Friday, March 30, 2012

2 နန်းဝိုးဖန် ထိုးသွားခဲ့တဲ့ အချက်ပေးခေါင်းလောင်း [သွန်းနေစိုး]


 နိုင်ငံတကာမှာတော့ ဒီလိုဖြစ်ရပ်မျိုး ဖြစ်လာရင် ဟိုးထိပ်ဆုံး ၀န်ကြီးကစပြီး နှုတ်ထွက်ရတာမျိုး တွေ့ကြုံ မှတ်သားဘူးပါတယ်။ တည်ဆဲအစိုးရအဖွဲ့တွေတောင်မှ ကုလားထိုင်လှုပ်သွားတတ်သတဲ့။

ရုတ်တရက်ကြည့်ရင်တော့ ဒါဟာ မိန်းမပျိုလေးတစ်ယောက် သနားစဖွယ် အမှတ်မထင်သေဆုံးသွားခဲ့တာပါပဲ။
ဒါပေမဲ့ ဒီ့ထက်မကတဲ့ သတိထားစရာတွေ ရှိနေတယ်။

သတင်းတွေကို လိုက်ဖတ်တယ်။နန်းဝိုးဖန်က တရားလိုတဲ့။

သူ့ဆီက လူတစ်ယောက် မတရားအလွဲသုံးစားလုပ်သွားတာကို သူ တရားစွဲမိကာမှ ဘယ်နှယ့်လုပ် သူက ခံရရှာသလဲ?ကျနော်တို့ တိုင်းပြည်က လည်သူ စားစတမ်းလား?
ရိုးသားသူတွေအဖို့ ပြဿနာတစ်ခုခုဖြစ်ရင် ဒီလိုပဲ ငုံ့ခံကြရတော့မှာလား?

ဒါကို ထုံးတမ်းစဉ်လာတစ်ခုလိုဖြစ်မသွားစေချင်ဘူးဆိုရင် ကျနော်တို့အားလုံး ဒီကိစ္စကို လေးလေးနက်နက် ၀ိုင်းဝန်းဖို့ လိုမယ်။

ကိုလိုနီခေတ်အကျင့်ဆိုးတွေကို ဖျောက်ဆိုတဲ့စာတမ်းကို ကျနော်တွေ့ဘူးသလိုပဲ။ဒါပေမဲ့ တကယ်တမ်း အဲဒီလို အကျင့်ဆိုးတွေ ဖျောက်နိုင်ရဲ့လား။

ကိုလိုနီခေတ်တုန်းက ပုလိပ်ဆိုတာတော့ အတော်ဆိုးတာပဲ။ ဂွင်ဖန်လိုက်တာကလည်း နူရာဝဲစွဲ လဲရာ ပုလိပ်ထောင်းခဲ့တယ်။

“တရားလိုဖြစ်တဲ့ မနန်းဝိုးဖန်ကို ဘာလို့ တနေကုန်၊ တညလုံး စစ်ရသလဲ။ တရားလိုကို တရားခံလို ဘာကြောင့် စစ်တာလဲ။ ဒါတွေ မေးခွန်းထုတ်စရာတွေပဲ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။ ဆိုတဲ့စာသားတစ်ခုကို သတင်းတစ်ပုဒ်ဆီမှာ ဖတ်ရတယ်။

ကျနော်တို့လည်း အဲဒီမေးခွန်းကို ရိုးသားစွာ သိချင်မိပါတယ်။ဒီလို သနားကမား ကောင်မလေးတစ်ယောက် ကို တစ်ညလုံး စစ်လို့ရသလား?

စစ်ခွင့်ရှိသလား?

ဒီမိုကရေစီဆိုတဲ့နိုင်ငံတော်ကြီးမှာ ဒါမျိုးကို ခွင့်ပြုထားပါသလား?

ကျနော်ပြောချင်တာက တစ်ခုတည်းပါ။ဒီကိစ္စကြောင့် အဲဒီတုန်းက စစ်တဲ့ ဒုရဲအုပ် အလုပ်ပြုတ်သွားမယ်။
ထောင်ကျကောင်းကျမယ်။ ဒါပဲ။ဒီလောက်နဲ့ ပြီးသွားမှာကို မြင်နေတယ်။အပြစ်အားလုံး အဲဒီ ရဲအုပ်အပေါ် ပုံချလိုက်လိမ့်မယ်။

တကယ်ဖြစ်သင့်တာက အတွင်းလှိုက်စားနေတဲ့ ပြဿနာကို ဖြေရှင်းရမှာ ...

ဒီလိုလုပ်ရပ်မျိုးတွေ နောက်ထပ်မဖြစ်အောင်၊ အားနည်းတဲ့ ပြည်သူတွေအပေါ် မတရားအနိုင်ကျင့်တာမျိုး မဖြစ်အောင် တားဆီးရမှာ။

နိုင်ငံတကာမှာတော့ ဒီလိုဖြစ်ရပ်မျိုး ဖြစ်လာရင် ဟိုးထိပ်ဆုံး ၀န်ကြီးကစပြီး နှုတ်ထွက်ရတာမျိုး တွေ့ကြုံ မှတ်သားဘူးပါတယ်။
တည်ဆဲအစိုးရအဖွဲ့တွေတောင်မှ ကုလားထိုင်လှုပ်သွားတတ်သတဲ့။အဲဒီလောက်ထိ ကျနော် တောင်းဆိုလိုခြင်း မဟုတ်ပါ။ဒါပေမဲ့ ပွဲပြီးမီးသေဖြစ်သွားမှာတော့ မကြိုက်ရိုး အမှန်ပါ။

