Tuesday, July 17, 2012

0 လူမှုရေးကွန်ယက်


လူမှုရေးကွန်ယက်

လူမှုရေးသမားတစ်ဦးခြင်းသော်၎င်း၊ လူမှုရေးအသင်းအဖွဲ့များသော်၎င်း၊ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ပေးဆပ်ရာတွင် အခက်အခဲ အနှောင့်အယှက်များ ကြုံတွေ့ရမြဲပင်ဖြစ်သည်။ ထိုကဲ့သို့ ကြုံတွေ့ ရသော လူမှုအခက်အခဲများလည်း မြန်မာပြည်အနံ့ရှိ လူမှုရေးအဖွဲ့အစည်းများတွင် ရှိနေတတ်သည်။

ဤကဲ့သို့သော . . . မည်သို့ ကူညီမရမည်နည်း။

မည်သို့ ပေးဆပ်ရမည်နည်း။

ရင်ဆိုင်ရမည်နည်း။

ဖြေရှင်းရမည်နည်းဆိုသော မေးခွန်းများ နေ့စဉ် ကျွန်တော်တို့ နာရေးကူညီ မှုအသင်း(ရန်ကုန်)တွင် ပေါ်ပေါက်နေဆဲဖြစ်သည်။

ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၉.၇.၂ဝ၁၂ ရက်နေ့၌ မြန်မာတ ပြည်လုံးရှိ စာရင်းပေးသွင်းထားသော မြို့ပေါင်း (၁၃) မြို့မှ လူမှုရေးသမားများ (၄၅) ဦးတို့အား ဒုတိယ အကြိမ်မြောက် လူမှုရေးစွမ်းအင်မြှင့်သင်တန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် စခန်းသွင်း၍ သက်ဆိုင်ရာပညာရှင်များနှင့် ပူးပေါင်းကာ လူမှုရေးလုပ်ဆောင်မှုများဖြစ်သော နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးစသည့် (အခမဲ့) ထမ်းရွက်ပေးမှုများနှင့် လူမှုရေးသမားများထားရှိရမည့် စိတ်ဓါတ် ရေးရာ၊ စောင့်ထိမ်းရမည့် အကျင့်သီလ ကိုယ်ကျင့်တရားများအပြင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ Activities of F.F.S.S and F.F.S.S Biography အား Projecter ဖြင့် ပြသရှင်းလင်းခြင်း၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ Buddhism and Humanism၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်မှ Aims and Objectives of life၊ ဒေါ်သီတာမှ Interpersonal Skills၊ ဦးသန်းနိုင်မှ Water Filtration System Demonstration Workship Training၊ ဦးဖူးကျော်ဇင်(Future Wave)မှ Leadership Skill၊ ဒေါ်စီစီမာမှ Financial Rules၊ ဦးလွင်ကိုလတ်နှင့် ဦးစိုင်းရဲကျော်စွာမြင့် တို့မှ Civil Society၊ ဒေါ်ဧရာမောင်မောင်နှင့် ဒေါ်စိုးစန္ဒာ တို့မှ Production of Organic Shampoo and Liquid soap၊ ဦးမန်းသိုက်ထွန်းမှ Human Right ၊ ဦးကျော်ဇောနိုင်မှ Legal Knowledge and Community Awareness နှင့် ဒေါက်တာထွန်းလွင်မှ မိုးလေဝသဆိုင်ရာပညာရပ်များအား သင်တန်းကာလ (၆) ရက်ကြာမြင့်စွာ လက်ဆင့်ကမ်း၍ မြန်မာပြည် အနယ်နယ် အရပ်ရပ်ရှိ လူမှုရေးသမားများအတွက် သင်တန်းဖွင့်လှစ် ပို့ချသင်ကြားခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အမှတ်စဉ် (၂/၂ဝ၁၂) ပရဟိတအသင်းများ စွမ်းရည်မြှင့်သင် တန်းသို့ သန်လျင်မြို့နယ်ရှိ “သန်လျင်နာရေးကူညီမှုအသင်း” နှင့် “ရွှေသန်လျင်သာသနာ့ရိပ်သာ လူငယ် ပရဟိတအကျိုးဆောင်အဖွဲ့”၊ ဒလမြို့နယ်ရှိ “ဒလနာရေးကူညီမှုအသင်း”၊ “သံသရာခရီးသည် နာရေး ကူညီမှုအသင်း”၊ မှော်ဘီမြို့နယ်ရှိ “မြို့မ(အခမဲ့) နာရေးကူညီမှုအသင်း”၊ မကွေးတိုင်းရှိ “နတ်မောက် နာရေးကူညီမှုအသင်း”၊ “ကံဦးသွေးလှူရှင်များအဖွဲ့”၊ “နာမ့်ခုံးရှမ်းများပရဟိတအသင်း”၊ “ထုံးဘိုနာရေး ကူညီမှုအသင်း”၊ “ပဲနွယ်ကုန်း 100 Power လူငယ်များအဖွဲ့”၊ “ဖယ်ခုံ - လောက ပါလ လူမှုကူညီရေး”၊ “မြစ်ကြီးနား - အောင်နန်းနာရေးကူညီမှုအသင်း”၊ “နမ္မတီးနာရေးကူညီမှုအသင်း”၊ “တနိုင်းနာရေးကူညီမှု အသင်း”၊ “သုခကုသိုလ်ဖြစ်ဆေးခန်း(ကြို့ပင်ကောက်)”၊ “ဖျာပုံ-ကရုဏာရှင်နာရေးကူညီမှုအသင်း”၊ “မလှိုင်မြို့ - ပန်းအိုင်နာရေးကူညီမှုအသင်း”၊ “ညောင်ဦးမြို့ - ကရုဏာရှင် (အခမဲ့) နာရေးနှင့်ဆေးခန်း”၊ “နေပြည်တော်၊ သာဝတ္တိမြို့ရှိ “ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေး”၊ သနပ်ပင်မြို့ရှိ “ကုလားချောင်းကြီးရွာ နာရေးကူညီမှုအသင်း” နှင့် “စေတနာရှင် နာရေးကူညီမှု”၊ မိုင်းရှူးမြို့ရှိ “မေတ္တာရှင် လူငယ်များ သာမှု/ကူမှု ကူညီရေးအသင်း”၊ ထုံးဘိုမြို့၊ မြောင်အုပ်စုရှိ “ဖူးရွှေစင်နိုင်ရတနာ လူမှုကူညီရေး”၊ တောင်သာမြို့ရှိ “လူမှုကူညီရေးအသင်း” အစရှိသည့် အသင်းအဖွဲ့ (၂၅) ဖွဲ့ရှိ လူမှုရေးသမား (၄၅) ဦးတို့အား သင်တန်း ကာလ (စ/ဆုံး) နေ့လည်စာအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဧည့်ခံကျွေးမွေးခဲ့ပြီး နယ် အသင်းအဖွဲ့ များအတွက် နေထိုင်မှု၊ စားသောက်ရေးနှင့် ကျန်းမာရေးကိစ္စရပ်ကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

ယင်းနောက် ဦးရဲလွင် ဦးဆောင်သည့် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက်နှင့်အတူ ကိုဆောင်းဦးလှိုင်မှလည်း လာရောက်၍ ဂီတသံစဉ်တို့ဖြင့် လူမှုခွန်အားများကို မြှင့်တင်ပေးခြင်းတို့အပြင် ညပိုင်းအချိန်များတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ စုဆောင်းရရှိထားသော ကမ္ဘာ့နိုင်ငံအသီးသီးမှ ဖြစ်ရပ်မှန်၊ အတ္ထုပ္ပတ္တိဇာတ်လမ်းများအား ပြသကာ မိမိတို့၏ လူ့အဖွဲ့အစည်း ပိုမို တိုးတက် သာယာငြိမ်းချမ်းရေးကို ရှေးရှု၍ ကျယ်ပြန့်ကွဲပြားသော အသိပညာ၊ အတွေးအမြင်၊ အကြောင်း အရာ၊ အတွေ့အကြုံများကို ရှာဖွေလေ့လာ၍ ဆွေးနွေးခြင်း၊ အဖြေရှာခြင်း၊ ဝေဖန်ဆန်းစစ်ခြင်း မျှဝေခြင်း ဖြင့် အဖွဲ့အစည်း၊ ပတ်ဝန်းကျင်တွင် ထိုကဲ့သို့ အပြုအမူများကို တတ်အားသဖြင့် လုပ်ဆောင်နိုင် ကြစေရန် နှင့် သင်ခန်းစာ ရယူနိုင်ကြစေရန်အတွက် ပြသခဲ့သည်။

