Sunday, November 25, 2012

0 ကျော်ဖြတ်ရအုန်းမည့် ခလုတ်ကသင်းများ

(၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်မှ ဖက်ဒရယ် စနစ်ကျင့် သုံးနိုင်မည် )

ဒေါ်စုပြောခဲ့တဲ့ စကားနဲ့ စချင်ပါတယ်။ အပြောင်းအလဲတိုင်းမှာ အခက်ခဲဆုံး အချိန်ကတော့ အောင်မြင်မှုကို မြင်နေရပြီလို့ ထင်ကြတဲ့ အချိန်ပါပဲ။ အဲဒီအချိန်မှာ ကျွန်မတို့ဟာ အောင်မြင်မှု ပုံရိပ်ရဲ့ လှည့်ဖျားမှုကို မခံရဖို့ အင်မတန့်ကို သတိထားရပါမယ် လို့ သမ္မတ အိုဘားမားနဲ့တွေ့ဆုံပြီးတဲ့နောက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ အခက်အခဲတွေကို ကျော်ဖြတ်ချိန်မှာ အမြင်ကို လှည့်ဖျားနိုင်တဲ့ တံလျှပ်တွေ လမ်းခရီးတလျှောက် အများကြီး ရှိုနေအုန်းမှာပါ။

ဒါနဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြသူတွေရဲ့ စာတွေကို ဖတ်ကြည့်ပြီး မျှဝေချင်လာပါတယ်။ မှန်တယ်မှားတယ်ဆိုတာထက် စဉ်းစားစရာလေးတွေကိုပါ။

အမေရိကန်သမ္မတ ဘီလ် ကလင်တန် လက်ထက်မှာရော၊ ဂျော့ဘုရှ် လက်ထက်မှာပါ မြန်မာခေါင်းဆောင်တွေကို အမေရိကန်နိုင်ငံကိုပြည်ဝင်ခွင့်မပေးခဲ့တဲ့အထိ နာမယ်ပျက်စာရင်းသွင်းပြီး ကြဉ်ထားခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ သမ္မတကတော် လော်ရာဘုရှ်က မြန်မာအရေးကို စိတ်ဝင်စားတဲ့အတွက် ၀င်ရောက် ပါဝင်ခဲ့ပြီး မြန်မာ့အရေးကို ကမ္ဘာ့သတင်းစာမျက်နှာတွေမှာ ပိုတွေ့လာရပါတယ်။

အခု သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံခရီးစဉ်ဖြစ်လာတဲ့အထိပြောင်းလဲလာတဲ့ ဆက်ဆံရေးက နိုင်ငံတကာကိုလည်း မြန်မာနဲ့ ဆက်ဆံနိုင်ဖို့ လမ်းဖွင့်ပေးလိုက်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံ ပြောင်းလဲမှု ရေချိန် ဘယ်လောက်ရှိမလဲ။ဒေါ်အောင်ဆန်းစုကြည်က တံလျှပ်တွေကို သတိထားဖို့ ပြောနေ သလိုပဲ ကျွန်းကျင်သူ ပညာရှင်တွေက စိုးရိမ်ဖွယ်ရာ ခလုတ်ကသင်းတွေ ရှိနေတဲ့အကြောင်း ထောက်ပြကြပါတယ်။

ကမ္ဘာ့ဘဏ်က ပြီးခဲ့တဲ့ သတင်းပတ်တွေကပဲ အမေရိကန် ဒေါ်လာ ၂၄၅ သန်းတန် အကူအညီပေးရေးအစီအစဉ်တခု မြန်မာနိုင်ငံ အတွက်ကြေငြာခဲ့ပါတယ်။ အလားတူပဲ နော်ဝေနိုင်ငံကလည်း လာမဲ့ ၅ နှစ်အတွင်း မြန်မာနိုင်ငံကို ဦးစားပေး ပြီး အကူအညီပေးသွားမယ်လို့ ဆိုပါတယ်။ သမ္မတ ဦးသိန်းစိန်ကို နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းတဲ့အထိ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲအပေါ် ညတွင်းချင်း အကောင်းမြင်လာကြတာတွေ ရှိလာပါတယ်။