နောက်ထပ်အပြစ်မဲ့ပြည်သူတွေ အနှိပ်စက်မခံရအောင် ထိထိရောက်ရောက်ကိုင်တွယ်သင့်တယ်။

တကယ်တော့ ဒီမိုကရေစီစနစ်မှာ (ဒီမိုကရေစီစနစ် စစ်စစ်မှာ) အာဏာဆိုတာ ပြည်သူက နှင်းအပ် ထားတာပါ။

ပြည်သူက ယုံကြည်စိတ်ချအောင် တနည်းပြောရရင် ပြည်သူနောက်ကျောလုံအောင် အာဏာပိုင်တွေက နေထိုင်ပြသင့်တယ်။

ပြည်သူက ကျီးလန့်စာစားဘ၀နဲ့ တထိတ်လန့်လန့်နေရရင် ဒါ အာဏာရှင်အုပ်ချုပ်ရေးပဲဖြစ်လိမ့်မယ်။

အခုကာလ ပြည်သူတွေဟာ အာဏာပိုင်အဖွဲ့အစည်းတွေကို တကယ်တမ်းအားကိုးဝံ့ပါပြီလား။
ရုံးပြင်ကနားရောက်ရမှာကို ကျနော်တို့ မြန်မာတွေ တော်တော်ကြောက်တတ်ကြပါတယ်။
အချိန်ကုန်တယ်။ လူပန်းတယ်။ ထိုင်နေအကောင်းသွား ထလိုက်မှ ဆေးအတွက်လေး ဆိုသလိုဖြစ်ရမယ် ဆိုတာမျိုးတွေ ကျနော်တို့အားလုံးရဲ့ ရင်ထဲမှာ ရှိကြပါတယ်။
ဒါဘယ်သူ့ကြောင့်ပါလဲ။ ဘယ်သူတွေက ချွတ်ယွင်းအားနည်းနေလို့လဲ။

တနည်းအားဖြင့်ကြည့်ရင်တော့ နန်းဝိုးဖန်ရဲ့ ဖြစ်ရပ်ဟာ အာဏာပိုင်တွေအနေနဲ့ ပြည်သူ့ယုံကြည်မှုကို ရယူနိုင်စရာ အခွင့်အလမ်းလို့လည်း ဆိုနိုင်ပါလိမ့်မယ်။ဒါကို ထိထိရောက်ရောက်ကိုင်တွယ်ပြခဲ့ရင် ပွင့်လင်းမြင်သာမှုအပြည့်နဲ့ြ့ပည်သူတွေဆီ ချပြခဲ့ရင်သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ဂုဏ်သိက္ခာရှိစွာ နှုတ်ထွက်တာမျိုးလုပ်ပြခဲ့ရင်ပြည်သူ့ယုံကြည်မှုကို တမုဟုတ်ချင်းရကြမှာပါ။

ကျနော်တို့မြန်မာတွေက ခွင့်လွှတ်လွယ်တတ်ကြပါတယ်။

ဒါပေမဲ့ အခုတော့ ကျနော်တို့မျှော်လင့်တာနဲ့ ဆင့်ကျင်ဘက်။

ငါ့ညီရေးရင် ငါ့ညီမှာ အန္တရာယ်ရှိမယ်။ ငါ့ညီတင်မကဘူး ငါ့ညီအဖွဲ့အစည်းမှာပါ အန္တရာယ်ရှိမယ် .... လို့ သတင်းထောက်တစ်ယောက်ကို ခြိမ်းခြောက်ကြောင်းကြားရတော့ ဒါ ဒီမိုကရေစီနိုင်ငံတဲ့လားလို့ပဲ အော်မေးချင်မိတော့တယ်။

ထပ်ပြောပါဦးမယ်။

ကျနော့်ဆန္ဒကတော့ ဒီကိစ္စကို ပြီးလွယ်ပျောက်လွယ်ဖြစ်မသွားစေချင်ပါ။ဟို အလွဲသုံးစားလုပ်သွားတယ် ဆိုတဲ့လူ ကို လည်း လွတ်မသွားစေချင်ပါ။

ကမ္ဘာကျော်စာရေးဆရာကြီးဖြစ်တဲ့အားနက်ဟဲမင်းဝေးရဲ့ နာမည်ကြီး ၀တ္ထုတစ်အုပ်ကို မူတည်ပြီး စကားတစ်ခွန်းကြားဘူးပါတယ်။

ခေါင်းလောင်းထိုးသံတစ်ခုကြားတဲ့အခါ ဘယ်သူ့အတွက် ထိုးတာလဲလို့ မေးမနေပါနဲ့မင်းအတွက် ထိုးတာဖြစ်တယ်။လူတိုင်းအတွက် ထိုးတာဖြစ်တယ်တဲ့။

အခု နန်းဝိုးဖန်းဆိုတဲ့အသက်၁၉နှစ်သာ ရှိသေးရှာသူ ရှမ်းမကလေးဟာညကြီးအချိန်မတော် အစစ်ဆေးခံရ ရင်း သေဆုံးသွားခဲ့ရှာပါပြီ။

သူက ပြောနေတယ်။သတိထားကြပါ။သူ့လိုအဖြစ်တွေ အများကြီးရှိနေသေးပါသတဲ့။


Thorn Nay Soe သွန်းနေစိုး

2 comments:

  1. Fully Supported Ko Throng Nay Soe ...,
    Similar Myanmar 420 nationality are much inside the country and those are staying high rich level in the countryard.
    SB team are familar with this even longly period that similar Military Intellange group.
    Shall enclosed these SB & MI and replace freshing servants there .
    President shall clean this black SB and MI.
    How is the CLEAN GOVERNMENT / GOOD GOVERNMENT ?

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.