Sunday, November 25, 2012

0 နောက်ဆုံးနှုတ်ဆက်စကား ( ဒေါ်စု အင်တာဗျူး -အိန္ဒိယ )-
ဘာသာပြန်- Spring Flowers

ဗီဒီယိုနဲ့ စာသားမူရင်း   http://www.ndtv.com/article/india/full-transcript-my-farewell-message-for-my-husband-was-too-late-says-aung-san-suu-kyi-to-ndtv-292831


  • NDTV ။         ။ သူမဟာ ကမ္ဘာပေါ်မှာ အလေးစားခံရဆုံးစံပြနိုင်ငံရေးသမားတွေထဲမှာ ဒက်ထိ ပါဝင်ပါတယ် ။ လူတစ်ယောက်ရဲ့စွမ်းဆောင်ရည်အား ၊ မျှော်လင့်ချက်အားတွေရဲ့ ပြယုဂ်ပါဘဲ  ။ သူမခင်ပွန်းဟာ သူကိုယ်တိုင်တည်းဖြတ်ခဲ့တဲ့ စာအုပ်မှာ တခါက ပြောဖူးပါတယ် .....သူမဟာ '' မကြောက်ခြင်း '' ရဲ့ ပြယုဂ်ပါတဲ့ ။ ဒီနေ့ ကျမတို့ ဒေလီမြို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို အင်တာဗျူးခွင့်ရတာ ဂုဏ်ယူပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်ရှင့်....ဒေလီမှာလုပ်ခဲ့တဲ့ ဒေါ်စုရဲ့အံ့မခန်းကောင်းမွန်လှတဲ့ နေရူးအထိမ်းအမှတ်မိန့်ခွန်းကို နားထောင်ရတာ ကျမတို့အားလုံး စိတ်လှုပ်ရှားကြည်နူးခဲ့ရပါတယ် ။ ကျမတကယ်အံ့သြမိတာက ဒေါ်စုဟာ နိုင်ငံရေးကို ကျင့်ဝတ်တစ်ခုလို သဘောထားနိုင်သေးတာကိုပါဘဲ ။ တကမ္ဘာလုံးမှာ နိုင်ငံရေး နဲ့ နိုင်ငံရေးသမားတွေကို လူတွေက အဆိုးမြင် အယုံအကြည်မဲ့တာတွေ များလွန်းနေချိန်မှာ ဒေါ်စုက နိုင်ငံရေးကို ကျင့်ဝတ်တစ်ခုလိုကို ပြောနေနိုင်သေးတယ်နော် ။  နိုင်ငံရေးအပေါ်မှာ ဒေါ်စုရဲ့ ယုံကြည်မှုမပျောက်ပျက်အောင် ၊ အမြဲတမ်းကျင့်ဝတ်သိက္ခာနဲ့အညီ ပြုမူဆောင်ရွက်တတ်သူဖြစ်နေသေးအောင် ဘယ်အရာကများ ထိန်းထားပေးပါသလဲ ။
  • Suu ။           ။ ကျမအနေနဲ့ နိုင်ငံရေးကို အဲဒီပုံနဲ့ကလွဲလို့ တခြားနည်းနဲ့ မမြင်တတ်တာကြောင့်လို့သာ ထင်မိပါတယ် ။ ကျမကို ငယ်ငယ်ကတည်းက သင်ပေးလိုက်ကြတဲ့ နိုင်ငံရေးအပေါ်မြင်ပုံမြင်နည်းက .....နိုင်ငံရေးဆိုတာ ကိုယ်ကျင့်တရားရယ် ၊ တာဝန်ရယ် ၊ ပြည်သူကို အလုပ်အကျွေးပြုတာရယ်နဲ့ ပတ်သက်တယ်လို့ပါ ။ ဒီတော့ ကျမလည်း ဒီပုံအတိုင်းဘဲ တွေးမြင်တတ်လာခဲ့တယ်ဆိုပါတော့ ။ ခုမှ ပြောင်းဖို့ဆိုတာ ကျမ အနေနဲ့ အသက်ကြီးလွန်းနေပါပြီ ။

  • NDTV ။ ။ ဒီတိုက်ပွဲတလျောက်လုံးမှာ ယုံကြည်ချက်မဲ့တာမျိုး မရှိခဲ့ဖူးဘူးလား ။ စိတ်ပျက်လာတာ အဆိုးမြင်လာတာမျိုးပေါ့ ။ ဒေါ်စုဘ၀မှာ မယုံနိုင်လောက်အောင် ခက်ခဲတဲ့ အချိန်တွေ ကြုံခဲ့ရတယ်လေ ။
  • Suu ။            ။ ဟုတ်ပါတယ် ။ ဒါပေမယ့် ကျမလုပ်နေတာ နိုင်ငံရေးလေ ။ နောက်ဆုံးတော့ နိုင်ငံရေးသမားတိုင်းဟာ ပြသာနာတွေကို ဘယ်လိုချဉ်းကပ်ဖြေရှင်းမယ်ဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ရတာချည်းပါဘဲ ။ တခြားနိုင်ငံရေးသမားတွေ နိုင်ငံရေးကို ဘယ်လို လုပ်တယ် .....သူတို့လုပ်ရပ်က ကျမအပေါ်မှာ သက်ရောက်မှုရှိခဲ့တယ် ဆိုရင်တောင် ဒါက သူတို့ကိစ္စပါ ၊ ။ ဒါပေမယ့် ဒါက ကျမသူတို့နဲ့တူအောင်လိုက်ပြီးကျင့်ကြံရမယ်လို့ မဆိုလိုပါဘူး ။ ဒါမှမဟုတ်လည်း ကျမနေသလို တခြားလူတွေက မနေလို့ ကျမက ကိုယ့်ဘ၀ကို ပြောင်းလဲပစ်ရမယ်လို့ မဆိုလိုပါဘူး ။

  • NDTV ။        ။ ပုဂိုလ်ရေးစွန့်လွှတ်မှုဟာ နိုင်ငံရေးခေါင်းဆောင်တွေကို သာမန်တည်ငြိမ်တဲ့အချိန်တွေမှာ မရတတ်တဲ့(ပြည်သူအပေါ်) စိတ်ဓါတ်သြဇာလွှမ်းမိုးနိုင်မှုမျိုး ပေးတတ်တယ်နော် ။ ပုဂိုလ်ရေးဆုံးရှုံးလိုက်ရတဲ့ မယုံနိုင်စရာကာလတချို့ကို ဒေါ်စုဖြတ်သန်းခဲ့ရတယ်......နောက်ဆုံးအဆင့်အသည်းအသန်ဖြစ်နေတဲ့ ခင်ပွန်းကို မတွေ့နိုင်ခဲ့တာ ၊ အမေတစ်ယောက်အနေနဲ့ ကလေးနှစ်ယောက်နဲ့ ခွဲခဲ့ရတာ ၊ အိမ်အကျယ်ချုပ်ကျတာမျိုးတွေပေါ့ ။ ဒါပေမယ့် နေရူးမိန့်ခွန်းထဲမှာ ဒေါ်စုကပြောတယ်နော် ......ကိုယ့် စွန့်လွှတ်မှုတွေအပေါ်မှာ သိပ်အကျယ်တ၀င့်လုပ်မနေသင့်ဘဲ ကိုယ့်ကိုချစ်တဲ့သူတွေ ၊ ကိုယ့်ကို သွားခွင့်ပေးလိုက်တဲ့သူတွေရဲ့ စွန့်လွှတ်ခြင်းအပေါ်မှာ ပိုပြီးအာရုံထားသင့်တယ် .....အဲဒီလူတွေရဲ့ ရွေးချယ်မှုတွေ ၊ စွန့်လွှတ်မှုတွေဟာ ပိုပြီးခက်ခဲတတ်မယ့် ကိုယ့်ကို ချီးကျူးကြသလောက် ၊ ဟီးရိုးအဖြစ်သဘောထားကြသလောက် သူတို့လုပ်ပေးခဲ့တာကြတော့ သိပ်အရေးတယူပြောလေ့မရှိကြဘူး တဲ့ ။ ဒေါ်စုမိသားစုရဲ့ စွန့်လွှတ်မှုဟာ ဒေါ်စုစွန့်လွှတ်ခဲ့ရတာထက် ပိုခက်တယ်လို့ နားလည်ထားတယ်ပေါ့ ။

