Saturday, November 3, 2012

0 မြေယာစုံစမ်းရေး ကော်မရှင် ရိုးသားပါ့မလား

စိုးရသစ်လက်ထက်တွင် လယ်ယာမြေပြဿနာများသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပေါ်ပေါက်လာခဲ့သည်။ ယခင်အစိုးရဟောင်း လက်ထက်က တပ်မတော်မှ သော်လည်းကောင်း ၊ ၀န်ကြီးဌာန များမှသော်လည်းကောင်း ၊ ကုမ္ပဏီများမှဌာနဆိုင်ရာများနှင့်ပူးပေါင်းသိမ်းဆည်းခြင်းများသော်လည်းကောင်း နှုတ်ပိတ် နေလာခဲ့ရာမှ အစိုးရသစ်လက်ထက်တွင် ၎င်းတို့နစ်နာခဲ့ရသည့် ကိစ္စရပ်များအပေါ် နည်းအမျိုးမျိုးဖြင့် ပြန်လည်တောင်းဆိုလာကြခြင်းဖြစ်သည်။ လယ်ယာမြေလှုပ်ရှားမှုကိစ္စများတွင်နစ်နာသူလယ်သမားများမှာဇွဲလုံးလ၀ရိယဖြင့်အပင်ပန်းခံ တောင်းဆိုလာကြခြင်းအပေါ် ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒ ပြည်သူ့အသံ လွှတ် တော်အသံဟု ကြွေးကြော်ထားသော လွှတ်တော်မှလည်း မြေယာများသိမ်းဆည်းခံရမှုများ စုံစမ်းရေး ကော်မရှင် ကိုဖွဲ့စည်းခဲ့သည်။ လယ်သမားအရေးများ ထထကြွကြွဖြစ်လာသောအခါ ယခင်က နည်းလမ်းအမျိုးမျိုးဖြင့် မြေယာများ သိမ်းဆည်းရာတွင် ပါဝင်ခဲ့သူများကပင် မြေယာကိစ္စများကိုင်တွယ် ဆောင်ရွက်ရန် အဖွဲ့အစည်း များဖွဲ့စည်းပြန်သည်။

သိမ်းဆည်းခံ လယ်သမားများအရေးနှင့် ပတ်သက်၍ ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးတင်ထွတ်မှ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တင်ပြခဲ့ပြီး လယ်သိမ်းခံပြဿနာများအရေး မကြုံစဖူး အကြုံထူးစွာ လွှတ်တော်ကိုယ်စားလှယ်များပါဝင်ဆွေးနွေးအတည်ပြုပြီး မြေယာသိမ်းဆည်းခံရမှုများစုံစမ်းရေး ကော်မရှင်ကြီးပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ထိုသို့ပေါ်ပေါက်လာခြင်းကို လယ်ယာမြေကိစ္စများ လိုက်ပါဆောင်ရွက်နေသည့် နိုင်ငံရေး အင်အားစုများကလည်း ၀မ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြပြီး စုံစမ်းရေး ကော်မရှင်အနေဖြင့် မည်သို့ဆောင်ရွက်သင့်ပုံ၊ စုံစမ်းရေးကော်မရှင် တွင်ပါဝင်သင့်သူများ၊မပါဝင်သင့်သူများစသည်ဖြင့် ဝေဖန်ထောက်ပြပြောဆိုခဲ့ကြသည်။ လယ်ယာမြေစုံစမ်းရေး ကော်မရှင်ဖွဲ့စည်းရေး ဆွေးနွေးပွဲတွင် လယ်မြေများသိမ်းဆည်းမှုတွင် ပါဝင်သူ လွှတ်တော်ကိုယ်စားလှယ်ကြီးတစ်ဦး ကလည်း ပါဝင်ဆွေးနွေးခဲ့သေး သည်။

ထိုသို့ဖြင့် ပေါ်ပေါက်လာပြီဖြစ်သော စုံစမ်းရေးကော်မရှင်အနေဖြင့် မည်သည့်အတိုင်းအတာအထိ ထိထိရောက်ရောက်ဆောင်ရွက်မည်ကို မျှော်တလင့်လင့်ရှိနေသောငြား မျှော်လင့်သလို ဖြစ်မလာသည့်အပေါ် လယ်သမားများသည် ကြမ်းမြဲကြမ်းပြနေကြရသည်။ လယ်သမားအရေး ဆောင်ရွက်သူများက ပြည်သူ့အကျိုး အမှန်တကယ် ကြည့်မည့်သူဆိုလျှင် မည်သည့်ပါတီမည်သည့်အဖွဲ့စည်းမှ ဖြစ်နေပါစေကြိုဆိုကြောင်း ထောက်ခံကြောင်းဖြင့် ကောင်းချီထောပနာ ပြုခဲ့ကြသော်လည်း ကော်မရှင်တစ်ရပ်အဖြစ်သာ ပေါ်ပေါက်လာ ခဲ့ပြီး လုပ်ငန်းဆောင်တာ ဆောင်ရွက်မှုတွင် နှေးကွေးလေးကန် ထိုင်းမှိုင်းကြောင်းကို သိရှိလာကြသည်။

