Wednesday, November 21, 2012

0 အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းပြောကြားသည့် အခမ်းအနားသို့ တက်ရောက်ခဲ့သူအချို့၏ အမြင်များ

ဆရာတော်ဒေါက်တာအရှင်ဥာဏိဿရ

အိုဘားမားက အိုးဘားမား (Old Burma) ကြီးကို New Burma ဖြစ်အောင် လာပြီးတော့ Encourage အားပေးတာ။ အားပေးရုံတင် မကဘူး။ သတ္တိပါပေးတာ။ မင်းတို့ သတ္တိရှိဖို့ လိုတယ်။ သတ္တိမရှိလို့ရှိရင် Change က စာလုံးပေါင်းမှားသွားမှာ စိုးရတယ်။

ဦးခွန်ထွန်းဦး (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ)

ကျွန်တော်မစ္စတာအိုဘာမားကို ပြောခဲ့ပါတယ်။ ကျွန်တော်တို့ကို စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်အောင် လုပ်ပေးပါလို့၊ ကူလဲကူပေးပါလို့။ အကယ်၍ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ခဲ့ရင် စစ်လက်နက်တွေရဲ့ အသံတွေ တိုင်းရင်းသားတွေဘက်က ငြိမ်သွားစေဖို့ အတတ်နိုင်ဆုံး ကျွန်တော်လုပ်ပေးပါမယ်လို့ ပြောခဲ့ပါတယ်။ အိုဘားမားပြောသွားတာ မှန်ပါတယ်။ ကိုယ့်ဘာသာကိုယ် အလုပ်လုပ်ရမယ်။ တိုင်းရင်းသား အားလုံးလည်း ကိုယ်ဘာသာကို အလုပ်လုပ်မှရမယ်။ တောင်အော် မြောက်အော် လုပ်လို့မရဘူး။ တိုင်းရင်းသားလည်း တိုင်းရင်းသားတွေအလိုက် စည်းလုံးပြီး လုပ်ရမယ်။ ဘယ်သူမှ အားကိုးလို့ မရဘူး။ တိုင်းရင်းသားတွေ လိုချင်တာ ဖက်ဒရယ်ပြည်ထောင်စုပဲ။ တိုင်းရင်းသားတွေမှာ ဘာမှကွဲပြားပြီး ခြားနားတာ မရှိဘူး။ ဖက်ဒရယ်ပြည်ထောင်စုက လွဲပြီးဘာမှမလိုဘူး။

ကိုမင်းကိုနိုင် (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)