  • Suu ။         ။ ကျမ မိသားစုရယ် လို့ တွေးပြီးပြောခဲ့တာမဟုတ်ပါဘူး ။ အမှန်ပြောရရင် ကျမ မိသားစုအတွက်က ပိုလွယ်မလားဘဲ .....ဘာကြောင့်လဲဆိုတော့ သူတို့မှ မြန်မာပြည်မှာ မနေတာလေ ။ မြန်မာတွေလည်း မဟုတ်ကြဘူး ။ ကျမတို့ လုပ်ဖော်ကိုင်ဖက် ထောင်ကျကြသွားတဲ့သူတွေရဲ့ မိသားစုတွေဆို မနည်းကို ရုန်းကန်ကြရတယ် ။ တချိန်လုံး စစ်အစိုးရရဲ့ ခြောက်လှန့်ခံနေရတယ် ။ တချိန်ထဲမှာလည်း ထောင်ကျနေတဲ့ ခင်ပွန်း ၊ ဖခင် ၊ ဇနီး ၊ ညီမ စတာတွေကိုလည်း ထောက်ပံ့ဂရိုစိုက်ရသေးတယ် ။ သူတို့အတွက် ဘ၀က တကယ်ခက်ခဲခဲ့တာပါ ။ ဒါပေမယ့် ဘယ်သူကမှ မယ်မယ်ရရ အသိအမှတ်မပြုခဲ့ကြဘူးလေ ။
  • NDTV ။        ။ ဒီလိုဆိုတော့ တနည်းပြောရရင် ကိုယ့်ပါတီလုပ်ဖော်ကိုင်ဖက်တွေရဲ့အခြေအနေ ၊ ထောင်ထဲလူတွေရဲ့အခြေအနေတွဟာ ပိုဆိုးတယ်လို့ ကိုယ့်ကိုယ်ကို အမြဲသတိပေးပြောနေပြီး ကိုယ့်မှာ ဖြစ်နေတာတွေကို လက်ခံနိုင်ခဲ့တယ်ပေါ့ ။ ဒီလိုတွေးပြီး လက်ခံနိုင်ခဲ့တာလား ။
  • Suu ။       ။ အဲလိုတော့ မဟုတ်ပါဘူး ။ ကိုယ့်အခြေအနေကို လက်ခံဖို့တမင်ကြိုးစားတာတို့ ၊ နားလည်ဖို့အတင်းကြိုးစားတာတို့ လုပ်ခဲ့တာမဟုတ်ပါဘူး ။ အရှိကို အရှိအတိုင်း သိထားလိုက်တဲ့သဘောပါ ။ ကျမ ပါတီဝင်တချို့ရဲ့ မိသားစုတွေဟာ ဆိုးဆိုးရွားရွားအချိန်တွေကို တကယ်ဘဲ ဖြတ်သန်းခဲ့ရတယ်ဆိုတဲ့အချက်ကို လက်မခံလို့မှ မရတာဘဲလေ ။

  • NDTV ။         ။ ဒေါ်စုခင်ပွန်း မိုက်ကယ်အဲရစ်စ်တည်းဖြတ်ပြီး ဒေါ်စုကိုယ်တိုင် မိတ်ဆက်စကားရေးခဲ့တဲ့ '' ကြောက်ရွံ့ခြင်းမှာ လွတ်ကင်းရေး '' ကို ဖတ်ကြည့်တော့ အဲဒီမှာ မိုက်ကယ်က ဒေါ်စုနဲ့သူ တွေ့ပုံ ၊ လက်ထပ်ဖြစ်ပုံကို ရေးထားတယ်နော် ......ဒေါ်စု ပြောခဲ့တယ်တဲ့.......တိုင်းပြည်ကို မိသားစုထက် ပိုပြီးရှေ့တန်းတင်ရမယ့်နေ့တစ်နေ့ ရောက်လာနိုင်တယ် ၊ အဲဒီအချိန်မှာ သူ့ရဲ့မေတ္တာနဲ့ ပံပိုးမှုးကို လိုလိမ့်မယ် ။ ဒီတော့ သူလည်း အဲဒီအတွက် စိတ်ပိုင်းဆိုင်ရာကြိုတင်ပြင်ထားရမယ်လို့လေ ။ မိုက်ကယ်အတွက် အဲဒါ ဘယ်လောက်များခက်ခဲခဲ့မယ်လို့ ဒေါ်စု ထင်သလဲ ။
  • Suu ။      ။ အင်း....သူက ပြင်ဆင်ထားတယ်ဆိုတော့လည်း...........
  • NDTV ။      ။ ဒီလို အဖြစ်မျိုးကို ပြင်ဆင်ထားလို့ တကယ်ရနိုင်လို့လား ။
  • Suu ။      ။ လုံးဝကြီးတော့ ဘယ်ဟုတ်ပါ့မလဲ ။ တကယ်မဖြစ်သေးသရွေ့ ကိစ္စတစ်ခုအတွက် လုံးဝပြင်ဆင်ထားတယ်ဆိုတာ ရှိမှ မရှိတာ ။ ဒါပေမယ့် သူ့အတွက် ဒါက အံသြစရာတစ်ခုအနေနဲ့ရောက်လာခဲ့တာတော့ မဟုတ်ပါဘူး ။



  • NDTV ။      ။ ဒေါ်စု ခဏ ခဏပြောခဲ့တယ်နော် ...... ဒါဟာ ရွေးချယ်မှုတစ်ခုကို လုပ်နေတာတဲ့ ။ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ မြန်မာပြည်မှာနေပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ဖို့ ဒေါ်စု ရွေးချယ်ခဲ့တယ် ။ ဒါပေမယ့် လူသားတိုင်းဟာ ကိုယ်လုပ်တာအပေါ်မှာ သံသယ၀င် မသေမချာ ဖြစ်တတ်ကြတာဘဲလေ ။ "' တကယ်လို့များ '' ဆိုတဲ့အတွေးဝင်တတ်တဲ့အချိန်တွေ ရှိကြတယ် ။ နောက်ကို ပြန်လှည့်ကြည့်ပြီး '' အင်း.....ငါတော့ ဒါမျိုးမလုပ်ဘဲ နောက်တနည်းနဲ့လုပ်ခဲ့သင့်တယ် '' ဆိုတဲ့ နောင်တမျိုးရတတ်ကြတယ် ။ ကိုယ့်ရွေးချယ်ချက်တွေအတွက် အဲလို ၀မ်းနည်းနောင်တရတာ ၊ သံသယဖြစ်တာ ရှိတတ်သလား ။ ဒေါ်စုရဲ့ ရွေးချယ်မှုဆိုတာတွေဟာ အံ့မခန်း ရဲရဲတောက်တွေလေ ။
  • Suu ။        ။ ကျမရဲ့တိုင်းပြည်နဲ့ ကျမယုံကြည်ရာကို ရွေးချယ်ခဲ့တာအတွက် ဘယ်တုန်းကမှ သံသယ မ၀င်ခဲ့ဖူးပါဘူး ။ တခါတလေမှာတော့ ကျမလုပ်နေတဲ့ အလုပ်တွေ နည်းမှန်လမ်းမှန်မှ ရှိရဲ့လားလို့ စိုးရိမ်တာတော့ ရှိတာပေါ့ ။
  • NDTV ။     ။ ဟုတ်မဟုတ်တော့ မသိဘူး ။ အင်မတန် ရင်ထဲထိတဲ့ အကြောင်းတစ်ခုကို ကျမဖတ်ရတယ် ။ ဒေါ်စုက မြန်မာပြည် ပြန်လာလို့ မရမှာစိုးလို့ မိုက်ကယ်ကို သွားမတွေ့နိုင်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီးနောက်မှာ မိုက်ကယ်အတွက် နောက်ဆုံးနှုတ်ဆက်စကားပြောထားတဲ့ တိတ်ခွေလေးကို ဗြိတိန်သံရုံးကနေ ပို့လိုက်တယ်ဆို ။ ဒါပေမယ့် အချိန်မှီရောက်မသွားဘူးတဲ့ ။ အဲဒါကို ဖတ်ရတယ် .....အမှန်က ဘယ်လိုဖြစ်ခဲ့တာလဲ မသိဘူးနော် ။
  • Suu ။ ။ ဟုတ်ကဲ့.....အချိန်မှီ မရောက်သွားဘူးလို့ ထင်ပါတယ် ။