ဒီနေရာမှာ နိုင်ငံရေးတင်မကပဲ စီးပွားရေးရင်းနှီးမြုပ်နှံမှုအတွက် ယုံကြည်မှုတိုးလာနေရာမှာ ဥပမာ ဂျပန် ဆူဇူကီး ကုမ္ပဏီက မော်တော်ဆိုင်ကယ်ထုတ်လုပ်တဲ့ စက်ရုံတွေ တည်ဆောက်ဖို့၊ ကိုကာကိုလာက လာမယ့် ၃ နှစ်အတွင်း ဒေါ်လာသန်း ၁၀၀ ဖိုး ရင်းနှီးမြုပ်နှံဖို့၊ အလားတူ ပြိုင်ဖက် ပက်စီကိုလာကလည်း အပြိုင်ဝင်ရောက်လာပါတယ်။ ဗီဇာ၊ မာစတာ အကြွေးဝယ်ကဒ်တွေနဲ့ အနောက်နိုင်ငံ၊ ဂျပန်တို့ရဲ့ ငွေကြေးကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံကို ၀င်ရောက်ဖို့ အသီးသီး တာဆူနေကြပါပြီ။

ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီအကုန်လုံးနီးပါးက မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အများဆုံးထွက်တဲ့ နေရာအသစ်တခုဖြစ်နိုင်တယ်လို့ ခန့်မှန်းပြီး အပြိုင်အဆိုင် ၀င်ရောက်တူးဖော်နိုင်ရေး ကြိုးပန်းနေတာကိုလည်း တွေ့ရပါတယ်။ ဒီနှစ်ဆန်းပိုင်းကပဲ မြန်မာစွမ်းအင် ၀န်ကြီးဌာနက အရာရှိတချို့က မြန်မာ့ရေနံ သဘာဝဓာတ်ငွေ့ အနေအထားဟာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ အဓိကထုတ်တဲ့ နိုင်ငံတွေနဲ့ ယှဉ်နိုင်တယ်လို့ ကြေငြာခဲ့ပါတယ်။

ဒီလို အကောင်းမြင်စရာမျှော်လင့်စရာ အခြေအနေတွေ ရှိနေသလိုပဲ စိန်ခေါ်မှုတွေက လည်း မနည်းလှပါဘူး။

သတင်းမီဒီယာလောကကို ဖွင့်ပေးလိုက်တဲ့အတွက်တော့ ချီးကျူးစရာပါ။ လာအိုတို့ ဗီယက်နမ်တို့နဲ့ စာရင်တောင် မြန်မာက သတင်းလွတ်လပ်ခွင့် ပိုရနေတယ်လို့ ပြောနိုင်ပါတယ်။ နိုင်ငံတကာ NGOတွေကို ပြန်လာခွင့် ပေးထားတဲ့ အတွက်လည်း အတိုင်းအတာတခုအထိ လူမှုရေး လှုပ်ရှားမှုတွေ လွတ်လွတ်လပ်လပ် လုပ်လာတာကို တွေ့ရပါတယ်။

ဒီလောက်ဖြစ်လာနေချိန်မှာ ဘာကြောင့်များ စိုရိမ်မကင်းဖြစ်နေရသေးသလဲလို့ မေးစရာ ရှိပါတယ်။

အဓိကအချက်ကြီးတခုကတော့ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးကို မရယူနိုင်သေးတာပါ။ အထူးသဖြင့် ကချင်နဲ့ ရခိုင်ဒေသမှာ တည်ငြိမ်မှုမဲ့နေတဲ့ အဖြစ်က ကြီးမားတဲ့ ပြဿနာတရပ်ပါ။ စစ်တပ်ခေါင်းဆောင်ကြီးတွေ အနားယူသွားပြီ ဆိုပေမဲ့ စစ်တပ်က အာဏာမရှိတော့ဘူးလို့ ပြောလို့ မရပါဘူး။