လက်ရှိအခြေအနေနဲ့ ပတ်သတ်ပြီး သူ့အတွေးအမြင်က လက်ခံနိုင်ဖွယ် ရှိပါတယ်။ သူပေးနိုင်တဲ့ ကျွန်တော်တို့ အနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်မှုက အားရစရာ ကောင်းတယ်။ သူရွေးချယ်လိုက်တဲ့ ဒီနေရာရဲ့ တန်ဖိုးကိုလည်း သိတယ်။ သမိုင်းတန်ဖိုးတွေကို သူအကုန်သိတယ်။ တော်ရုံ ဒီကနေ့ ခေတ် ကလေးတွေတောင် မသိတဲ့ ဦးသန့်ကို ဒီကမွေးတယ်။ အမျိုးသားခေါင်းဆောင် ကိုအောင်ဆန်းကို
ဒီကမွေးခဲ့တယ်ဆိုတာ သိတယ်။ ကျွန်တော်တို့ ဒီနယ်မြေဟာ တစ်ချိန်လုံး အနှိမ်ခံခဲ့ရတဲ့နယ်မြေ၊ တကယ်ကို ကျွဲတွေ နွားတွေလို အမောင်းခံခဲ့ရတဲ့ ကျောင်းသားတွေရဲ့ ဘူမိနက်သန်ဟာ နောက်ဆုံး သမိုင်းတစ်ပတ်လည်လာတဲ့အခါမှာ အမှန်တရားကပြန်ပြီး အောင်ပွဲခံပါတယ်။ ဒါကိုတော့ ကျွန်တော့်စိတ်ထဲမှာ ကျေနပ်အားရ အရှိဆုံးပါ။ သူမြင်တာတွေ ပြောသွားလည်း နားထောင်ရမှာပေါ့။ အမြင်တူတာ မတူတာတွေတော့ အများကြီးရှိတာပေါ့။ သို့သော်လည်းပဲ ဒီမြန်မာနိုင်ငံဟာ တကယ်ကို မှန်မှန်ကန်ကန် ပြုပြင်ပြောင်းလဲမှု လုပ်မယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးက အားပေးနေတယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့ ရလိုက်တယ်။ ကျွန်တော်တို့ ရိုးရိုးသားသား ဆက်ပြီးတော့ လျှောက်ဖို့ပဲ လိုတယ်။ ပြီးတော့ နောက်ကြောင်း ပြန်ချင်တဲ့ သူတွေရဲ့အားနဲ့ ကျွန်တော်တို့နဲ့ အားပြိုင်ရမှာတွေတော့ ရှိပါတယ်။ ဒါကတော့ ဘယ်ခေတ်မှာမဆို အသွင်ကူးပြောင်းရေး ကာလတွေမှာ ကြုံရတဲ့ ကိစ္စတွေပါ။ ဘယ်လိုပဲပြောပြော ကမ္ဘာကြီးတစ်ခုလုံးဟာ ကျွန်တော်တို့ ပြည်သူတွေဘက်မှာ ရှိနေတယ်ဆိုတာ အဲဒီအသိကို ရလိုက်တဲ့အတွက် ပြည်သူတွေအားလုံးလည်း ပိုပြီးတော့ အားရှိသွားမှာပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေလည်း တက်လာပါမယ်။ ကျွန်တော်တို့ ဘာကိုအဖြေရလိုက်လဲဆိုတော့ ဒီမိုကရေစီလိုချင်ရင် ကျွန်တော်တို့ကိုယ်တိုင် ကျင့်ယူရမယ်ဆိုတာ ရလိုက်တယ်။ သမ္မတအိုဘားမားနဲ့ တွေ့ဖို့လာတဲ့ကိစ္စကို ကျွန်တော့်ကို မီဒီယာတစ်ခုက အင်တာဗျူးမှာ ပြောပါတယ်။ ဘွဲ့ရ၀န်ထမ်းတွေကိုသွားပြီး အင်တာဗျူးလုပ်တာပါ။ တစ်ချို့က ရဲရဲတင်းတင်း မဖြေရဲဘူး။ ၀န်ထမ်းတွေ ဖြစ်နေလို့တဲ့။ အစိုးရ၀န်ထမ်းတင်မက ကုမ္ပဏီဝန်ထမ်းတောင် မဖြေရဲဘူး။ အဲ့ဒါဆိုရင် ဒီမိုကရေစီရဖို့ သိပ်ခက်သွားလိမ့်မယ်။ အငြင်းပွားစရာမရှိတဲ့ တွေ့ဆုံမေးမြန်းခန်း တစ်ခုကို ရဲရဲတင်းတင်း ဖြေကြဖို့လိုတယ်။ ဘယ်သူတွေက သတ္တိရှိလဲဆိုတော့ တက္ကစီသမားတွေ၊ ခေါင်းရွက် ဗျက်ထိုးဈေးသည်တွေက ရဲရဲဝံ့ဝံ့ပြောရဲတယ်။ အဲဒီလို ရဲရင့်မှုမျိုးဟာ ပညာတတ်အသိုင်းအ၀ိုင်းမှာ ရှိဖို့လိုပါတယ်။ ပညာတတ်တွေက ဦးဆောင်ရမယ့်အစား စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ကိုယ့်ကိုကိုယ် ကိုယ်လေးကျုံ့ထားတာ မမြင်ချင်တော့ဘူး။ ရင်ကော့ပြီးတော့ အရာရာကို ရင်ဆိုင်တာမျိုး ဖြစ်စေချင်ပါတယ်။

ကျော်ကိုကို (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌ)

