Thursday, November 29, 2012

1 လက်ပံတောင်းတောင် သပိတ်စခန်းများ ဖယ်ရှား ရန် ဒေသခံအာဏာပိုင်များ ပြင်ဆင်

မုံရွာမြို့ ချင်းတွင်းမြစ် သဲသောင်ပြင်ပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည် စင်အား တည်ဆောက်နေပုံ Photo- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မုံရွာမြို့)

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း ဖွင့်လှစ်ထားသော သပိတ်စခန်းများကို ဖယ်ရှားရန် အတွက် ဒေသခံရဲတပ်ဖွဲ့ဝင်များက ပြင်ဆင်လျက်ရှိကြောင်း ထိုဒေသသို့ ရောက်ရှိနေကြောင်း မုံရွာမြို့ဒေသခံ သတင်းထောက် ကိုတိုး(ချင်းတွင်း)က ပြောကြားသည်။

“၀မ်ပေါင် ကုမ္ပဏီရှေ့က အထွေထွေသပိတ်စခန်းကို ဖယ်ရှားဖို့ ရဲတပ်ဖွဲ့ဝင်တွေက ဒိုင်းတွေကို နံပါတ်တုတ် တွေနဲ့ ရိုက်ပြီး အချက်ပေးနေတယ်၊ လုံခြုံရေးစင်မြင့်
တစ်ခုလည်း ဆောက်ထားတာ တွေ့ရတယ်” ဟု ဆား လင်းကြီး အထွေထွေသပိတ်စခန်းသို့ ရောက်ရှိနေသော ထိုသတင်းထောက်က ဆိုသည်။

အဆိုပါ အထွေထွေသပိတ်စခန်းသည် မုံရွာ-ပုသိမ်လမ်းမ မိုင်တိုင် ၄၄၃/၅ရှိ ၀မ်ပေါင် ကုမ္ပဏီရှေ့တွင် တည် ရှိပြီး သပိတ်စခန်းအတွင်း၌ သံဃာအပါး ၃၀၀နှင့် ဒေသခံ ၂၀၀ခန့်ရှိကြောင်း၊ ၄င်းတို့အနီး၌ ယူနီဖောင်း အပြည့်အစုံ ၀တ်ဆင်ထားသော လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၁၀၀ခန့်သည် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထား ကြောင်း ၄င်းကဆိုသည်။

“ည ၈နာရီ သတင်းမှာ သပိတ်စခန်းတွေ အားလုံးကို ည ၁၂နာရီ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ အစိုးရက ကြေညာသွားတယ်။ ဒါပေမယ့် ဒေသခံတွေက ညတွင်းချင်း ရွှေ့ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နောက်ပြီး သူတို့တောင်းဆိုထားတာတွေ တစ်စုံတစ်ရာအဖြေမရဘဲ ဒီလိုအမိန့်နဲ့ ရွှေ့ခိုင်းတာက အာဏာရှင်ပုံစံမျိုး ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောကြတယ်”ဟု ကိုတိုး(ချင်းတွင်း)က သတင်းပေးပို့သည်။

လက်ရှိအချိန်တွင် လက်ပံတောင်းတောင် စီမံကိန်းဝန်းကျင်တွင် သပိတ်စခန်း ခြောက်ခု ဖွင့်လှစ်ထားပြီး လက်ပံတောင်းတောင်ပေါ်တွင် လေးခုနှင့် ၀မ်ပေါင်ကုမ္ပဏီ အနီးတွင် နှစ်ခု ဖွင့်လှစ်ထားကြောင်းသိရသည်။

ယခုနှစ် နိုဝင်ဘာ ၂၉ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် လက်ပံတောင်းတောင်သို့ သွားရောက်မည်ဖြစ်သည်။

ကိုတိုး(ချင်းတွင်း)

Venus News Weekly

1 comment:

  1. ပြည်သူများ ရှုံးသွားမှာ ဆိုးတယ်.. ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့ အချက်ကို တော်တော် စိတ် အနှောက်အယှက် ဖြစ်မိပါတယ်။ ဝေဖန်ထားချက်ကို အသေးစိတ် ဒီ ဘလောဒ့်မှာ ၀င်ဖတ်ပါ။
    http://kachinduwa.blogspot.com/2012/11/blog-post_28.html

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.