Monday, November 19, 2012

1 အမေရိက သံယောဇဉ်ဟောင်းနှင့် အိုဘားမား၏ မြန်မာနိုင်ငံခရီး

အိုဘားမားဆိုသည်ကလည်း ခေသူမဟုတ်။ မြန်မာနိုင်ငံတွင် ပြောကြားမည့်မိန့်ခွန်းအတွက်ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမကြီးကို ရွေးချယ်လိုက်ခြင်းကသူလည်းမြန်မာပြည်သူတွေနှင့် နှလုံးသားချင်းမဝေးကြောင်းအချက်ပြလိုက်ခြင်းပင်ဖြစ်တော့သည်။
ထိုနေရာကား ကျောင်းသားလှုပ်ရှားမှုတို့ထက်ကျော်လွန်သော မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုမွေးဖွားရာ ဘူမိနက်သန် နေရာကြီးတစ်ခု။ ဒီမိုကရေစီရမှ အမျှဝေပါဟု အသက်ပေးသွားကြသူတို့၏ ဝိဥာဉ်တွေကို အိုဘားမား၏ ဒီမိုကရေစီမိန့်ခွန်းဖြင့် ကောင်းရာ သုဂတိလားစေတော့မည်လား။ ကိုင်ရိုမိန့်ခွန်းဆိုတာ ရန်ကုန်တက္ကသိုလ်မိန့်ခွန်းနဲ့ ယှဉ်ရင် သေးသေးလေးပါ ဟု မြန်မာ့ဒီမိုကရေစီအရေးကလက်မထောင်နိုင်တော့မည်လား။
၁၉၇၀ ပြည့်လွန်နှစ်များအတွင်း မြန်မာလူငယ်ထုအတွင်း ခေတ်စားလာသည့် ယဉ်ကျေးမှုများကား Heavy Metal ၊ သူ့အရင်က ရောခ့်အင်ရိုးနှင့် ကန်းထရီးတို့က ဗမာရေအတော်လည်နေပြီ။ မကြာမီကာလများ၌ ပန်ခ့်က မွေးစားသားဖြစ်လာသည်။ Gun and Rose နှင့် ဘွန်ဂျိုဗွီ ဒီဇိုင်းတွေ၊ ရောခ့်စတီးဝပ်ကြီးလည်းမကျန်၊ ဂျိမ်းစဘွန်းနှင့်ရမ်ဘိုကားများကလည်း လူကြီးလူငယ်တွေအကြိုက်။ Top Gun ရုပ်ရှင်ထွက်တော့ ဆောင်းတွင်းပင် မရောက်သေး အဲဖိုစ့်ဂျာကင်ကြီးတွေမှာ အမေရိကန်အလံတွေ တပ်ပြီးဝတ်ဆင်ကြပါရောလား။

အမေရိကယဉ်ကျေးမှုကား မြန်မာတွေအတွက်ပြုံးပြုံးကြီးနှင့် မုန်းချင်စရာကြီးပြောရသည့် ချစ်သူမျိုး။ မျက်နှာဖြူဆန့်ကျင်ရေးကို ရိုက်သွင်း ခံခဲ့ရသည့် မျိုးဆက်နှစ်ဆက်မျှ ဖြတ်ကျော်ခဲ့ရငြား အမေရိက၏စန်းပွင့်မှုကိုတော့ လူငယ်တွေခမျာ ကြာကြာမုန်း၍မရနိုင်ခဲ့။ နောက်ပိုင်းမှာ Levis 501 တွေ ခေတ်စားလာခဲ့ပြီး စကိုင်းဘလူး၊ ဒါခ့်ဘလူး၊ အနက် လူငယ်တိုင်းတွင် ဂျင်းဘောင်းဘီအနည်းဆုံးသုံးထည်ရှိမှ ခေတ်မီသည်ဟု ခံစားရသည့် ဖီလင်မျိုး။ သည့်အရင်ကလည်း ပရက်စလေကြီး၏ ခေါင်းလောင်းဘောင်ဘီတွေကို မြတ်နိုးစွာ ဝတ်ဆင်ခဲ့ကြသည်ပဲ။

