Sunday, October 28, 2012

0 ဆန္ဒထုတ်ဖော်ပြသကြသူများအတွက်……မိုးဇေညိမ်း

ဦးနေ၀င်း ကြိမ်းခဲ့သလို နောင်ကို ဆန္ဒပြရင် ပြတဲ့သူတွေ မလွယ်ဘူးသာမှတ် ဆိုတဲ့ စကားလိုပါပဲ။ ဆန္ဒထုတ်ဖော်တဲ့ ခေါင်းဆောင်တွေကို အကြမ်းနည်းနဲ့ မနှိမ်နှင်းပေမဲ့ ပညာသားပါပါနဲ့ နှိပ်ကွပ်နေတာပါ။ နောက်နောင် မလုပ်ရဲအောင်ပေါ့။
အဲဒီလို လူသိရှင်ကြား နှိပ်ကွပ်တာတွေရှိတဲ့အပြင် နောက်ကွယ်မှာလည်း ဆန္ဒထုတ်ဖော်တဲ့ လူတွေကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတဲ့ အစီအစဉ်တွေ၊ နည်းလမ်းတွေကို စနစ်တကျရေးဆွဲထားပါတယ်။
ခုတလော ဆန္ဒပြတဲ့ကိစ္စလေးတွေက မကြာခဏကြားနေရတော့ ဆန္ဒပြတဲ့သူတွေ သိသင့်တယ် ထင်တာလေးတွေကို မှတ်မိသလောက် အကြံပြုလိုက်ပါတယ်။

ဥပဒေ ဆိုတာ ကွက်ကျားမိုးလို ရွာချင်သလို ရွာလို့ မရဘူး။ တတန်းတစားတည်း တပြေးညီတည်း ရှိရမယ်။ ဒီလိုမှ မဟုတ်ရင် ဥပဒေကို စော်ကား ဖေါက်ဖျက်တာပဲဖြစ်တယ်။ (ကိုနေမျိုးဇင်)
န္ဒပြတာနဲ့ပတ်သတ်ပြီးထုတ်ပြန်ထားတဲ့ဥပဒေ/နည်းပဒေထွက်ထားတယ်ဆို လို့ ပြန်ဖတ်ဖို့ရှာခဲ့ပေမဲ့ လတ်တလော မတွေ့သေးတာကြောင့် သိသလောက်ပဲ အကျဉ်းရုံးပြီးရေးလိုက်ပါတယ်။ လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရဟာ သူတို့ကိုယ်သူတို့ ဒီမိုကရေစီအစိုးရပါလို့ ကြေညာထားတာမို့ လူထုအတွက် ဒီမိုကရေစီ နည်းလမ်းဆန်တဲ့ အခွင့်အရေးတချို့ကို မပေးချင်ပေးချင်နဲ့ပေးခဲ့ရပါတယ်။ အဲဒီ မပေးချင် ပေးချင်နဲ့ ပေးခဲ့ရတဲ့ အခွင့်အရေးတချို့ထဲမှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြသခွင့် ဆိုတာလည်း ပါခဲ့တာပေါ့။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ဆန္ဒပြတယ်ဆိုတာဟာ အင်မတန်သည်းထိတ်ရင်ဖိုစရာကောင်းတဲ့ ဇာတ်လမ်းတစ်ခုလို ဖြစ်ခဲ့ရပါတယ်။