  • NDTV ။ ။ ကြားရတာတောင် တကယ့်ကို ရင်နင့်စရာပါဘဲ .......ဒေါ်စု ဘယ်လို ခံစားခဲ့ရမယ်ဆိုတာ ကျမ တွေးတောင် မတွေးနိုင်ပါဘူးရှင် ။
  • Suu ။       ။ ကျမကတော့ အဲဒါကို အရမ်းကြီး တွေးမနေခဲ့ပါဘူး ။ ဘာကြောင့်လဲဆိုတော့ အရေးကြီးတာက သူတတ်နိုင်သမျှ သက်သက်သာသာ လောကကြီးထဲက ထွက်သွားနိုင်ဖို့ဘဲလေ ။ အဲဒီနှုတ်ဆက်စကားကိုအချိန်မှီ ကြားခဲ့ရရင်တောင် သူ့အတွက် သိပ်တော့ ထူးသွားမယ် မထင်ပါဘူး ။
>
  • NDTV ။     ။ အိန္ဒိယကို ရောက်ကတည်းက လူတွေက အကြိမ်ကြိမ်မေးကြတယ်လို့ ဒေါ်စု ပြောတယ်နော် ....ဒေါ်စုရဲ့ အိန္ဒိယအပေါ်ထားတဲ့ မျှော်လင့်ချက်တွေအကြောင်းကိုလေ ။ မြန်မာ့ဒီမိုကရေစီတိုက်ပွဲမှာ အိန္ဒိယဟာ ဟိုးအရင်ကလို မရပ်တည်ပေးတော့တဲ့အတွက် ဒေါ်စု စိတ်ပျက်သွားရသလားပေါ့ ။ '' စိတ်မကောင်းဘူး '' လို့ ဒေါ်စုက ဖြေခဲ့တယ်နော် ။ အခု ဒေါ်စု အိန္ဒိယကို ရောက်လာပြီ ၊ အိန္ဒိယပြည်သူတွေဆီကနေ အံ့မခန်း တုန့်ပြန်မှုရတယ်ဆိုတော့ စိတ်မကောင်းတာ နည်းနည်းသက်သာသွားပြီလား ။
  • Suu ။     ။ ပြောရရင်တော့ ဟိုးအရင်က စိတ်မကောင်းဖြစ်ခဲ့တာပါ ။ ဒါပေမယ့် အဲဒီစိတ်မကောင်းဖြစ်တာကို ကျမ မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့ပါပြီ ။ ဘာကြောင့်လဲဆိုတော့ ကျမပြောခဲ့သလိုဘဲ တစ်ခုခုကို မျှော်လင့်ဖို့ ၊ သို့မဟုတ် စိတ်ပျက်ဖို့အခွင့်အရေး ကျမမှာ မရှိပါဘူး ။ အိန္ဒိယလူမျိုးမိတ်ဆွေများနဲ့ ကျမကြားက နှစ်ရှည်လများခင်မင်ရင်းနှီးမှုလည်း ဘယ်လိုနည်းနဲ့မှ မထိခိုက်ခဲ့ပါဘူး ။ ဒီရင်းနှီးမှုကြောင့်ဘဲ ကျမနဲ့ အိန္ဒိယကြားမှာ အင်မတန် ပုံမှန်တဲ့ ဆက်သွယ်မှုတွေ ရှိခဲ့တာပါ ။
  • NDTV ။     ။ ဒါပေမယ့် ပုဂိုလ်ရေးအရ ရင်းနှီးဆက်ဆံတာအပြင် အတွေးအခေါ် မျှော်မှန်းချက်တွေအရ စိတ်ပျက်ရတာမျိုးရော မရှိခဲ့ဘူးလား ။
  • Suu ။     ။  ပြောခဲ့ပြီးသလိုဘဲ ကျမမှာ စိတ်ပျက်ဖို့ အခွင့်အရေးမရှိပါဘူး ။ ဘာကြောင့်လည်းဆိုတော့ စိတ်ပျက်တယ်ဆိုတာ တစ်ယောက်ယောက်ဆီက တစ်ခုခုကို မျှော်မှန်းခွင့်ရှိပြီး အဲဒီမျှော်မှန်းချက်တွေ မပြည့်လို့ စိတ်ပျက်တယ် လို့ ဆိုလိုတာလေ ။ တကယ်က အဲလိုမှ မဟုတ်တာ..... လူတွေအချင်းချင်းကြားထဲ အဲဒီလို မရှိသင့်ပါဘူး ။ တိုင်းပြည်တွေအချင်းချင်းကြားထဲဆိုတာ ခဏထားဦး ။ နိုင်ငံရေးဆိုတာ လက်တွေ့တွေ အများကြီးပါပါတယ် ။ အိန္ဒိယအနေနဲ့ တစ်စုံတစ်ခုသော လမ်းကြောင်းကိုလိုက်တာက သူတို့အတွက်ပိုလက်တွေ့ကျမယ် ထိရောက်မယ်ဆိုရင် အဲဒီလမ်းကြောင်းကိုလိုက်ရုံပေါ့ ။ အဲဒါဟာ ကျမတို့ မျှော်လင့်တဲ့လမ်းကြောင်း ဖြစ်ချင်မှလည်း ဖြစ်မယ်လေ ။ ဒါပေမယ့် ကျမတို့မှာ အိန္ဒိယကိုရယ်မှမဟုတ်ပါဘူး ......တခြားဘယ်နိုင်ငံကိုမဆို သူတို့အတွက်ကောင်းတယ်ထင်တဲ့လမ်းကိုလိုက်တာကို ရှုံ့ချအပြစ်တင်နေခွင့် မရှိပါဘူး ။

  • NDTV ။ ။ ဒါဆို ကိုယ့်အနေနဲ့ တစ်ခုခုကို မျှော်လင့်ခွင့်ရှိတဲ့လူတစ်ယောက်များ ရှိသလား
  • Suu ။    ။ ရှိပါတယ် ။ ကျမကိုယ်တိုင်ဆီကပေါ့
  • NDTV ။    ။ ဒါဘဲလား ။
  • Suu ။     ။ ဒါပါဘဲ ။
  • NDTV ။      ။ အခု မြန်မာပြည်မှာ ဒီမိုကရေစီအခြေအနေ ဘယ်လိုရှိလဲ နည်းနည်းပြောပြပါဦး ။ နောက်ပြန်မလှည့်နိုင်တဲ့ အခြေအနေထိ မရောက်သေးဘူးလို့ ဒေါ်စုက ခဏခဏပြောခဲ့တယ်နော် ။ ပိတ်ဆို့ထားတာတွေကို လျှော့ချဖို့ အချိန်ရောက်ပြီလို့လည်း ဒေါ်စုပြောခဲ့တယ် ။ များစွာသော အမေရိကန်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ပိတ်ဆို့မှုတွေကိုသာ အခု လျော့ချလိုက်ရင် ဒီလမ်းစဉ်ဟာ နောက်ကို တစ်လှမ်းဆုတ်သွားနိုင်တယ် လို့ စိုးရိမ်နေကြတယ် ။ ဒီစိုးရိမ်မှုတွေကိုရော ဒေါ်စု သဘောတူသလား ။
  • Suu ။       ။ ပိတ်ဆို့မှုတွေအပေါ်မှာချည်း ကျမတို့ တည်မှီမနေသင့်ပါဘူး ။ ပြင်ပအကြောင်းတရားတွေတွေအပေါ်မှာ အလွန်အကျွံအားကိုးသင့်တယ်လို့လည်း ကျမ မထင်ပါဘူး ။ ပြည်ပက အားပေးမှုအဟာ အရမ်းကို အရေးကြီးပါတယ် ။ ဒါပေမယ့် လမ်းမှန်ကို ဆက်လျှောက်နိုင်ဖို့ရာအတွက် ကျမတို့မှာရှိတဲ့ကိုယ်ပိုင်စွမ်းအားအရင်းအမြစ်တွေကို ပိုတိုးတက်အောင် လုပ်ဖို့ အချိန်ကျပြီလို့ ထင်ပါတယ် ။

  • NDTV ။       ။ အခုဆိုရင် ဒေါ်စုဟာ လွှတ်တော်ထဲကို ရောက်နေပြီနော် ။ မြန်မာပြည်လက်ရှိနိုင်ငံရေးထဲမှာ ပါဝင်နေပြီ ။ မြန်မာပြည်မှာ အချင်းချင်းရင်ကြားစေ့ရေးအတွက် ကြိုးပမ်းပေးနေတယ် ။ အဲဒီလိုလုပ်ရာမှာ တွဲလုပ်ရတာက ဒေါ်စုကို နှစ်ပေါင်းများစွာ အိမ်အကျယ်ချုပ်ထားခဲ့တဲ့ ၊ ဒေါ်စုနဲ့ မိသားစုကို ခွဲထားခဲ့တဲ့ စစ်တပ်နဲ့လေ ။ ဒါပေမယ့် '' ခါးသီးနာကျည်းမှု '' အရိပ်အယောင်တစ်ခုမှ ဒေါ်စုဆီမှာ မတွေ့ရဘူးနော် ။ တကယ်တနေရာရာမှာများ ရှိနေမလားတော့ ကျမလည်း မပြောတတ်ဘူးလေ ။ အဲဒီလို နာကျည်းခါးသီးမှု မဖြစ်အောင် ဘယ်လိုများလုပ်ထားပါသလဲ ။
  • Suu ။        ။  မပြောတတ်ပါဘူး ။ တကယ်တော့ ကျမက လူတွေကို သဘောမကျတာထက် ကျတာ များပါတယ် ။ ဒါကဘဲ အဲလိုသဘောထားနိုင်အောင် အထောက်အပံ့ပေးခဲ့တယ်နဲ့ တူပါရဲ့ ။ ကျမစိတ်ကိုက လူတွေကို နှစ်လိုသဘောကျတတ်တယ်လို့ ထင်ပါတယ် ။
 