ဆိုရလျှင် အမေရိကသည် မြန်မာပြည်သူတွေနှင့် အလှမ်းဝေးသည့်တိုင် နှလုံးသားချင်းဝေးသည့်နေရာတော့ မဟုတ်။ ဒါကလည်း ဂလိုဘယ် လိုက်ဇေးရှင်းကြီး မြန်မာပြည်အဝင်နောက်ကျသည်ဟု ဆိုရသည့်တိုင် အမေရိကန်ယဉ်ကျေးမှုအချို့က စောစီးစွာရောက်နှင့်ပြီးဖြစ်ကြောင်း ပြသနေ သလိုပင်။ တံခါးပိတ်ဝါဒနောက်ပိုင်း၊ အာဏာသိမ်းမှုများအပြီး ပိတ်ဆို့အရေးယူမှုများကြောင့် သံတမန်ဆက်ဆံရေးအေးခဲသွားသည့် နောက်ပိုင်းတွင်ပင် လျှင် အမေရိက၏ပေါ်ပြူလာဖြစ်မှုက မြန်မာ့လူ့အဖွဲ့အစည်းအတွင်း စန်းကျသွားသည်ဟူ၍တော့ မရှိခဲ့။ တရုတ်ကားတွေ၊ ကိုရီးယားကားတွေ ဆက်တိုက်ထုတ်လွှင့်နေသည့်တိုင်လမ်းဘေးကခွေဆိုင်တွေမှာတော့ ဟောလိဝုဒ်ရုပ်ရှင်ကားများကသာ ရှယ်ယာအများဆုံးရနေသေးသည် မဟုတ် လော။

၂၀၀၈ ခုနှစ်မှာတော့ အမေရိက၏ မဟာသမ္မတမင်းတပါး တက်လာသည်။ ယခင့် ယခင် တုန်းက အမေရိကန်သမ္မတရွေးကောက်ပွဲများသည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လူပြောသူပြောများသည့် အရာတစ်ခုသာဖြစ်ခဲ့သော်လည်း သူတက်လာသည့်အခါမှာတော့ မြန်မာ့လူ့အဖွဲ့အစည်းကို ရိုက်ခတ်မှု အတော်အတန်ရှိခဲ့သည်။ သူ့အမည်ကား အိုဘားမား။ အစွဲကြီးသော ရွှေမြန်မာများက ဘားမားဆိုသည်နှင့် မေတ္တာရှိနှင့်ပြီးဖြစ်တော့သည်။

ထို့ထက်ထူးခြားသည်ကား ကိုရွှေမြန်မာတို့၏ ချစ်စရာကောင်းသည့် ဓလေ့တစ်ခုဖြစ်သော အားနည်းသူဘက်က ရပ်တည်မည်ဆိုသည့် ခံယူချက်။ အိုဘားမားကား လူမည်းသမ္မတဖြစ်သည်။ လူမည်းတွေ အနှိမ်ခံ၊ အဖိနှိပ်ခံရသည့် ဇာတ်လမ်းတွေနှင့် သမ္မတကြီးအေဗရာဟမ်လင်ကွန်း အကြောင်း နောကျေအောင်ဖတ်ခဲ့ရသော မြန်မာတွေက လူမည်းသမ္မတဘက်ကရပ်တည်ရန် သံဓိဌာန်ချပြီးဖြစ်တော့သည်။ မြန်မာပြည်အရေးကို ပြတ်ပြတ်သားသားကိုင်တွယ်မည်ဟု ကြုံးဝါးပြောဆိုသည့် ပြိုင်ဘက်ဂျွန်မက်ကိန်းကြီးအား စစ်ဗိုလ်ချုပ်တွေကိုဆက်ဒက်ဟူစိန်လမ်းပို့လိုသည့် ရဲရဲတောက် နိုင်ငံရေးသမားအချို့ကသာထောက်ခံပြီး သာမန်ပြည်သူတွေကတော့ အိုဘားမားမှ အိုဘားမား။ ဘာမှ လုပ်မပေးလည်း အိုးဘားမားပဲ။

