Tuesday, November 20, 2012

0 ကနဦးအစီအစဉ်တွင် မပါဝင်သော်လည်း အိုဘားမား ရွှေတိဂုံစေတီတော်အား တက်ရောက်ဖူးမြော်

အမေရိကန်သမ္မတ အိုဘားမားနှင့် ၄င်း၏ ၀န်ကြီးအဖွဲ့သည် ယနေ့နေ့လည်တွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် တွေ့ဆုံမှုအပြီး၌  ရွှေတိဂုံစေတီတော်အား သွားရောက်ဖူးမြော်သည့် ခရီးစဉ်မှာ မြန်မာအစိုးရနှင့် အမေရိကန်သံရုံးတို့၏ ကနဦးသဘောတူညီချက်များတွင် မပါဝင်ကြောင်း သမ္မတအကြံပေးတစ်ဦးဖြစ်သူ ဦးလှမောင်ရွှေ ကပြောသည်။
          ကန်သမ္မတ၏ လုံခြုံရေးအချက်အလက်များအရ ၄င်း၏လုံခြုံရေးဆောင်ရွက်သူများအနေဖြင့် ဖိနပ်ချွတ်နိုင်ခြင်းမရှိသောကြောင့် ကနဦးသဘောတူညီချက် တွင် ရွှေတိဂုံစေတီတော်ခရီးစဉ်ကို ဖျက်သိမ်းထားခြင်းဖြစ်သည်။ နိုဝင်ဘာလ ၁၈ ရက်နေ့ ညပိုင်းတွင်မူ မြန်မာအစိုးရတာဝန်ရှိသူများနှင့် အမေရိကန်သံရုံးတို့မှ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးပြီးနောက် ယနေ့တွင် သမ္မတ အိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့အဖွဲ့ သွားရောက်ဖူးမြော်ခြင်းဖြစ်ကြောင်းသိရသည်။
          “အစိုးရနဲ့သံရုံးညှိနှိုင်းပြီးတော့ ကျနော်တို့အစိုးရအဖွဲ့ကနေ ရွှေတိဂုံစေတီတော်ကို ညဦးပိုင်းကတည်းက ပိတ်လိုက်ပြီး ရဲတပ်ရင်းတွေနဲ့ လုံခြုံရေးအပြည့်အ၀ချပေးခဲ့ တယ်။သူတို့ကလည်း တစ်လျောက်လုံး သူတို့ လုံခြုံရေးအစီအစဉ်နဲ့လာခဲ့တဲ့ အတွက် ဒီတစ်ခါတော့ မြန်မာအစိုးရကိုလုပ်ခွင့်ပေးတဲ့သဘောရှိတယ်။ မနက်ပိုင်းကျမှ မိုင်းရှင်းရေး အဖွဲ့နဲ့ကြိုတင်စစ်ဆေးတာ လောက်ဘဲရှိတော့တယ်။ ဒီလိုနဲ့ အစီအစဉ်ဖြစ်သွားတဲ့သဘောပါပဲ” ဟု အဆိုပါ သမ္မတအကြံပေးကဆိုသည်။
          အဆိုပါကိစ္စနှင့် ပက်သက်၍ အမေရိကန်သံရုံးမှ ပြန်ကြားရေးတာဝန်ခံ ဦးထင်အောင်ကျော်ကမူ “အခုလိုကိစ္စမျိုးတွေက ကျနော်တို့သံရုံးမှာ ပြောပိုင်ခွင့် မရှိပါဘူး” ဟုမြန်မာခေတ်၏မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့သည်။
        “ဘာသာတရားမတူတဲ့ တစ်ပြည်ထောင်ရဲ့ယဉ်ကျေးမှုကို တစ်ပြည်ထောင်က အလေးထားရတယ်ဆိုတဲ့ သံခင်းတမန်ခင်းက ဟိုးရှေးရှေးကတည်းက ယဉ်ကျေးတဲ့နိုင်ငံတွေမှာ ရှိစမြဲပါ။ အခုလို သမ္မတ အိုဘားမားက ကျွန်တော်တို့ ဘာသာတရား၊ ယဉ်ကျေးမှုကို အလေးထားကြောင်းပြသတာက ကြည်နူးစရာကောင်းသလို အမေရိကန်နဲ့ မြန်မာနိုင်ငံရဲ့ သံတမန်ဆက်ဆံရေးကို Soft Power အရ တနည်းတဖုံ  အထောက်အကူပေး မှာပါ” ဟု ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့မှ ကိုရဲဝင်းက မှတ်ချက်ပြုသည်။

 စူးရှThe myanma age

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.