  • NDTV ။        ။  အဲဒီလိုစိတ်ရှိရင်တောင် ဖြတ်သန်း ကြုံတွေ့ခဲ့ရသမျကို ဘယ်လိုလုပ် လက်ခံနိုင်ခဲ့တာလဲ ။ ဘယ်လိုလုပ် လူတွေကို ယုံကြည်နိုင်သေးတာလဲ ။ အရေးအကြီးဆုံးမေးခွန်းကတော့ ကိုယ်တိုင်က စစ်အစိုးရရဲ့ လုပ်ရပ်တွေကြောင့် ဆုံးရှုံးခံစားခဲ့ရရက်နဲ့ သူတို့အပေါ်မှာ နိုင်ငံရေးယုံကြည်မှု  ဘယ်လိုလုပ် ထားနိုင်သလဲ ။


  • Suu ။       ။  ကျမက သူတို့ကို အစိုးရတစ်ရပ်သက်သက် သာ သဘောထားတာ မဟုတ်ပါဘူး ။ အစိုးရ ဆိုတာ လူတွေနဲ့ ဖွဲ့စည်းထားတာဘဲလေ ။ ဒီတော့ အစိုးရတို့ ၊ စစ်တပ်တို့ကို လူတွေအနေနဲ့လည်း မြင်ပါတယ် ။ လူတိုင်းဟာ သံသယရဲ့ အကျိုး the benifit of the doubt ဆိုတာကို ခံစားခွင့်ရှိတာဘဲလေ ။ သူတို့သာ ပြန်ကောင်းချင်တဲ့ ဆန္ဒရှိမယ်ဆိုရင် အဲလို လုပ်ဖို့ အခွင့်အရေး ပေးရမှာပေါ့ ။


  • NDTV ။     ။ အင်တာဗျူးတစ်ခုမှာ ပြောခဲ့တယ်နော် ......ဒေါ်စုက စစ်ဗိုလ်တွေအပေါ်မှာ တမင်တကာ မုန်းတာမျိုး မရှိပါဘူး လို့ လေ ။ ဒေါ်စုအဖေဟာ တနည်းအားဖြင့် မြန်မာစစ်တပ်ကို တည်ထောင်ခဲ့သူပါဘဲ .... ဒါပေမယ့် ဒါတောင် လူတွေက ဒေါ်စုအဲလို ပြောတာကြားတော့ အံ့အားတွေ သင့်ကုန်ကြတယ် ။ စစ်ဗိုလ်တချို့ကို သဘောကျပါတယ်ဆိုတော့ အံ့သြကုန်ကြတယ် ။  အတော်ကို လန့်ကုန်ကြတယ်နော် ။
 

  • Suu ။      ။  ဟုတ်ပါတယ် ။ တချို့က အတော်လေး စိတ်ဆိုးကြတယ် ။ ဒါပေမယ့်  သူတို့ အဲလိုဖြစ်တာကို ကျမလည်း အရမ်းကို အံ့သြမိတယ် ။ ဘာကြောင့်လည်းဆိုတော့ လွန်ခဲ့တဲ့ ၂၄ နှစ်လုံးလုံး ကျမ ဒီလိုဘဲ ပြောခဲ့တာပါ ။ လူတွေကသာ ကျမပြောတာကို သေချာနားမထောင်ခဲ့ကြတာလေ ။ စစ်တပ်အပေါ်ကို မေတ္တာရှိပြီးသားပါဆိုတာ ကျမအမြဲဘဲ ပြောခဲ့ပါတယ် ။ ကျမအတွက် ဖေ့ဖေ့ရဲ့ ပထမဆုံးအမှတ်တရတွေဟာ ယူနီဖောင်းဝတ်ထားတဲ့ ဖေ့ဖေ့ရဲ့ပုံရိပ်တွေဆိုတာ သိကြမှာပါ  ။ လူကိုယ်တိုင်မမှတ်မိတော့ ဓါတ်ပုံတွေထဲကဘဲ မှတ်မိရတာပါ ။ အဲဒီဓါတ်ပုံအများစုမှာ ဖေဖေက စစ်ယူနီဖောင်းနဲ့ပါဘဲ  ။ ဒီတော့ စစ်ဝတ်စုံဝတ်ထားတဲ့လူတွေဆိုရင် ချစ်ခင်စရာကောင်းတဲ့လူတွေကို အမြဲတမ်း သဘောထားမိပါတယ် ။ ဒီလောကကြီးထဲမှာ ကျမအချစ်ခင်ရဆုံးက ကျမအဖေပါဘဲ ။ အဲဒီအဖေက ဓါတ်ပုံတွေထဲမှာ အမြဲတမ်းစစ်အ၀တ်အစားနဲ့ဆိုတော့ အဲလိုဝတ်ထားသူတွေကို ကျမ သဘောကျတာ သဘာဝပါဘဲ ။ အဲဒီချစ်ခင်မှုဟာ ပျောက်ပျက်သွားတယ်ဘဲ မရှိပါဘူး ။ စစ်တပ်က လုပ်ခဲ့တာတွေကို ကျမ အရမ်းကို ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့တယ် ။  အထူးသဖြင့် ၁၉၈၈ နောက်ပိုင်း အာဏာသိမ်းအပြီးမှာပေါ့ ။ ဒါပေမယ့် ဒီလို ရှုံ့ချမှုကြောင့်  စစ်တပ်အပေါ်မှာနဲ့ စစ်တပ်ထဲက လူတချို့အပေါ်မှာ ယေဘုယျအားဖြင့် ကျမရဲ့ နက်ရှိုင်းတဲ့ မေတ္တာကတော့ မပျောက်သွားခဲ့ပါဘူး ။
 

  • NDTV  ။       ။  လူတွေ ဒေါ်စုအဲလိုပြောတော့ ကြောက်လန့်တကြား တုန့်ပြန်ကြတယ် နော် ။ အထူးသဖြင့် အနောက်ကမ္ဘာကလူတွေပေါ့ ။ ဒေါ်စုက အဲဒါကိုကြားတော့သဘောကျ ပြုံးရယ်မိတာမျိုး ရှိလား ။


  • Suu  ။     ။ဟုတ်ကဲ့ ။ ကျမ ရယ်လည်း ရယ်မိပါရဲ့ ။ အရင်က ကျမ ပြောနေတာတွေကို လူတွေ ဂရုတစိုက်နားထောင်မနေဘူးဆိုတာကိုလည်း နားလည်လာရပါတယ် ။ တလျောက်လုံး ကျမပြောနေတာတွေကိုသာ နားထောင်နေကြမယ်ဆိုရင် အံ့သြကြမယ် ၊ လန့်ကြမယ် မထင်ပါဘူး ။


  • NDTV ။    ။  ဒေါ်စုအတွက် ပုဂိုလ်ရေးဟာ နိုင်ငံရေးဘဲလို့ ကျမ ထင်ပါတယ် ။ ဒေါ်စုရဲ့ဘ၀ဟာ နိုင်ငံရေးနဲ့ ထပ်တူကို ဖြစ်နေတယ်လေ ။ နေရူး အထိမ်းအမှတ် မိန့်ခွန်းမှာတောင် အဖေအပေါ်ထားတဲ့ မေတ္တာနဲ့ တိုင်းပြည်အပေါ်ထားတဲ့ မေတ္တာအကြောင်းကို ပြောခဲ့သေးတယ်နော် ..... အဲဒီနှစ်ခုဟာ တစ်ခုကိုတစ်ခု ဆက်နွယ်နေတာ ဖြစ်နိုင်တယ်လို့လေ ။ မေးချင်တာက  ဒေါ်စုဆိုတဲ့ လူတစ်ယောက်နဲ့ ဒေါ်စုဆိုတဲ့ နိုင်ငံရေးသမားတစ်ယောက်ကြားမှာ တစ်သက်လုံး ဘာကွာခြားချက်မှမရှိခဲ့တာလား ။   ဒါမှမဟုတ် အဲဒီသဘောကို  ဒီတိုက်ပွဲတနေရာရာကျမှ ဒေါ်စု သိခဲ့ရတာလား ။ 


  • Suu ။      ။ ကျမကတော့ တသက်လုံး ဘာကွာခြားချက်မှာ မရှိခဲ့ဘူးလို့ ထင်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ကျမအဖေကို နိုင်ငံရေးသမားတစ်ယောက်ပုံရိပ်နဲ့ ခွဲခြားပစ်လို့ မရပါဘူး ။ သူ့အကြောင်းနဲ့ ပတ်သက်ပြီး ကျမလေ့လာမိတဲ့ ပထမဆုံးအရာကတော့ သူ့ရဲ့ အတိုင်းပြည်အပေါ်ထားတဲ့ မေတ္တာပါဘဲ ။ တခြားကလေးတွေရော သူတို့ မိဘတွေဆီက ဒီလိုအကြောင်းမျိုးကို လေ့လာကြသလားတော့ ကျမမသိဘူးပေါ့လေ  ။