အိုးဘားမား မိန့်ခွန်းကို သုံးသပ်ကြည့်မယ်ဆိုရင် သူက အမေရိကန်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲကို မြန်မာပြည်ကလူတွေ နမူနာယူလို့ရအောင်လို့ ဥပမာတွေ ပေးသွားတယ်။ ရှင်းပြသွားတယ်လို့ပဲ ကျွန်တော်ထင်တယ်။ ဒီနိုင်ငံရဲ့ သမိုင်းနောက်ခံ အခြေအနေတွေ အားလုံးဟာ အမေရိကန်နဲ့တော့ တစ်ထပ်တည်းတော့ မကျဘူးပေါ့။ ဒါပေမယ့် သူကလည်း တစ်ထပ်တည်း ကျတယ်လို့တော့ မယူဆဘူး။ နီးစပ်မှုရှိတဲ့ အတိုင်းအတာကို ဆွဲပြီး ရည်ညွှန်းသွားတာပဲ ဖြစ်တယ်။ အိုဘားမားလာတာ အတိုင်းအတာတစ်ခုထိတော့ အကျိုးသက်ရောက်မှု ရှိပါလိမ့်မယ်။ ဒီကတစ်ဆင့် တက်ပြီးတော့ အမေရိကန် မြန်မာ ဆက်ဆံရေးတွေရော၊ စီးပွားရေးတွေရော အစစအရာရာ စစ်ရေးအပိုင်းမှာ ဆက်စပ် ပတ်သက်မှုတွေ ရှိလာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြောင်းလဲမှုဟာ တရွေ့ရွေ့နဲ့ ဖြစ်ပေါ်လာလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ပြည်သူတွေ လိုလားနေတဲ့ ပြောင်းလဲမှုမျိုးတော့ ဖြစ်ချင်မှဖြစ်မယ်။ အမေရိကန်အနေနဲ့က အရှေ့တောင်အာရှကို ၀င်ထွက်ဖို့ကြိုးစားတယ်။ နောက်ဆုံးကျန်ရှိနေတဲ့ နိုင်ငံဟာ မြန်မာနိုင်ငံ ဖြစ်တယ်။ ကျန်တဲ့နိုင်ငံတွေတိုင်းဟာ အကုန်လုံးနီးပါး အဆင်ပြေပြီးသား ဖြစ်တယ်။ အခု အာရှပစိဖိတ်ဒေသကို အမေရိကန် အာရုံစိုက်နေတဲ့အချိန်မှာ မြန်မာနိုင်ငံဟာ နောက်ဆုံးကျန်တဲ့ နိုင်ငံဖြစ်လို့ မြန်မာနိုင်ငံကို ၀င်ထွက်တာလို့ပဲ ကျွန်တော်မြင်တယ်။ ဒါကလည်း တစ်ဖက်က ကြည့်မယ်ဆိုရင် အမေရိကန်ဘက်က တရုတ်နိုင်ငံရဲ့သြဇာကို တစ်နည်းတစ်ဖုံ လျော့ချတာလည်း ဖြစ်ချင်ဖြစ်မယ်။ မြန်မာနိုင်ငံဘက်ကတော့ တရုတ်နိုင်ငံရဲ့ သြဇာကို ကြီးကြီးမားမာ လျော့ချနိုင်ဦးမယ် မထင်ဘူး။ မြန်မာပြည်ဟာ တစ်ချို့ကိစ္စတွေမှာ တရုတ်နိုင်ငံအပေါ် မှီခိုထားရတယ်။ ဥပမာ လက်ပန်တောင်းတောင် ကိစ္စလိုမျိုး အနေအထားမျိုးမှာဆိုရင် ယတိပြတ် ဖြတ်ချဖို့ ဒီအစိုးရက ဆန္ဒရှိမယ် မထင်ဘူး။ အိုဘားမားအနေနဲ့ အခုလိုမျိုး စိတ်ကောင်းစေတနာနဲ့ ဟောပြောသွားတာကို သဘောကျတယ်။ သို့သော်လည်း နောက်ဆက်တွဲ ကူညီမှုတွေ ထောက်ပံ့မှုတွေ မပါလို့မရဘူး။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုင်ရာရော၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးရော ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့က ပါးစပ်နဲ့ အပြောနဲ့ သက်သက်ဆိုတာထက် ကိုယ်တိုင်ကိုယ်ကျ ထပ်ပြီးတော့ ကူညီဖို့ တော့လိုတယ်။ သံခင်း တမန်ခင်း သက်သက်ပဲဆိုရင်တော့ သိပ်ပြီးတော့ အကျိုးသက်ရောက်မှု ရှိမယ်မထင်ဘူး။

ဦးဇိုဇမ် (ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌနှင့် တိုင်းရင်းသားညီနောင် ခြောက်ပါတီမှ ပြောရေးဆိုခွင့်ရှိသူ)