‘အဲ့သလောက်တောင်ချစ်ရသည်’ဟု ဆိုရမလို။ ထိုအချိန်က ကိုယ့်နိုင်ငံမှာလည်း ရွေးကောက်ပွဲမရှိ၊ ဖေ့စ်ဘုတ်ကိုလည်း ယခုလို အကျွမ်းတဝင် မဖြစ်သေး။ မဟုတ်လို့က မြန်မာတွေပေးသည့် like နှင့်ပင် အိုဘားမားကြီး အပြတ်အသတ်နာမည်ကြီးဦးမည်။ ယခုတကြိမ် ပြန်လည် ရွေးကောက်ခံ သည့်ပွဲ၌ ရွန်မနေ၏ ဖေ့စ်ဘုတ်နှင့် အိုဘားမား၏ ဖေ့စ်ဘုတ်တွင် မြန်မ ပြည်သူများ၏ Like နှင့် Share ကို ယှဉ်ကြည့်ပါက အိုဘားမားက အပြတ်အသတ်ပင် မဟုတ်ပါလော။

မေတ္တာဆိုသည်က အလျားအနံမရှိသော်လည်း အသွားအပြန်ရှိသည်ဆိုသည့်အတိုင်း မြန်မာပြည်သူများ၏မေတ္တာကို အိုဘားမားကြီးက ရောင်ပြန်ဟပ်နိုင်ရန်ကြိုးစား၏။ လေမန်ဘရားသားစ် ပြိုလဲမှု၊ အာဖဂန်မှ တပ်ဆုတ်ခွာရေး၊ စီးပွားရေးပြန်လည်ဦးမော့လာရေး စသည်ဖြင့် ဘုရှ်ကြီး၏ ဆိုးမွေတွေနှင့် အရှုပ်ထုပ်တွေကြောင့် ပထမ နှစ်နှစ်အတွင်း မြန်မာပြည်ဘက်သို့ လှည့်မကြည့်နိုင်သော်ငြား မြန်မာ့ရွေးကောက်ပွဲအပြီးတွင်တော့ မြန်မာပြည်နှင့် ထိတွေ့ဆက်ဆံရန် ရဲရဲကြီးဆုံးဖြတ်လိုက်တော့သည်။ ရွေးကောက်ပွဲမတိုင်မီနှင့် ပြီးစကာလများအထိ အိုဘားမားကြီးခမျာ သူ့အစိုးရ အဖွဲ့တွင်းက သဘောထားတင်းမာသူများနှင့် လွှတ်တော်ထဲက ရီပတ်ဘလစ်ကန်များကြောင့် မြန်မာပြည်ဘက် ခြေဦးမလှည့်နိုင်ခဲ့။ သို့သော် သူလုပ်လို့ရ သည့် အခြေအနေရောက်လာတော့လည်း လက်မနှေးဘဲ လုပ်စရာရှိတာတွေကို သွက်သွက်လက်လက်လုပ်သည်။ ဒဲရက်မစ်ချယ်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်အပ်ပြီး မြန်မာနိုင်ငံနှင့် စတင်ထိတွေ့ရန်ကြိုးစားသည်။ များမကြာမီ နှစ်ပေါင်းငါးဆယ်အတွင်း အမေရိက၏ အဆင့်အမြင့်ဆုံး အရာရှိခရီးစဉ်အဖြစ် ဟီလာရီကလင်တန်ကို စေလွှတ်လိုက်သည်။ ထို့နောက် ဆက်တိုက်ဆိုသလိုပင် အမေရိကန်အဆင့်မြင့် အရာရှိတွေ စေလွှတ်ပါ၏။

တချိန်က ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် ကြုံးဝါးခဲ့သည့် မက်ကိန်းကြီးလည်း အပိုးကျိုးကျိုးဖြင့် ရောက်လာသေးသည်။ ဒဲရက်မစ်ချယ်ကိုလည်း မြန်မာနိုင်ငံဆိုင်ရာသံအမတ်အဖြစ် ခန့်အပ်လိုက်သည်။ မြန်မာခေါင်းဆောင်တွေ၏ ဒီမိုကရေစီအရေးကြိုးပမ်းမှုကို အခါအခွင့်သင့်တိုင်း ထုတ်ဖော် ချီးကျူး၏။