  • NDTV ။         ။ သိတဲ့အတိုင်းဘဲ ဒေါ်စုက တမင်တကာ မလုပ်ယူခဲ့ပေမယ့် အခုဆိုရင် အောင်ဆန်းစုကြည်ဆိုတာ ကမ္ဘာတ၀ှမ်းက လူ့အခွင့်အရေးလှုပ်ရှားမှုပိုစတာတွေပေါ်မှာ မကြောက်တရားရဲ့ ပြယုဂ် အဖြစ် အမြဲတွေ့နေရသူတစ်ယောက် ဖြစ်လာပါပြီ ။ ဒါပေမယ့် ဒေါ်စုကို ထောက်ခံအားပေးသူတချို့က  မြန်မာပြည်မှာ ဖြစ်နေတဲ့ ရိုဟင်ဂျာဆန့်ကျင်ရေးအကြမ်းဖက်မှုကိစ္စကို ဒေါ်စုက ပြတ်ပြတ်သားသားပြောဆိုခြင်းမရှိဘူးဆိုပြီး စိတ်ပျက်ကြတယ် ။ တခြားအင်တာဗျူးတွေမှာလည်း ဒေါ်စု ပြောပြီးသားဆိုတာ ကျမသိပါတယ်......အခြေအနေကို စနစ်တကျ နည်းမှန်လမ်းမှန်မကိုင်တွယ်ကြလို့ ဆိုပြီးတော့လေ ။ ဒါပေမယ့် ဘယ်အုပ်စုဆိုတာကိုတော့ ဒေါ်စုက မပြောချင်ဘူးနော် ။ အုပ်စုချင်းဖြစ်တဲ့ ပြသာနာမဟုတ်လို့လား ။
  • Suu ။        ။ အဲဒီလိုပြောတာကိုက မဟုတ်တာပါ ။ ကျမအနေနဲ့အကြမ်းဖက်မှုနဲ့ ပတ်သက်လာရင် ကျမအမြင်ကို မပြတ်မသားပြောတာ မရှိပါဘူး ။ အကြမ်းဖက်မှုဆိုတာ ကျမလုံးဝ စက်ဆုပ်ပြီး လုံးဝရှုံ့ချတဲ့ အရာပါ ။ ဒါပေမယ့် အကြမ်းဖက်မှုကို နှစ်ဖက်လုံးက ကျူးလွန်ထားတယ်ဆိုတာကို မမေ့ပါနဲ့ ။ ဒါကြောင့်ဘဲ ဘယ်ဘက်ကိုမှ ကျမ ဘက်မလိုက်ခဲ့တာပါ ။ ဒီအုပ်စုနှစ်ခုလုံးအတွက် ရင်ကြားစေ့ရေးကိုသာ လုပ်ချင်ပါတယ် ။ ဘက်လိုက်လို့ရှိရင် reconciliation ဆိုတာ လုပ်လို့ ရမှာမဟုတ်ဘူး ။

  • NDTV ။ ။ ဒါပေမယ့် ဘယ်နိုင်ငံကမှ မလိုချင်တဲ့ အုပ်စုတစ်ခု .....ဆိုလိုတာက ဘင်ဂလားဒေ့ရှ်က သူတို့နဲ့ မဆိုင်ဘူးလို့ ဆိုတယ် ၊ မြန်မာပြည်ကလည်း သူတို့နဲ့ မဆိုင်ဘူးလို့ ဆိုတယ် ။ ဒါဟာ တကယ့်ကို နိုင်ငံတကာအဆင့် ၀မ်းနည်းဖွယ်ကိစ္စကြီးပါဘဲ ။
  • Suu ။      ။ ဟုတ်ပါတယ် ။ ဒါဟာ နိုင်ငံတကာနဲ့ချီတဲ့ tragedy ပါဘဲ ။ ဒါကြောင့်လည်း အစိုးရမှာ နိုင်ငံသားဥပဒေတွေအတွက် ပေါ်လစီရှိရမယ်ဆိုပြီး ကျမ တချိန်လုံးပြောနေတာပေါ့....။ ကျမတို့မှာ နိုင်ငံသားဥပဒေ ရှိပါတယ် ။ အဲဒီနိုင်ငံသားဥပဒေနဲ့ အကျုံးဝင်ရင် နိုင်ငံသားပေးကို ပေးရမှာပါ ။ ကျမတို့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်းပြောပြီးပါပြီ ။ အခု ဘယ်သူက ဥပဒေအရ နိုင်ငံသားအစစ်တွေလဲ ၊ ဘင်္ဂလားဒေ့ရှ်ကများ ၀င်လာလေဦးမလားဆိုတဲ့ အငြင်းပွားမှုတွေ ရှိနေတယ် ။ ဒီပြသာနာမှာ စိတ်ဝင်စားဖို့လည်းကောင်း စိတ်ပျက်စရာလည်း ကောင်းတဲ့ အချက်တစ်ခုကတော့ လူတော်တော်များများက ဒီကမ္ဘာနဲ့ချီဖြစ်တဲ့ ကိစ္စမှာ တစ်နိုင်ငံဘဲ ပါဝင်ပတ်သက်နေတယ်လို့ ထင်နေကြပုံပါဘဲ ။ တကယ်က နိုင်ငံနှစ်နိုင်ငံပါနေတာပါ ။ မြန်မာနိုင်ငံက တစ်ဘက်ပေါ့ ။ ဒီတော့ နယ်စပ်လုံခြုံရေးဆိုတာ နှစ်နိုင်ငံလုံးရဲ့ တာဝန်ပါဘဲ ။ အခုပုံစံက မြန်မာတစ်နိုင်ငံကဘဲ နယ်စံလုံခြုံရေးကို လုံးဝတာဝန်ရှိနေတယ်လို့ လူတိုင်းက ထင်နေပုံပါဘဲ ။
  • NDTV ။      ။ ဒီအကြပ်အတည်းကြီးကနေ ထွတ်နိုင်ဖို့အတွက် ဘယ်ဟာကများ အကောင်းဆုံးအဖြေဖြစ်မယ်ထင်လဲ ။
  • Suu ။       ။ ပထမဆုံးအနေနဲ့ ဥပဒေနဲ့ ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်ရမယ် ။ နောက်ထပ် အကြမ်းဖက်မှုမဖြစ်အောင် တားဆီးရမယ် ။ ဆိုလိုတာက လုံလောက်တဲ့ လုံခြုံရေးတွေ ထားပေးရမယ် ။ ပြီးရင် နိုင်ငံသားဥပဒေကို သေသေချာချာ စီစစ်ရမယ် ။ နိုင်ငံသားဖြစ်ခွင့်ရှိသူကို နိုင်ငံသားပေးရုံမကဘဲ နိုင်ငံသားအခွင့်အရေးတွေလည်း ပေးရမယ် ။ ပြီးရင် နိုင်ငံခြားသားလာရောက်နေထိုင်သူတွေနဲ့ကိစ္စကိုလည်း စဉ်းစားရမယ် ။ခုထိကို တရားမ၀င်နယ်စပ်ဖြတ်ကျော်ဝင်လာတာတွေ ရှိနေသေးတယ် ။ အဲဒါကို တားနိုင်ရမယ် ။ အဲလိုမှမတားရင် ဒီပြသာနာပြီးမှာ မဟုတ်ဘူး ။ ဘာကြောင့်လည်းဆိုတော့ ဒီလူတွေဟာ မြန်မာဘက်ကပါလို့ ဘင်္ဂလားဒေ့ရှ်က ဆိုဦးမှာဘဲ ။ မြန်မာဘက်ကလည်း သူတို့ဟာ ဘင်္ဂလားဒေ့ရှ်ဘက်က လာတာလို့ ပြောဦးမှာဘဲ ။ ဘယ်သူက မှန်တယ်ဆိုတာ ပြဖို့ အထောက်အထားက ဘယ်မှာလဲ ။

