန်းလိုက်တဲ့ ဥပဒေအတွက် ... ပြန်လည်သုံးသပ် ဖြည့်စွက် ပြင်ဆင်မှု ရှိဖို့ လိုအပ်နေသေးပါတယ်။

အထင်အရှား ကိစ္စကို ပြပါဆိုရင် ... "စီတန်းလှည့်လည် ဆန္ဒပြခွင့် ဥပဒေ" ဟာ အကောင်းဆုံး ဥပမာ ဖြစ်ပါတယ်။ ၄င်း ဥပဒေအရ ကြိုတင် ခွင့်ပြုချက်ယူရပြီး ဆန္ဒပြရမှာ ဖြစ်ပြီး .. ခွင့်ပြုချက် မပါဘဲ ဆန္ဒပြသူတွေကို ဖမ်းဆီးခွင့်၊ တရားစွဲခွင့် ရှိနေတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဒီကိစ္စ အကျိုးမရှိဘဲ ... အကျိုးမဲ့စေတာကြောင့် သေချာ ပြန်ပြီး သုံးသပ်သင့်နေပါပြီ။

ဥပဒေဟာ ပြည်သူလူထု အကျိုးအတွက် အလို့ငှာ ပြဌာန်းတာ ဖြစ်တာကြောင့် .. လက်တလောက အများအကျိုးအတွက် ငြိမ်းချမ်းရေးကိစ္စ ဆန္ဒပြလိုသူတွေဟာ ခွင့်ပြုချက် မရပေမယ့် .. တိုင်းပြည်ငြိမ်းချမ်းစေလိုတဲ့ ဆန္ဒနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒ ထုတ်ဖေါ်ခဲ့ကြပါတယ်။ ဒါကို ခွင့်ပြုချက် မယူဘဲ ဆန္ဒပြမှုနဲ့ တရားရင်ဆိုင်ဖို့ ရှိလာနေပါတယ်။

ဒီတော့ ဆန္ဒပြဖို့ ခွင့်ပြုမိန့် ယူရမယ်ဆိုတဲ့ ဥပဒေဟာ ပြည်သူလူထုကို အကျိုးရှိစေသလား၊ အကျိုးမဲ့စေသလားဆိုတာ တိုင်းတာဖို့ လိုလာပါပြီ။ တကယ်လို့ အကျိုးရှိစေမယ်ဆိုရင် ဆက်လက် ကျင့်သုံးဖို့ ထားရှိသင့်ပြီး၊ အကျိုးမဲ့စေတယ် (သို့) အကျိုးမရှိဘူးဆိုရင် အခြားနည်းလမ်းနဲ့ ပြင်ဆင်ချင်း ... ပယ်ဖျက်ခြင်းတွေကို လုပ်ဖို့အတွက် ဆွေးနွေး အဖြေရှာသင့်နေပါပြီ။

ဆန္ဒပြခွင့် ယူပြီးမှ ပြရတဲ့ ဆန္ဒပြပွဲတွေနဲ့ ခွင့်ပြုချက် မယူဘဲ ဆန္ဒပြပွဲတွေအတွက် တစ်ခုခြင်းဆီမှာ ရလဒ်တွေကို တိုင်းတာ စစ်တမ်းယူဖို့ အကြံပြုလိုပါတယ်။ ကျွန်တော်မြင်တဲ့ ရလဒ်တွေကို ပြောရမယ်ဆိုရင်တော့ ... ဆန္ဒပြခွင့် ယူပြီး ဆန္ဒပြသူတွေအတွက် အကျိုးရလဒ်ဟာ ... ဘယ်နေရာမှာ၊ ဘယ်သူတွေက၊ ဘယ်လို အကြောင်းအရာနဲ့ လူဘယ်လောက်များများ ဆန္ဒပြကြမယ်ဆိုတာ ကြိုသိတာကြောင့် ရဲဌာနက လုံခြုံရေး တာဝန်ယူပေးလို့ ရတယ်။ ဒါကြောင့် ပြည်သူအတွက် အကျိုးရှိတယ်လို့ ပြောချင်သူတွေ ရှိမှာ မလွဲပါဘူး။