သင်တန်းပြီးစီးသည့် နေ့ရက်တွင် နံနက် (၁ဝးဝဝ) နာရီအချိန်တွင် ပရဟိတ စွမ်းရည်မြှင့်သင်တန်း ဆင်းပွဲကျင်းပခဲ့ပြီး သင်တန်းသား/သူများအတွက် သင်တန်းဆင်းလက်မှတ်များအား နာရေးကူညီမှု အသင်း(ရန်ကုန်) ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်တို့မှ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး နေ့လည် (၁းဝဝ) နာရီအချိန်တွင် သင်တန်းသား/သူများတို့အား လေ့လာရေး ခရီးစဉ် အဖြစ် ရေဝေးသုဿန်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးခွဲနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကူညီ ဖေးမမှု အသီးသီးတို့အား လိုက်လံပြသခဲ့ပြီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)အား မျိုးစေ့ချ ပေးခဲ့သော ကျေးဇူးရှင် ဘဘဦးသုခ၏ အုတ်ဂူအားသွားရောက်၍ ဂါရဝပြုကြကာ လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လိုက်လံပို့ဆောင်ပေးခဲ့သည်။ ညနေ (၄း၃ဝ) နာရီတွင် နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ ပြန်လည်ရောက်ရှိလာကြပြီး ပရဟိတအသင်းအဖွဲ့များ စွမ်းရည်မြှင့်သင်တန်း ၂/၂ဝ၁၂ အခမ်းအနားအား အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

၁၅.၃.၂ဝ၁၂ ညပိုင်းနှင့် ၁၆.၇.၂ဝ၁၂ နံနက်ပိုင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မိမိတို့ နေရပ် ဋ္ဌာနအသီးသီးသို့ တက်ကြွသောခြေလှမ်း၊ ဖေးမမည့်နှလုံးသား၊ ပံ့ပိုးမည့်လက်အစုံတို့ဖြင့် မြန်မာပြည် အရပ်ရပ်ရှိ မိမိတို့၏ ဇာတိချက်မြှပ်ရာ နေရာဋ္ဌာနအသီးသီးတို့ ဗြဟ္မစိုရ်ခြေလှမ်းများဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။

ထို့ကြောင့် ကျွန်တော်တို့၏ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်ကြီး ထူထောင်ရာတွင် အဓိကကျသော သီလလုံခြုံသော၊ ကိုယ်ကျင့်တရားပြည့်ဝသော လူမှုရေးသမားများ၊ လူမှုရေးအဖွဲ့အစည်း များ ပေါ်ထွန်းလာရေးအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် တစ်ဖက်တစ်လမ်း ပံ့ပိုးမှုများကို

ကိုယ့်လမ်း … ကိုယ်သွား

ကိုယ့်အလုပ် … ကိုယ်လုပ်

ကိုယ့်တာဝန် … ကိုယ်ကျေ

ကိုယ့်သီလ … ကိုယ်လုံ

ကိုယ့်သမိုင်း … ကိုယ်ရေး ဟူသောဆောင်ပုဒ် အတိုင်းလက်ခံကျင့်သုံး၍ ကွန်ယက်သဖွယ် ချိတ်ဆက် လက်တွဲကာ ငြိမ်းချမ်းရေး ပန်းတိုင်သို့ လက်တွဲမဖြုတ် ဖေးကူမကာ မြန်မာအရပ်ရပ် ဒေသ အသီးသီးမှ လူမှုရေးအသင်းအဖွဲ့များ လူမှုရေးသမားများအား လက်တွဲခေါ်ယူ ပံ့ပိုးကူညီမှု များကို အင်တိုက် အားတိုက် ချီတက်၍ ပေးဆပ်သွားတော့မည်ဖြစ်သည်။
ကိုကျော်သူ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.