  • NDTV ။       ။ သိပ်ကို ရှုပ်ထွေးတဲ့ကိစ္စဆိုတာ သံသယဖြစ်စရာမရှိပါဘူး ။ ဒါနဲ့ မြန်မာပြည်က အခု ဖွင့်ပေးလိုက်ပြီဆိုတော့ အိန္ဒိယနဲ့တရုပ်တို့ မြန်မာပြည်ကို လွှမ်မိုးဖို့ ပြိုင်ကြတဲ့ကြားမှာ စစ်မြေပြင်လို ဖြစ်လာမှာ ဒေါ်စု မစိုးရိမ်ဘူးလား ။
  • Suu ။      ။ မစိုးရိမ်ပါဘူး ။ လူတွေက ဒီလို မြင်နိုင်တယ်ဆိုတာတော့ စိတ်ထဲ မှတ်ထားရမှာပေါ့ ။ တခါတလေမှာ လူတွေမြင်တဲ့ပုံစံအတိုင်း ဖြစ်လာတတ်တာတွေ ရှိတယ်လေ ။ ဒါကြောင့် ဂရုတော့ စိုက်ရမယ် ။ ဖြစ်လာနိုင်တဲ့ ပြသာနာတွေကို သတိရှိရမယ် ။ ဒါပေမယ့် worried တို့ afraid တို့ကတော့ သုံးဖို့ မလိုပါဘူး ။ ကျမကတော့ ဂရုစိုက်တယ် ၊ သတိထားတယ် လို့ ဘဲ သုံးဖြစ်မယ်ထင်တယ် ။
  • NDTV ။      ။ ရှေ့ကို ဆက်သွားရင်းနဲ့ နောက်ကိုလည်း ပြန်တော့ လှည့်ကြည့်မိမှာဘဲလေ ။ ဒေါ်စုရဲ့ ဘ၀မှာ စိတ်အလှုပ်ရှားရဆုံး ဒါမှမဟုတ်လည်း အဓိပ္ပါယ်အရှိဆုံးအချိန်တခုခုများ ဘ၀မှာ ရှိခဲ့ဖူးသလား ။
  • Suu ။     ။ တခုခုသတ်သတ်မှတ်မှတ်ကြီး ရွေးထုတ်ပြောရမှာတော့ သိပ်ခက်ပါတယ် ။
  • NDTV ။ ။ ဒါဆို အဲဒါမျိုး အများကြီးရှိခဲ့ဖူးလို့လား ။
  • Suu ။       ။ ဟုတ်ပါတယ် ။ များတော့ အတော်များတယ် ။
  • NDTV ။      ။ ဒီနေ့အခုလို စကားပြောနေနိုင်တာကို '' ကြောက်ရွံ့ခြင်းမှ လွတ်ကင်းခြင်း '' ကြောင့်လို့ ပြောလို့ရမလား ။ ဆိုလိုတာက ဒေါ်စုရဲ့ အသက်ကို ပေါ်ပေါ်ထင်ထင်ရန်ရှာမှုတွေ ရှိခဲ့တယ် .....အဲဒီထဲကမှ အဆိုးဆုံးကတော့ သေနတ်နဲ့ချိန်ထားတဲ့ စစ်သားတွေဆီကို ပစ်မယ် မပစ်ဘူး အသေအချာမသိဘဲ လျှောက်သွားတဲ့အဖြစ်ပေါ့ ။ သူတို့တွေ ပစ်ရင်လည်း ပစ်နိုင်တာဘဲလေ ။ နောက်အဖြစ်ကတော့ ကားကို လမ်းဘေးတစ်နေရာမှာ ရပ်ထားတုန်း တိုက်ခိုက်ခံရတာ ၊ ဒရိုင်ဘာက အကြပ်အတည်းထဲကနေ ထွက်လာနိုင်ပေမယ့် အဲဒီ ၂၀၀၃ ညမှာ လူပေါင်း ၇၀ လောက်သေသွားတယ်နော် ။
  • Suu ။    ။ အဲဒီကိစ္စမှာ လူ ( ၇၀ ) တော့မသေပါဘူး ။ အဲဒီထက် နည်းမယ်လို့ ထင်ပါတယ် ။

  •   NDTV ။      ။ ဟုတ်ပါပြီ ။ သတင်းတွေက ရာနှုန်းပြည့်မတိကျတာ ဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် ကျမပြောချင်တာက ရိုးရိုးလေးပါ....ဒေါ်စုဟာ ကိုယ့်ဘ၀ကြီး အန္တရာယ်ထဲကို ကျနေပြီဆိုတာ သိတယ် ။ ထိခိုက်ပျက်စီးသွားနိုင်တယ်ဆိုလည်း သိတယ် ။ ဒီတော့ မေးချင်မိတာက ဘ၀တလျှောက်လုံး ဘယ်တော့မှကို မကြောက်ခဲ့တာလား ။ ဒါမှမဟုတ် အကြောက်တရားကို အလွှမ်းမိုးမခံဘူးဆိုပြီး ကိုယ့်ဖာသာကိုယ် အကြိမ်ကြိမ်လေ့ကျင့်ပေးခဲ့တာလား ။
  • Suu ။     ။ အဲဒီလိုဖြစ်တဲ့ အကြိမ်တိုင်းမှာ တွေးစရာတွေက များလွန်းတော့ ကြောက် ၊ မကြောက်တွေးနေဖို့ အချိန် မရဘူးဆိုပါတော့ ။ လက်တွေ့ကျကျတွေးမိဖို့လိုတယ်လေ ။ ဥပမာအားဖြင့် ပထမပြောတဲ့ အဖြစ်တုန်းက ပစ်မယ်ဆိုပြီး ချိန်းခြောက်တဲ့ ဗိုလ်မှုးပြောလိုက်တဲ့စကားက '' လမ်းပေါ်က ဖယ်ရင်ဖယ် ၊ မဖယ်ရင် ပစ်မယ် '' တဲ့ ။ ကောင်းပြီလေ....ဒီလိုဆို ကျမအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အပစ်ခံမလား ၊ လမ်းလယ်ကောင်က လျှောက်မလား ဆုံးဖြတ်ရပြီ ။ ဒီတော့ ကျမလည်း ကောင်းပြီ ၊ လမ်းဘေးကပ်ရပ်ကြမယ် လို့ ပြောလိုက်တယ် ။ အဲတော့ သူက ပြောပြန်တယ် ။ ကျမကို အချိန်မရွေး ၊ နေရာမရွေး ပစ်နိုင်တယ် တဲ့ ။ အဲလိုပြောတာတော့ သိပ်သဘာဝမကျဘူးလေ ။

  •  NDTV ။           ။ ဒေါ်စုပြောချင်တာကို ကျမ နားလည်ပါတယ် ။ တခါတလေမှာ အတွေးအခေါ်တွေနဲ့ချည်း ပတ်သက်တာမျိုးတွေ ဖြစ်တာ မဟုတ်ဘူး ၊ ကိုယ်ရွေးချယ်လိုက်တာတွေက ကိုယ့်ရဲ့ အနာဂတ်ကို သွားသက်ရောက်တတ်တယ် လို့ ဆိုလိုတာမဟုတ်လား ။ တစ်ကြိမ်ကြိမ်မှာတော့ ငါဟာ တကယ်သေသွားနိုင်မလား ဆိုပြီး ကိုယ့်ကိုယ်ကို မေးမိတာမျိုး ရှိတယ်လေ .....အဲသလောက် ဖြစ်ရတာ တန်လို့လား စသည်ဖြင့် ပြန်မေးခွန်းထုတ်ရတာပေါ့နော်  ။
  •  Suu ။             ။ အဲလိုတော့ မဟုတ်ပါဘူး ၊ လက်တွေ့ကျကျ စဉ်းစားရတာတော့ အမှန်ပါဘဲ ။   လမ်းပေါ်က လျှောက်ရင် သူကျမတို့ကို ပစ်နိုင်မလား ဆိုပြီး ကိုယ့်ဖာသာကိုယ် စဉ်းစားရတယ်လေ ......ပစ်နိုင်မယ်ဆိုတော့ လမ်းဘေးကပ်ရပ်တာက ပိုသင့်တာပေါ့ ။
  • NDTV ။ ။ဒေါ်စုအကြောင်းနဲ့ ပတ်သက်ပြီး လူတွေ ပြောလေ့ရှိတဲ့တစ်ခုက ဒေါ်စုဟာ အင်မတန် စိတ်ဓါတ်ရေးရာအားကောင်းတဲ့သူတစ်ယောက်ပါ တဲ့ ။ အဲဒီစိတ်ဓါတ်ဟာ ဒေါ်စုလုပ်တဲ့ နိုင်ငံရေးနဲ့ တကွဲစီ ဖြစ်မနေဘူး .....တဲ့ ။ ဒီစိတ်ဓါတ်ရေးရာအားကောင်းမှုကဘဲ နှစ်ပေါင်းများအတွင်းမှာ ခွန်အားတွေ ဖြစ်စေခဲ့တာလား ။ ဘာကြောင့်လည်းဆိုတော့ အခု ကျမဆိုရင် ဒေါ်စုကို အခုတစ်ကြိမ်ပထမဆုံးတွေ့တာဘဲ....ဒါပေမယ့် ဒေါ်စုက သိပ်တည်ငြိမ်လွန်းတော့ စကားပြောတာနဲ့တင် အဲဒီတည်ငြိမ်မှုက ကျမကို ကူးစက်လာသလို ခံစားရတယ် ။ ဒေါ်စု ဘ၀မှာ အဲဒီလို ကိစ္စအ၀၀ကို ဖြတ်သန်းခဲ့ဖူးသူတစ်ယောက်အနေနဲ့ ဘယ်လိုကြောင့် ဒီလောက် တည်ငြိမ်အေးချမ်းပြီး ကြံခိုင်နေရတာလည်းလို့ အံသြစဉ်းစားမိတယ် ။
 