ဘာကြောင့်လဲဆိုတော့ ဆန္ဒပြပြီးတာနဲ့ လွတ်အောင်ပြေးနိုင်ရင် ပြေး၊ မပြေးနိုင်ရင်တော့ ထောင်ထဲမှာ လေးငါးဆယ်နှစ် သွားနေရတာမို့ပါပဲ။ ဒီတော့ အနှစ်(၂၀) ကျော်ကာလအတွင်းမှာ ပြည်သူတွေအနေနဲ့ ဆန္ဒပြတယ်ဆိုတဲ့ကိစ္စကြီးကို စိတ်ပါဝင်စားပေမဲ့ လက်တွေ့မှာတော့ အလှမ်းဝေးသွားခဲ့ရပါတယ်။ ၂၀၀၇ ခုနှစ်ရောက်တော့ ပြည်သူတွေဟာ သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေကို အခြေအနေစောင့်ကြည့်ရင်း တစတစလမ်းပေါ်ထွက်လာခဲ့ပေမဲ့ လုံထိန်းတွေနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နှင်းမှုကြောင့် သွေးပျက်ခဲ့ရပြန်ပါတယ်။ မြန်မာ့ တပ်မတော်သားတွေဟာ ရှေ့တန်းမှာ ရှုံးနိမ့်ခဲ့ရသမျှ အကြွေးတွေကို လက်နက်မဲ့ပြည်သူတွေအပေါ် အတိုးချခဲ့ပြီး ဆပ်ခဲ့တာမို့ သွေးမပျက်လို့လည်းမရပါဘူး။ တပ်စုတပ်ကြပ်ကြီးက တပ်စုရှေ့တက် ဆိုရင် တပ်စုတစ်စုလုံး ရင်ဘောင်တန်းပြီး သေနတ်အသင့်နဲ့ ရှေ့တက်၊ ပစ် လို့ အမိန့်ပေးရင် ရှေ့မှာ ရှိနေတဲ့ လူစုစုထဲကို ကျည်တစ်ကပ်ကုန်အောင် ခလုတ်ဆွဲ၊ ပြီးရင် နောက်ပြန်ဆုတ်၊ ကျည်စစ်ပြီး တပ်စု ရှေ့ပြန်တက်၊ ကျည်တစ်ကပ်ကုန်အောင် ခလုတ်ဆွဲ …. တကယ့် စစ်မြေပြင်မှာ တိုက်ပွဲဝင်နေသလိုပါပဲ။ တကယ် ရှေ့မှာရှိနေတာက လက်နက်ဆိုလို့ လွန်ရောကျွံရော အုတ်ခဲကျိုးတစ်စလောက်ပဲရှိမဲ့ ပြည်သူတွေပါ။ ထားပါတော့။