ထိုသို့ သံခင်းတမံခင်းများအပြီး စီးပွားရေးအရ ပိတ်ဆို့ရုပ်သိမ်းထားမှုတွေကိုလည်း တဆင့်ချင်းဖြေလျော့ ပေးလိုက်ပြန်သည်။ သို့နှင့်အမျှ အမေရိကန်ရင်းနှီးမြှုပ်နှံမှုတွေ တဆင့်ချင်းဝင်လာသည်။ မြန်မာဘက်က ရင်းနှီးမြှုပ်နှံမှု ဥပဒေ အပြီးသတ် ပြဌာန်းပြီးသည်နှင့် ရင်းနှီးမြှုပ်နှံမှုတွေ ဒလဟော ဝင်ရောက်လာနိုင်ဖွယ်ရှိပါ သည်။ ထိုမျှသာမကသေး……………

ယခုမူ သူကိုယ်တိုင် မြန်မာပြည်သို့ ရောက်လာခဲ့ချေပြီ။ အိုဘားမားဆိုသည်ကလည်း ခေသူမဟုတ်။ မြန်မာနိုင်ငံတွင် ပြောကြားမည့် မိန့်ခွန်းအတွက် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမကြီးကို ရွေးချယ်လိုက်ခြင်းက သူလည်းမြန်မာပြည်သူတွေနှင့် နှလုံးသားချင်း မဝေးကြောင်း အချက်ပြလိုက်ခြင်းပင်ဖြစ်တော့သည်။ ထိုနေရာကား ကျောင်းသားလှုပ်ရှားမှုတို့ထက်ကျော်လွန်သော မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုမွေးဖွားရာ ဘူမိနက်သန် နေရာကြီးတစ်ခု။ ဒီမိုကရေစီရမှ အမျှဝေပါဟု အသက်ပေးသွားကြသူတို့၏ ဝိဥာဉ်တွေကို အိုဘားမား၏ ဒီမိုကရေစီမိန့်ခွန်းဖြင့် ကောင်းရာ သုဂတိလားစေတော့မည်လား။ ကိုင်ရိုမိန့်ခွန်းဆိုတာ ရန်ကုန်တက္ကသိုလ်မိန့်ခွန်းနဲ့ယှဉ်ရင် သေးသေးလေးပါ ဟု မြန်မာ့ဒီမိုကရေစီအရေးက လက်မထောင်နိုင်တော့မည်လား။

ရပ်ကွက်ထဲတွင်ရော၊ ရုံးဌာနတွေမှာရော၊ လမ်းဘေးဈေးဆိုင်မကျန် အိုဘားမားကြီး ကြွချီလာတော့မည့် သတင်းတွေသာလွှမ်းမိုးနေ၏။ ယခုပွဲကား မြန်မာအစိုးရ တော်လွန်း၍ လိမ္မာလွန်း၍ လာရောက်ဆုချီးမြှင့်ခြင်းမျိုးထက် အမေရိကန်ကို သိသိသာသာရော၊ မသိမသာပါ ချစ်ခင်ရင်းစွဲ ရှိကြသော မြန်မာပြည်သူများထံသို့ ၎င်းတို့၏ ဟာဒယနှင့် အထိဆုံး၊ နှလုံးသားချင်း အနီးစပ်ဆုံး အမေရိကန်သမ္မတတစ်ဦး ပထမဆုံးလာရောက်၍ ရွှေလမ်းငွေလမ်းဖောက်သည့် ခရီးဖြစ်သည်။ စကြာဝတေးမင်းဟု တင်စားခံရသည့် အမေရိကန်သမ္မတရာထူး ရယူခဲ့သူများအနက် မြန်မာတွေ၏ ဟာဒယ ကို အညှို့ငင်နိုင်ဆုံးနှင့် နာမည်ကြားတည်းကနှလုံးသားချင်းနီးခဲ့သူ ယခုလည်း ရွှေမြန်မာတွေ အိုဘားမားကြီးကို မျက်နှာမြင် ချစ်ခင်ပါပေရဲ့ဟု ဝမ်းမြောက် ဝမ်းသာကြိုဆိုကြလိမ့်မည်။

Yangon chronicle

1 comment:


  1. I cry for people.

    I cry for happy.

    I cry for very happy.

    KO THET HTWE

    Email : thethtwe1@gmail.com

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.