  •  Suu ။          ။ စိတ်ဓါတ်ရေးရာတွေ ဘာတွေတော့ မပြောတတ်ပါဘူး ။ ဒါပေမယ့် ကျမမှာ ဟာသဥာဏ်တော့ ရှိတာအမှန်ဘဲ ။ ဟာသဥာဏ်က အထောက်အကူဖြစ်တယ်ဆိုတာ လူတွေကို သတိပေးပေးနေရတယ် ။
  •  NDTV ။ ။ ဒါဆို ဟာသဥာဏ်က အဲဒီအားအင်တွေ လာရာပေါ့နော် ။ ဒီနှစ်တွေတလျှောက်မှာ ထွက်ပေါက်အတွက်တစ်ခုခုကိုတော့ အားကိုးခဲ့ရမှာဘဲလေ ။ ဂီတလား ၊ ဟာသလား စသဖြင့်ပေါ့ ။
  • Suu ။          ။ အိမ်အကျယ်ချုပ်အတွင်း ကျမတစ်ယောက်တည်း နေရတဲ့ အကြိမ်ပေါင်းများစွာ ရှိခဲ့ပါတယ် ။ ကျမလည်း ကိုယ့်ဖာသာတစ်ယောက်တည်း ပြောနေရတာပေါ့........အတော်ရယ်စရာကောင်းတဲ့အခြေအနေပါဘဲ ဆိုပြီးတော့လေ ။
  •  NDTV ။ ။ အင်တာဗျူးတစ်ခုမှာ ဒေါ်စုက ပြောတယ်နော် ၊ လုံခြုံရေးတွေက အတော်လေး ကောင်းကောင်းမွန်မွန်ဆက်ဆံကြတယ်ဆိုပြီးတော့လေ....နောက်ပြီး ကိုယ့်အိမ်ထဲမှာ ကိုယ်နေရတာ မဆိုးပါဘူး တဲ့.......။ အဲဒါ ရွဲ့ပြောတာမဟုတ်လား ။ 
  • Suu ။     ။ မဟုတ်ပါဘူး ။ တကယ့်ကို ကောင်းခဲ့ကြတာပါ ။
  • NDTV ။         ။ တကယ်ဘဲ အဲလို ထင်သလားရှင့် ။
  • Suu  ။      ။ အဲဒါ အမှန်ဘဲလေ ။ ကျမ အကျယ်ချုပ်ကျနေတုန်းက အစိုးရသတင်းစားတွေမှာ ကျမအကြောင်း ဆိုးဆိုးဝါးဝါးတွေ ပါတယ် ။ ဒါပေမယ့် အိမ်လုံခြုံရေးတွေကတော့ကောင်းခဲ့ကြပါတယ် ။
  • NDTV ။        ။ အိမ်ထဲမှာ တစ်ယောက်တည်း ပိတ်ထားခံရတာ လှောင်ပိတ်ကျဉ်းကျပ်ပြီး ကြောက်လန့်တာ ၊ မွန်းကြပ် စိတ်ပင်ပန်းရတာမျိုး မရှိခဲ့ဘူးလား ။
  • Suu ။     ။  မရှိပါဘူး ။ အိမ်က အတော်ကြီးပါတယ် ။ ( ရယ်လျှက် )
  • NDTV ။       ။ တကယ် သိချင်လို့မေးတာပါ ။ နိုဘယ်ဆုရတုန်းက ပြောခဲ့တယ်လေ ....နိုဘယ်ဆုဟာ ဒေါ်စုရဲ့ နှလုံးသားတံခါးတချပ်ကို ဖွင့်ပေးခဲ့တယ် တဲ့ ။ အဲလို အသိအမှတ်ပြုခံလိုက်ရတာ ဒေါ်စု ဘယ်လိုနေသလဲ ။ ဘာကြောင့်လည်းဆိုတော့ အရင်ကလည်း ပြောဖူးတယ်လေ ....အဲဒီဆုဟာ ဒေါ်စုတို့ရဲ့ ဒီမိုကရေစီတိုက်ပွဲကို ကမ္ဘာက မမေ့ထားဘူးဆိုတာ ပြလိုက်တာဘဲ...သိပ်အရေးပါတယ် တဲ့ ။
  • Suu ။         ။ကျမတို့ ပါတီအတွက် အဲဒီကာလဟာ အတော်လေးကို ခက်ခဲတဲ့ အချိန်တစ်ခုပါဘဲ ။ ၁၉၉၀ ရွေးကောက်ပွဲတွေ အပြီး သိပ်မကြာခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ကျမတို့ ပါတီကို အပီအပြင်ကို နှိပ်ကွပ်ဖို့ ဆုံးဖြတ်လိုက်တော့တာဘဲ ။ ဖျက်ကို ဖျက်ဆီးပစ်လိုက်ချင်ခဲ့ကြတာ ။ ဒီတော့ အဲဒီအချိန်ဟာ ကျမတို့ အတွက် တကယ်ကျပ်တည်းခက်ခဲခဲ့တယ် ။ တစ်တိုင်းပြည်လုံး ရှိသမျ အရာရာ ထွက်ပေါက်မရှိ ရပ်တန့်သွားသလိုပါဘဲ ။ အဲဒီအချိန်မှာ တိုင်းပြည်အပြင်ဘက်ကလူတွေက ကျမတို့ကို ဂရုတစိုက်ရှိနေကြောင်း သိရတာ သိပ်ကို အားတက်ခဲ့ရပါတယ် ။ တိုင်းပြည်ထဲမှာ မလှုပ်နိုင်င်ကြပေမယ့် ပြင်ပမှာတော့ လှုပ်ရှားနေသေးတယ် ၊ ကျမတို့ကို ကာကွယ်ပေးဖို့ သူတို့ တတ်နိုင်သလောက် လုပ်နေကြတယ်ဆိုတာ သိရတာ တကယ်အားတက်ရပါတယ် ။

  • NDTV  ။             ။  ဒီအချိန်မှာ မြန်မာပြည်ကို သူ့ဖာသာသူ ဒီမိုကရေစီရှာဖို့ လွှတ်ထားပေးသင့်သလား မသင့်ဘူးလားဆိုတဲ့ ငြင်းခုံမှုကလည်း နေရာအနှံ့ဖြစ်နေတယ်နော် ။ အယူအဆတစ်ခုဟာ အရာအားလုံးနဲ့ ကွက်တိဖြစ်နေတယ် ဆိုတာတော့ မရှိဘူးပေါ့လေ ။  အာရပ်နွေဦးတော်လှန်ရေးတွေမှာ အားလုံးမြင်ခဲ့ကြပြီဘဲ ။ ဘယ်နည်းလမ်းကမှ ရာနှုန်းပြည့်ကောင်းတယ်ဆိုတာ မရှိပါဘူး ။ ဒေါ်စုအနေနဲ့ တိုင်းပြည်ကို သူ့လမ်းကို သူဖောက်စေချင်သလား ၊ ဒါမှမဟုတ် တိုင်းပြည်က သိပ်နုလွန်းနေသေးလို့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို လိုသေးတယ်လို့ ထင်လား ။
  • Suu ။             ။ အာရုံစိုက်ခံချင်တယ် ဆိုတာထက် သတိရှိတယ် ဘဲ ဆိုပါတော့ ။ မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို ကမ္ဘာက သတိထားမိစေချင်တယ် ။ အလွန်အကျွံအကောင်းမြင်တာကလည်း အကျိုးမပြုပြန်ဘူးလေ ။ ဒါပေမယ့် ကမ္ဘာကြီးကို ကျမတို့နဲ့အတူ ရှိစေချင်ပါတယ် ။ ဒီခေတ်မှာ တခြားနိုင်ငံတွေမပါဘဲလုပ်လို့ ဖြစ်တာမှ မဟုတ်တာ ။ သို့ပေမယ့် တချိန်တည်းမှာလည်း မြန်မာတွေဟာ ကိုယ့်တာဝန်ကိုကိုယ် ယူရမယ်လေ ။ ဒါကြောင့်ဘဲ ကျမ စောစောက ပြောတာပေါ့.......ပိတ်ဆို့မှုတွေ အပေါ်မှာ အလွန်အကျွံ မှီခိုမနေသင့်ဘူးလို့ ။ ပြင်ပကထောက်ခံမှုတွေဟာ အပံ့အပိုးဖြစ်ပါတယ် ။ ဒါပေမယ့် တိုင်းပြည်ဒီမိုကရေစီနိုင်ငံဖြစ်အောင် လုပ်ရာမှာ ကျမတို့ ပြည်သူတွေကဘဲ အဓိက တာဝန်ကို ယူရမှာပါ ။
  • NDTV ။             ။ ခုနေအခါ သတိမရှိတဲ့ အကောင်းမြင်ဝါဒရှိတာ မကောင်းဘူးလို့ ဒေါ်စုက ပြောတယ်နော်....အဲဒါက ဘာကို စိုးရိမ်နေလို့လဲ ။ အခြေခံဥပဒေကို ပြင်မပြီးမချင်း စိုးရိမ်စရာတွေ ရှိတယ်ပေါ့  ။
  • Suu ။          ။ ဟုတ်ပါတယ် .....ပြင်ဖို့က အဓိက ပြသနာပါဘဲ ။ တကယ်လို့ မြန်မာပြည်ဟာ ဒီမိုကရေစီလမ်းပေါ်မှာ တကယ်ရောက်နေပြီလားဆိုတဲ့မေးခွန်းအတွက် ရိုးစင်းတဲ့အဖြေလိုချင်ရင် အဲဒီအခြေခံဥပဒေကို ပြင်ဖို့ တွန်းအားစေ့ဆော်မှုတွေလုံလောက်အောင် ရှိသလားဆိုတာကို အရင်ကြည့်ရမယ် ။