ခုချိန်မှာတော့ ဆန္ဒပြတယ်ဆိုတာ လူတွေကြားမှာ ရေပန်းစားတဲ့ ကိစ္စတစ်ခုလို ဖြစ်လာပါပြီ။ တစ်ခါက ရန်ကုန်မြို့က ဆန္ဒပြပွဲမြင်ကွင်းတစ်ခုကို ကြည့်ပြီး “တို့ နိုင်ငံကြီး ဒီမိုကရေစီရနေပါပြီ” လို့ ၀မ်းပန်းတသာပြောတဲ့ သူငယ်ချင်း တစ်ယောက်ကို သောက်ရူး လို့ပဲ ကျွန်တော်ဆဲမိပါတယ်။ ဆန္ဒပြသခွင့်ရှိတာလေးနဲ့တော့ အပြောင်းအလဲလို့ ကျွန်တော်က မမြင်နိုင်ပါဘူး။ ဆန္ဒထုတ်ဖော်တဲ့နေရာမှာတောင် သူတို့မလိုရင် မလိုသလို ချုပ်ချယ်နေတဲ့ ကိစ္စတွေရှိနေတာ အားလုံး သိမယ်ထင်ပါတယ်။ မန္တလေးက သမ္မတထောက်ခံပွဲကိုတော့ ချွင်းချက်မရှိ အတည်ပြု လက်ခံပေးပြီး ငြိမ်းချမ်းရေး အတွက် ဆန္ဒပြတဲ့သူတွေကိုတော့ ရမယ်ရှာ ဖမ်းဆီးဖို့ လုပ်နေပါတယ်။ ဦးနေ၀င်း ကြိမ်းခဲ့သလို နောင်ကို ဆန္ဒပြရင် ပြတဲ့သူတွေ မလွယ်ဘူးသာမှတ် ဆိုတဲ့ စကားလိုပါပဲ။ ဆန္ဒထုတ်ဖော်တဲ့ ခေါင်းဆောင်တွေကို အကြမ်းနည်းနဲ့ မနှိမ်နှင်းပေမဲ့ ပညာသားပါပါနဲ့ နှိပ်ကွပ်နေတာပါ။ နောက်နောင် မလုပ်ရဲအောင်ပေါ့။ မနေ့ညကပဲ ကိုနေမျိုးဇင် ကို ဖမ်းဝရမ်းထုတ်တယ်လို့ သတင်းမှာ ဖတ်မိပါသေးတယ်။ အဲဒီလို လူသိရှင်ကြား နှိပ်ကွပ်တာတွေရှိတဲ့အပြင် နောက်ကွယ်မှာလည်း ဆန္ဒထုတ်ဖော်တဲ့ လူတွေကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတဲ့ အစီအစဉ်တွေ၊ နည်းလမ်းတွေကို စနစ်တကျရေးဆွဲထားပါတယ်။ အဲဒီထဲက တချို့ကို ဗဟုသုတအနေနဲ့ လေ့လာဖို့ ဖော်ပြပေးလိုက်ပါတယ်။ ဆန္ဒပြသဖို့ ကြိုတင်တောင်းခံလာတဲ့အပေါ် စိစစ်ရမည့် အချက်တွေကို ရန်ကုန် ရဲအက်ဥပဒေပုဒ်မ (၃၇) အရ စိစစ်ဖို့ ညွှန်ကြားထားခဲ့ပါတယ်။ အမိန့်ကို မြို့နယ်၊ ခရိုင်တွေက အဆင့်ဆင့် စိစစ်တင်ပြရပြီး တိုင်းဒေသကြီး/ပြည်နယ်အဆင့်က အတည်ပြုပေးရပါတယ်။ မြို့နယ်အဆင့်၊ ခရိုင့်အဆင့် စိစစ်ရေးအဖွဲ့တွေအနေနဲ့ ဆန္ဒပြဖို့ တောင်းခံမှုတွေ စိစစ်တဲ့အခါမှာ ဒီလို အချက်တွေနဲ့ စိစစ်ဖို့ သတ်မှတ်ထားပါတယ်။

(၁) ဆန္ဒပြသူများ ဆူပူအကြမ်းဖက်ပါက လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရုတ်ချည်း ထားဆီးထိန်းချုပ်နိုင်သော နေရာဖြစ်စေခြင်း။

(၂) ဆန္ဒပြရန်တင်ပြတောင်းခံလာသောနေရာများကို မြို့နယ်အလိုက်ကွပ်ကဲမှု အဖွဲ့ အတည်ပြုချက်ရရှိပြီးမှ ခွင့်ပြုမည်။

(၃) အခြားသောပြည်သူလူထုအား စိတ် အနှောင့်အယှက် မဖြစ်စေခြင်း။

(၄) လမ်းသွားလမ်းလာများအား ပိတ်ဆို့မှုမရှိစေခြင်း။

(၅) တောင်းခံလာသောနေရာအား ခွင့်ပြုရန်မသင့်က အခြားသင့်တော်မည့်နေရာ ခွင့်ပြုရေး စီစဉ်ဆောင်ရွက်ပေးရမည်။

(၆) ဆန္ဒပြရန် တောင်းခံသောအင်အားကို ကွပ်ကဲမှုအဖွဲ့ ဆုံးဖြတ်ချက်ဖြင့် ထိန်းချုပ်သတ်မှတ်ပေးရမည်။

(၇) ဆန္ခပြရန် ရည်ရွယ်ချက်သည် ခွင့်ပြုရန်မသင့်ပါက ခွင့်မပြုနိုင်ကြောင်း ပြန်ကြားရမည်။

ဆန္ဒပြသဖို့ခွင့်ပြုချက်ပေးပြီးတဲ့အခါမှာလည်း ဆန္ဒပြတဲ့နေ့ရက်မှာ လုပ်ဆောင်ရမဲ့ ကိစ္စတွေကို ဒီလို ညွှန်ကြားထားခဲ့ပါတယ်။