ကျွန်တော်တို့ အဓိကမှန်းထားတဲ့ တိုင်းရင်းသားအရေး ကိစ္စတို့ဘာတို့ သူကသဘော လောက်ပဲ ပြောသွားတာ တွေ့ပါတယ်။ ဒါလဲ သူအချိန်မရလို့ ဖြစ်ပါလိမ့်မယ်။ အဓိက တိုင်းရင်းသားအရေး ကိစ္စနဲ့ပတ်သတ်လို့ မြန်မာနိုင်ငံမှာ အခုပြောပြောနေတဲ့ ငြိမ်းချမ်းရေးရဖို့ နောက်ပြီး ကျွန်တော်တို့ရဲ့ ပြည်ထောင်စု မပြိုကွဲဖို့၊ တိုင်းရင်သား စည်လုံးညီညွှတ်မှု မပြိုကွဲဖို့၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲဖို့ ဆိုတဲ့ ဒို့တာဝန်အရေးသုံးပါး၊ အဲဒီဟာကို ပီပြင်အောင် ဖက်ဒရယ်စနစ်ကို ပီပီပြင်ပြင် အမြန်ဆုံး ထူထောင်နိုင်ပါမှ ကျွန်တော်တို့ ပြောပြောနေတဲ့ ဒို့တာဝန်အရေးသုံးပါးဟာ ပိုပြီးတော့ ထိရောက်လိမ့်မယ်လို့ ပြောချင်ပါတယ်။ အဓိကတိုင်းပြည်မှာ အလိုအပ်ဆုံးဟာက ကချင်ပြည်နယ်မှာ ဆက်လက်တိုက်ပွဲ ဖြစ်နေတယ်။ ရှမ်းပြည်နယ်မှာလည်း ဆက်လက်တိုက်ပွဲ ဖြစ်နေတယ်။ သေနတ်သံတွေ မရပ်စဲမချင်း ကျွန်တော်တို့မှာ ဘာအပြောင်းအလဲပဲ လုပ်လုပ်၊ ဘာဒီမိုကရက်တိုက်ဇေးရှင်းဘဲ သွားသွား ကျွန်တော်တို့အတွက်တော့ အတားအဆီးတွေပါပဲ။ ငြိမ်းချမ်းရေးရအောင် ကျွန်တော်တို့မှာ နိုင်ငံရေးစကားပြောနိုင်တဲ့ အခြေအနေတစ်ခု လုပ်သင့်တယ် ဆိုတဲ့ဟာမျိုး တိတိကျကျ သူပြောသွားတာတော့ မတွေ့ဘူး။ တပ်မတော်နဲ့ပတ်သတ်လို့ကတော့ သူကတော့ တပ်မတော်ဦးစီးချုပ်ပေါ့ဗျာ။ သူ့တပ်ပေါ်မှာပဲ သူအမြင်ပြောသွားတာ။ ကျွန်တော်တို့ တပ်မတော်ဟာ သူနဲ့မဆိုင်ပါဘူး။ သူရဲ့ အတွေ့အကြုံနဲ့ ပတ်သတ်ပြီးတော့ နည်းနည်းသူပြောသွားတယ်။ ယူမယ်ဆိုရင်တော့ အင်မတန်ကောင်းတဲ့ ပညာတွေပါ။ မယူနိုင်ဘူးဆိုရင်တော့ ကိုယ်ဘာသာကို နေလို့ရပါတယ်။

ဒီငြိမ်းလင်း (ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ)

တက်ရောက်ခွင့်ရဖို့ ပထမဆုံး ဖိတ်ကြားတဲ့သူကို ကျေးဇူးတင်တယ်။ မိန့်ခွန်းမှာ ကြားရတာတော့ သူပထမဆုံးပြောသွားတာ ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေး၊ ဒီရန်ကုန်တက္ကသိုလ်ကြီးဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသမိုင်းမှာ၊ လွတ်လပ်ရေးသမိုင်းမှာ ဘယ်လောက်ထိ လှုပ်ရှားခဲ့တယ်။ အခု ဘယ်လောက်ထိ ဖြစ်ပျက်နေတာကို အဓိကထားပြောတယ်။ အဲဒီမှာ ကျွန်တော်တို့နိုင်ငံက ခေါင်းဆောင်တွေလည်း ဘယ်လိုပြင်သင့်သလဲ။ လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီး သူများနိုင်ငံတွေမှာ ဘယ်လိုတွေ လုပ်ဆောင်နေတယ်ဆိုတာမျိုး ကျွန်တော်တို့ရော၊ ကျွန်တော်တို့နိုင်ငံ ခေါင်းဆောင်တွေရော နမူနာယူသင့်တယ်လို့ ပြောချင်ပါတယ်။

EMG

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.