သို့ဖြစ်၍ အားကိုးအားထားပြုဖွယ်ရာ မရှိဖြစ်နေသော နစ်နာသူပြည်သူများမှာ ပြည်သူ့လက်နက်ကို သာစွဲကိုင်၍ လုပ်ဆောင်သင့်သည်များကို သိသင့်သိထိုက်သူ တာဝန်ရှိပုဂ္ဂိုလ်များ သိရှိနိုင်ရေး အပင်ပန်း အဆင်းရဲခံ ဆန္ဒဖော်ထုတ်မှုများ စဉ်ဆက်မပျက် လုပ်ကိုင်ဆောင်ရွက်နေသော်ငြား တာဝန်ရှိသူများဘက်မှ နှုတ်ဆိတ်မြဲနှုတ်ဆိတ်နေဆဲပင် ဖြစ်သည်။

လယ်သမားအရေး ဆောက်ရွက်သူများအနေဖြင့် ဆက်လက်လေ့လာဖော်ထုတ်ကြရမည်မှာ လယ်ယာ မြေစုံစမ်းရေး ကော်မရှင်တွင် ပါဝင်သူတို့သည် လယ်ယာမြေဥပဒေများကို သိရှိနားလည်သူများ ဖြစ်၏လော့၊ လယ်သိမ်းယာသိမ်း ပုဂ္ဂိုလ်များနှင့် ပါတနာများလော့၊ ၎င်းတို့ကိုယ်တိုင် တစ်နည်းမဟုတ် တစ်နည်း ပတ်သက်မှု များရှိနေခြင်းကြောင့် ထိထိရောက်ရောက် မဆောင်ရွက်ခြင်းလော့ စသဖြင့် လေ့လာဖော်ထုတ်ကြရပေတော့ မည်။ လွှတ်တော်တစ်ရပ်အနေဖြင့် ပေါ်ပေါက်လာပြီး ပြည်သူ့အကျိုးပြု ကော်မတီများ ၊ ကော်မရှင်များ ဖွဲ့စည်း ထားပြီးဖြစ်သော်လည်း အမှုပေါင်း သောင်းခြောက်ထောင်ဖြင့် ဥပဒေမဲ့လုပ်ရပ်များ ၊ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုများ ၊ အာဏာအလွဲသုံးစားမှုများကို ပြည်သူပြည်သားတို့မှ စာတစ်တန် ပေတစ်တန် တင်ပြနေသော်လည်း ဖြေရှင်းဆောင်ရွက်ပေးရာတွင် အလွန်နှေးကွေးထိုင်းမိုင်းဆဲဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူတို့နစ်နာဆုံးရှုံးခဲ့ရသော လယ်ယာမြေသိမ်းဆည်းခံရမှုများ စုံစမ်းရေးကော်မရှင်ကိုလည်း ရိုးသားမှု ရှိပါ၏လော့ဟု မေးမြန်းရမည့် အချိန်သို့ရောက်ရှိလာပါပြီ။ ဖြစ်ပေါ်လျှက် ရှိသော မြေသိမ်းခံယာသိမ်းခံကိစ္စများကို မည်မျှသိရှိပါပြီနည်း။ သိရှိပြီးသော်လည်းမည်သည့်အတွက်ကြောင့် ဖြေရှင်းဆောင်ရွက်ပေးရန်လက်နှေးနေရပါသနည်း။ မြေသိမ်းယာသိမ်း ကော်မရှင်နှင့် မြေသိမ်းယာသိမ်း ကုမ္ပဏီများ လက်ဝါးချင်း ရိုက်နေခြင်းလော့။ မြေယာစုံစမ်းရေး ကော်မရှင် ရိုးသားပါ့မလား ဆိုသော မေးခွန်းကို ရိုးသားလျှင်လည်း ရိုးသားပါကြောင်း ၊ မြေသိမ်းယာသိမ်းပုဂ္ဂိုလ်များနှင့် ပတ်သက်မှုရှိနေ၍ ဖြေရှင်းဆောင်ရွက် ပေးရန် လက်တုန်းနှေးနေရခြင်းဖြစ်လျှင်လည်း . . . . ပြည်သူ့အသံကို ကပြောင်းကပြန် လုပ်ဆောင်ရန် မသင့် ကြောင်းဖြင့် မေးခွန်းထုတ်လိုက်ရပါသည်။

နောင်တော်လေး

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.