မြန်မာကို ဗီယက်နမ်ရဲ့ ၈၀ ပြည့်လွန်နှစ်တွေက အခြေအနေတွေနဲ့နှိုင်းယှဉ်ကြပါတယ်။ မြန်မာဟာ လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့အတွက် ၀ယ်သူအရေအတွက်များတဲ့ ဈေးကွက်တခုဖြစ်တာ မှန်ပါတယ်။ လုပ်အားခဈေးပေါတာ၊ သဘာဝ သယံဇာတ ကြွယ်တာ၊ ကမ္ဘာ့ အမြန်ဆုံး ဖွံ့ဖြိုးလာနေတဲ့ စီးပွားရေးအင်အားကြီး ၂ခုအကြား ရှိနေတဲ့ ပထ၀ီအနေအထားကလည်း ရှိပါတယ်။ ဒါပေမဲ့ မလေးရှားတို့ အင်ဒိုနီးရှားတို့ ထိုင်းတို့နဲ့ မတူတဲ့အချက်က မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်က ဆက်လက် ဖြစ်ပွားနေပြီး လတ်တလော ရပ်မဲ့ပုံမတွေ့ရဘူးလို့လေ့လာသူတွေက သုံးသပ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ထက်ဝက်လောက်မှာ လိုအပ်တဲ့ လမ်းတံတား၊ ရထား၊ အဆောက်အဦတွေ၊ လျှပ်စစ်မီးတွေ၊ မရှိပါဘူး။ မြန်မာ့အိမ်နီးချင်းနိုင်ငံ မလေးရှား၊ ထိုင်း၊ တရုတ်တို့ကို လာပြီး ရင်းနှီးမယ်ဆိုရင်တော့ ဒါတွေက အဆင်သင့် ရှိနေပါတယ်။ ပိုဆိုးတာက မြန်မာအစိုးရဟာ အိမ်နီးချင်း နိုင်ငံတွေလို မြန်မာပြည်အနှံ့ကို ထိန်းချုပ်နိုင်စွမ်း မရှိတဲ့ အချက်ပါ။

ရေနံ သဘာဝဓာတ်ငွေ့နဲ့ ဓာတ်သတ္တုတွေရှိနေတဲ့ အဲဒီဒေသတွေကို မထိန်းချုပ်နိုင်ဘဲနဲ့တော့ ရင်းနှီးမြုပ်နှံသူတွေ အတွက် အန္တရာယ်က ကြီးလွန်းနေပါတယ်။ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို လက်တွေ့ကျကျ တည်ထောင်နိုင်သေးတာ မရှိသေးတဲ့အတွက်လည်း ဒေသကထွက်တဲ့ သဘာဝ သယံဇာတကို ထုတ်ယူရာမှာ အတိုက်အခံတွေက များနေအုန်းမှာပါ။

နိုင်ငံရဲ့ အတိုက်အခံ ပါတီတွေမှာလည်း စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေး ဆိုင်ရာ မူဝါဒချမှတ်ရေးတွေမှာ အတွေ့အကြုံ နဲပါးနေတယ်လို့ ဆိုပါတယ်။ ဒီကြားထဲမှာ လဘ်စားမှုမှာဆိုရင်လည်း မြန်မာနိုင်ငံကို ကမ္ဘာ့ ဒုတိယ အဆိုးဝါးဆုံးနိုင်ငံအဖြစ် နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ကဖော်ပြထားပါတယ်။ စစ်အစိုးရရဲ့ ညံ့ဖျင်းလှတဲ့ စီမံအုပ်ချုပ်မှုတွေကြောင့် ပညာရေးအဆင့် နိမ့်လွန်းနေတဲ့ မြန်မာနိုင်ငံမှာ လူ့အရင်းအမြစ်တွေ၊ ကျွန်းကျင်သူတွေ နဲပါးနေရာမှာလည်း အာဖရိကနိုင်ငံနဲ့ နှိုင်းယှဉ်လို့ ရတဲ့ အဆင့်မှာ ရှိနေပါတယ်။

ဒါကြောင့် နိုင်ငံတကာက ဘယ်လောက်ပဲ လာချင်ချင် ဒီလိုအပ်ချက်တွေကိုပြုပြင်ဖို့ အချိန်လိုနေအုန်းမှာ မို့ အများမျှော်လင့်ထားသလို ချက်ချင်းတော့ရွှေပဒေသာပင် ပေါက်နိုင်လောက်အုန်းမှာမဟုတ်ဘူးလို့ လေ့လာသူ ပညာရှင်တချို့ရဲ့ သုံးသပ်ချက်တွေကို စုစည်း တင်ပြလိုက်ပါတယ်။

(M)Burma-Newselite

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.