ဒါပေမယ့် ဒီလို ခွင့်ပြုချက် ယူရမယ်ဆိုတဲ့ စကားလုံးနေရာမှာ .. ဥပမာ ... လူ ၅၀၀ ထက် များလျှင် ၂ ပတ်ကြိုတင် အကြောင်းကြားရမှာ ဖြစ်ပြီး ... လူ ၁၀၀ ထက်များလျှင် ၁ ပတ် ကြိုတင် အကြောင်းကြားသင့်ပြီး၊ လူ ၁၀၀ အောက်ဆိုလျှင် ၃ ရက် ကြိုတင်ပြီး သက်ဆိုင်ရာ ရဲဌာနကို အကြောင်းကြားရမယ် ဆိုတာမျိုးနဲ့ အစားထိုး သင့်ပါတယ်။ ကြိုတင် အကြောင်းမကြားဘဲ ပျက်ကွက်လျှင် ... ဆန္ဒပြပွဲကို ရဲဌာနမှ ရပ်ဆိုင်းခွင့်ရှိသည် ဆိုတာမျိုးဆိုလျှင်လည်း ... ရဲဌာနကကြိုတင်သိရှိပြီး ပြည်သူတွေနဲ့ ဆန္ဒပြသူတွေအတွက် လုံခြုံရေးအရ တာဝန်ကို ယူပေးလို့ ရမှာပဲဖြစ်ပါတယ်။ဒီလို လုပ်ခြင်းကြောင့် လက်ရှိ ဖြစ်နေတဲ့ အကျိုးမဲ့စေမှု တချို့ကို ပယ်ဖျက်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ပယ်ဖျက်နိုင်မယ့် အကျိုးမဲ့စေမှုများ ဆိုတာကတော့ ..

၁။ ရဲဌာနများမှ ခွင့်ပြုမိန့် ချပေးသင့်၊ မချပေးသင့် ဆုံးဖြတ်ရမှု မရှိတော့တာကြောင့် မလိုလားအပ်တဲ့ စာရွက်စာတမ်း ကိစ္စနည်းသွားခြင်းနှင့် ပြည်သူ့ရဲများ အခြားတာဝန်များအပေါ် အာရုံစိုက် ဆောင်ရွက်နိုင်ခြင်း

၂။ ခွင့်ပြုမိန့် ယူစရာ မလိုအပ်တာကြောင့် တရားမဝင် ဆန္ဒပြမှုဆိုတာတွေ လျော့နည်းသွားပြီး .. တရားစွဲဆိုမှုများ ကျဆင်းလာနိုင်ခြင်း .. ထို့အတွက် .. တရားရေး စရိတ်များ သက်သာခြင်း၊ ရဲများ အလုပ်ရှုပ် သက်သာခြင်း၊ ပြည်သူများလည်း ဖမ်းဆီး တရားစွဲဆိုခံရမှု နည်းသွားခြင်း၊ တိုင်းပြည်ဘဏ္ဍာ ကုန်ကျစရိတ် သက်သာခြင်း
.. အစရှိတဲ့ ကောင်းကျိုးများ ရလာစေမှာ ဖြစ်ပါတယ်။
အခုလို ပြန်လည် သုံးသပ်ခြင်း၊ လေ့လာပြင်ဆင်ချင်း မရှိဘဲ လက်ရှိ ဆန္ဒပြခွင့် ဥပဒေအတိုင်း ဆက်လက်ထားရှိမည် ဆိုပါက .. ဥပဒေဟာ ပြည်သူလူထုအကျိုးကို ဖြစ်စေတာ မဟုတ်ဘဲ ... ဥပဒေကြောင့် ပြည်သူလူထုများ အကျိုးမဲ့ခြင်း၊ .. အစိုးရဘဏ္ဍာငွေများ ပိုမို ကုန်ကျခြင်း၊ အစိုးရဝန်ထမ်းများသည်လည်း မလိုအပ်သည့် အလုပ်ပိုများကို လုပ်ဆောင်နေရခြင်း စတဲ့ ဝန်အပိုများကို ဖြစ်စေပြီး .. ဥပဒေကြောင့် အကျိုးမဲ့မှုများ ဖြစ်စေတာ ဖြစ်ပါတယ်။ ထိုသို့ တိုင်းပြည်နှင့် ပြည်သူအတွက် အကျိုးမဲ့မှုများသည် အသစ် ပြဌာန်းလိုက်သော ဥပဒေများကြောင့် ဖြစ်ရသည်ကို တိုင်းတာ သုံးသပ်မှု မလုပ်ခြင်း၊ တိုင်းတာပါသော်လည်း သိလျက်နှင့် မပြင်ဘဲ ဆက်လက်ထားရှိခြင်းများ ရှိနေမည်ဆိုပါက ... လွှတ်တော်ထဲမှာ ထိုင်နေကြသော်လည်း ... ပြည်သူ့ကိုယ်စားလှယ်များဟု မယူဆထိုက်ပါကြောင်း ....

လေးစားစွာဖြင့်
ကိုထိုက်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.