** မိမိလုပ်ဆောင်ရမည့်အစီအစဉ်

(၁) ဆန္ဒပြရန်ခွင့်ပြုထားသည့်နေရာဝန်းကျင်တွင် စွမ်းအားရှင်နှင့် အရပ်ဝတ် မိမိရဲတပ်ဖွဲ့ဝင်များ ကြိုတင်ဖြန့်ခွဲ နေရာယူမည်။

(၂) ဆန္ဒပြလူစုမြင်သောနေရာတွင် ၎င်းတို့ထက်သာလွန်သော မိမိ အဓိကရုဏ်းတပ်ဖွဲ့ဝင် အင်အားထားရှိမည်။

(၃) မသက်ဆိုင်သူများပါဝင်လာမှု မရှိစေရေး ကန့်သတ်ထားမည်။ (ဒေါ်အောင်ဆန်းစုကြည်တို့၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့တို့ လာပြီး အားပေးတာမျိုးမလုပ်နိုင်အောင်ပါ)

(၄) ဆန္ဒပြမှုသည် ဆူပူအကြမ်းဖက်သော လူစုလူဝေးအသွင် ပြောင်းလဲသွားလျှင် ကျင့်ထုံးဥပဒေ ၁၂၇၊ ၁၂၈ တို့ကိုလိုက်နာလျက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ၂ဝဝ၇ အောက်တိုဘာတွင်ထုတ်ပြန်သည့် အဓိကရုဏ်း နှိမ်နှင်းရေးလက်စွဲ စာစောင်ပါ အဆင့်(၃)ဆင့်ဖြင့် ဖြိုခွင်းသွားနိုင်ရေး ဆောင်ရွက်ထားပါမည်။

ကိုနေမျိုးဇင်တို့ကို နှိပ်ကွပ်ခဲ့လို့ ဆန္ဒထုတ်ဖော်ပွဲခေါင်းဆောင်တွေက နောက်မတွန့်သွားပဲ အစိုးရမကြိုက်တဲ့၊ သဘောမကျတဲ့ ဆန္ဒပြပွဲတွေကို ဆက်ပြီး လုပ်နေဦးမယ်ဆိုရင် နောက်ထပ်ဖြစ်လာနိုင်တဲ့ အန္တရာယ်ကတော့ ဆန္ဒပြတဲ့လူတွေထဲမှာ သူလျှိုတွေ၊ အလံရှုးတွေထည့်ပြီး လုံခြုံရေးတပ်ဖွဲ့တွေကို အကြမ်းဖက်တဲ့ လုပ်ရပ်တွေ လုပ်ခိုင်း၊ (ခဲနဲ့ထုတာ၊ ထိုးတြိတ်တာ၊ ဆဲဆိုတာမျိုးပေါ့)၊ ပြီးတော့ ၀ရုန်းသုန်းကားဖြစ်၊ ပြီးရင် ဆန္ဒပြတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ အရန်သင့်စောင့်နေတဲ့ အဓိကရုဏ်းနှိမ်နှင်းရေးတပ်တွေက ၀င်ပြီးနှိမ်နှင်း၊ နောက်တစ်နေ့ကျတော့ သတင်းစာ ရှင်းလင်းပွဲကြီးလုပ်ပြီး “ဆန္ဒပြသသူများသည် ငြိမ်းချမ်းစွာ ဆန္ဒမထုတ်ဖော်ပဲ ၎င်းတို့အား အကာအကွယ်ပေးနေသော မိမိတို့ လုံခြုံရေးတပ်ဖွဲ့များအား အကြမ်းဖက်တိုက်ခိုက်လာပါသဖြင့် တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ရပါကြောင်း” ဆိုပြီး ခပ်တည်တည်နဲ့ ရွတ်ပြပါလိမ့်မယ်။ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးရုပ်တွေရှိသေးတာမို့ သတိကြီးကြီးထားကြဖို့ တိုက်တွန်းချင်ပါတယ်။

မိုးဇေညိမ်း

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.