  • NDTV ။          ။  ဒေါ်စုရဲ့ဘ၀ဟာ အင်မတန်ထူးခြားလှတဲ့ဘ၀ကို အတော်များများက ရေးပြီးကြပြီ ။ ရုပ်ရှင်လည်းရိုက်ပြီးပြီ ။ ဒါနဲ့ အဲဒီရုပ်ရှင်ကိုရော ကြည့်ပြီးပြီလား ။
  • Suu ။          ။ မကြည့်ရသေးပါဘူး ။
  • NDTV ။      ။ ကြည့်ဖို့ အစီအစဉ်ရောရှိလား။
  • Suu ။          ။ ဟင့်အင်း ။ မရှိပါဘူး ။
  • NDTV ။          ။ ကိုယ့်ကိုယ်ကို ဖန်သားပြင်ပေါ်ကြည့်ရတာ သိပ်မပြီပြင်ဘူး ၊ စိတ်ကူးယဉ်ဆန်တယ်လို့ ထင်လို့လား ။
  • Suu ။           ။ အနေရခက်မှာတော့ အသေအချာပါဘဲ ။
  • NDTV ။         ။ ဒေါ်စုကို သဲကြီးမဲကြီး စိတ်ဝင်စားကြတာကို နေသားကျနေပြီလား ။ ဒေါ်စုကို ကြည့်ရတာ ခပ်အေးအေး တစ်ယောက်တည်းနေတတ်သလိုဘဲနော် ၊ ဒါပေမယ့် အခု လွတ်လာပြီး နိုင်ငံခြားကိုလည်း သွားနိုင်ပြီဆိုတော့ တလောကလုံးက ဒေါ်စုကို တွေ့ချင်မြင်ချင်နေကြတယ် ။ ဒေါ်စုကို သိချင်ခင်မင်ရင်းနှီးချင်နေကြတယ် ။
  • Suu ။          ။ ကျမကတော့ အဲဒါနဲ့ပြောင်းပြန်ဘဲ တွေးပါတယ် ......ကမ္ဘာကြီးက ကျမအပေါ် အာရုံစိုက်တယ် ဆိုတာထက် ကျမက တခြားလူတွေအပေါ်မှာ ဘယ်လောက် အာရုံစိုက်နိုင်သလဲဘဲ တွေးတာပါ ။ သူတို့အပေါ် ကျမထားသင့်တဲ့ ဂရုစိုက်မှု ထားနိုင်ပါစေလို့ ဘဲ မျှော်လင့်ပါတယ် ။ တခါတလေတော့လည်း နည်းနည်းတော့ ခက်တာပေါ့လေ .....လူတွေကလည်း အများကြီး ၊ နိုင်ငံတွေကလည်း အများကြီး ၊ ကျမတို့အပေါ် ကောင်းတဲ့ အဖွဲ့အစည်းတွေကလည်း မနည်းဘူး ။ ကျမတို့က အဲဒီအတွက် ကျေးဇူးတင်ဝမ်းသာရကြောင်းကို သူတို့ကို အမှန်တကယ် သိစေချင်ပါတယ် ။
  • NDTV ။        ။ ကျမအမှတ်မမှားဘူးဆိုရင် ဆန်ဖရန်စစ်စကိုမှာ ထင်ပါရဲ့........ဒေါ်စုပြောခဲ့တယ်....ကိုယ့်ကိုယ်ကိုယ် မမှားနိုင်တဲ့လူတစ်ယောက်လို့ မမြင်ပါဘူးတဲ့ ။ တနည်းပြောရရင် ကိုယ့်ကိုယ်ကို သူတောစင်တစ်ယောက်လို မမြင်ဘူး ဆိုပါတော့ ။ ဒေါ်စုမှာလည်း အားနည်းချက် ၊ အပြစ်ဆိုတာ ရှိပါတယ် တဲ့ ။
  • Suu ။       ။ ကျမကိုယ် ကျမ ဘယ်တုန်းကမှ သူတော်စင်တစ်ပါးလို့ မတွေးမိပါဘူး ။ အဲလို ပြောကြရင်လည်း မသက်မသာ ခံစားရပါတယ် ။
  • NDTV ။          ။ တခုခုကိုများ တခြားတနည်းနည်းနဲ့ လုပ်ခဲ့ရင် ကောင်းမှာဘဲလို့ တွေးမိတာမျိုး ရှိလား ။ အမှားတစ်စုံတစ်ရာ လုပ်ခဲ့မိတယ်လို့ ခံစားရတာမျိုး ရှိလား ။
  • Suu ။         ။  ကျမဘ၀မှာ အမှားတွေ အများကြီးလည်း လုပ်ခဲ့မိတာပေါ့ရှင် ။ ကျမမှာ စိတ်မြန်တတ်တာတစ်ခုကို အရင်ပြောရမှာဘဲ ။ အဲဒီစိတ်မြန်တာလေးကို ကို ထိန်းချုပ်ဖို့ ကြိုးစားသင့်တယ်လို့ ထင်ပါတယ် ။
  • NDTV ။          ။  အဆုံးသတ်မှာ မေးပါရစေ ....အခုဆိုရင် ဟိုးအရင်က ကျောင်းတက်ခဲ့တဲ့မြို့၊ ကောလိပ်တက်ခဲ့တဲ့မြို့ကို ပြန်လာခဲ့ရပြီ ။ သူငယ်ချင်းဟောင်းတွေကိုလည်း တွေ့ခဲ့ရပြီ ။ သူတို့နဲ့ တညနေလောက် အေးအေးဆေးဆေးတွေ့ဖြစ်ခဲ့ရဲ့လား ။ ဒေလီမြို့က အရင်သွားနေကျနေရာတွေကို ပြန်သွားလည်ဖြစ်ခဲ့ရဲ့လား ။
  • Suu ။         ။   ကျမစရောက်တဲ့နေ့မှာဘဲ သူငယ်ချင်ဟောင်းတွေနဲ့ နေ့လည်တစ်ခုလုံး တွေ့ဖြစ်ခဲ့ပါတယ် ။ ကျမတို့တွေ အမြဲ သွားချင်ခဲ့ကြတဲ့ Lodi ပန်းခြံမှာ သွားပြီး လမ်းလျှောက်ခဲ့ကြသေးတယ် ။



  • NDTV ။        ။   ဒီလိုကြားရတာ ၀မ်းသာပါတယ် ။ အိန္ဒိယကို ခဏခဏ လာလည်နိုင်ပါစေလို့လည်း ဆန္ဒပြုပါတယ်နော် ။
  • Suu ။           ။  ကျမလည်း အဲလိုဘဲ မျှော်လင့်ပါတယ် ။ အိန္ဒိယဟာ ကျမ အလွန်နှစ်သက်ရတဲ့ တိုင်းပြည်တစ်ခုပါ ။ အိန္ဒယအကြောင်းတွေးမိရင် နိုင်ငံဆိုတာထက် အင်မတန် ဆွတ်ပျံ့ဖွယ်ကောင်းတဲ့ ၊ ပွင့်လင်းတဲ့ ၊ နွေးထွေးတဲ့ မြေ တစ်ခုအနေနဲ့ တွေးမိပါတယ်.......
  • NDTV ။       ။ကျမတို့အတွက်တော့ ဒေါ်စုဟာ အိန္ဒိယမှာ ကျောင်းတို့ ကောလိပ်တို့ တက်ခဲ့တာဟာ အင်မတန်ထူးခြားဝမ်းသာဖွယ်ပါဘဲ ။ ဘာကြောင့်လည်းဆိုတော့ ကျမတို့လည်း ဒေါ်စုနဲ့ ဆိုင်တယ်လို့ ပြောလို့ ရတယ်လေ ။
  • Suu ။        ။  ကျမကလည်း ဒီကို လာရတာ အင်မတန် ၀မ်းသာပါတယ်ရှင် ။
  • NDTV ။          ။   ကျမတို့ကို အခုလို လာရောက်ဖြေကြားပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ် ဒေါ်အောင်ဆန်းစုကြည် ။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.