Monday, March 26, 2012

0 အနောက်နိုင်ငံအစိုးရများက မြန်မာ့ရွေးကောက်ပွဲတွင် စောင့်ကြည့်ပါဝင်ရုံမျှဖြင့် ပြည့်စုံလုံလောက်မှု ရှိမည်မဆိုနိုင်


(The Financial Times မှ 23 March 2012 ရက်စွဲပါ Gwen Robinson ရေးသားသော West points to flawed monitoring in Myanmar ကို ဘာသာ ပြန်ဆိုသည်)

"အခု ဖိတ်ကြားတာက ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာဖို့ မဟုတ်ပါဘူး။ လေ့လာရေးခရီး ထွက်တာနဲ့ ပိုတူနေပါတယ်။ ပုံမှန်ဆိုရင်တော့ ရွေးကောက်ပွဲ တရားမျှတအောင် မြင်သာထင်သာ ရှိအောင် လုပ်တဲ့ ကြိုးစားမှုတွေကို ကြိုဆိုရပါမယ်" (အီးယူ၏ မြန်မာဆိုင်ရာ သံအမတ် ဒေးဗစ် လစ်မန်း)

အနောက်နိုင်ငံ အစိုးရများက မြန်မာ့ရွေးကောက်ပွဲတွင် စောင့်ကြည့်ပါဝင်ရုံမျှဖြင့် ပြည့်စုံလုံလောက်မှု ရှိမည်မဆိုနိုင်ကြောင်း အနောက် သံတမန်များက ဆိုသည်။ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မထင်မှတ်သည်များ ဖြစ်ပျက်တတ်မှုနှင့် မသမာမှုများ မရှိခြင်းတို့ ဖြစ်ပေါ်ခဲ့သည့်တိုင် သံတမန်များနှင့် လေ့လာသူများသည် ကြိုတင်မဲစနစ်ကဲ့သို့သော အကြောင်းအရာများကို စစ်ဆေးရန် မဖြစ်နိုင်ကြောင်း ပြောကြသည်။

ယခုရွေးကောက်ပွဲတွင် နိုင်ငံများ ရွေးချယ်၍ ကိုယ်စားလှယ်များ ဖိတ်ကြားခြင်းသည် မည်သူ့ကိုမျှ မဖိတ်ကြားခြင်း ထက်စာလျှင်မူ ပိုကောင်းသည်ဟု ရန်ကုန်အခြေစိုက် သံတမန်တစ်ဦးက ပြောသည်။ အကယ်၍ ရွေးကောက်ပွဲတွင် တစ်စုံတစ်ရာ မှားယွင်းခဲ့ပါက အချို့အစိုးရများအတွက် ပြောရဆိုရ ခက်သည့် အခြေအနေကို ရင်ဆိုင်ရနိုင်ကြောင်းလည်း ယင်းက သတိပေးခဲ့သည်။

အနောက်နိုင်ငံ သံတမန်များအကြားတွင် စိုးရိမ်နေသော ကိစ္စမှာ ၂ဝ၁ဝ ရွေးကောက်ပွဲကဲ့သို့ မထင်မှတ်သည်များ ထပ်မံဖြစ်ပွားသွားမည်ကို ဖြစ်သည်။ လာမည့် ရွေးကောက်ပွဲတွင် လစ်လပ်အမတ်နေရာ ၄၈ နေရာစလုံး ပါဝင်ယှဉ်ပြိုင်မည့် NLD ပါတီသည် စည်းရုံးရေး ဆင်းနေသည်မှာ ရက်သတ္တပတ် အတော်အတန် ကြာခဲ့ပြီ ဖြစ်ပြီး ယင်းတို့က ပုံမှန်မဟုတ်သော ကိစ္စများအတွက် တိုင်ကြားမှုများလည်း ပြုလုပ်ခဲ့သည်။ NLD သည် မဲဆန္ဒရှင် စာရင်း ပြုစုမှုကို မေးခွန်းထုတ်ခဲ့ပြီး ဒေသဆိုင်ရာ အာဏာပိုင်များ၏ စိတ်အနှောင့်အယှက်ဖြစ်အောင်ပြုလုပ်မှုနှင့် တားဆီးမှုများကိုလည်း ဖော်ထုတ်ခဲ့သည်။ မကြာသေးမီက NLD စည်းရုံးရေးသမားများကို အမည်မသိသူများက တိုက်ခိုက်ခြင်းမျိုး ဖြစ်ပွားခဲ့သေးသည်။

အီးယူနှင့် အမေရိကန်တို့က ရွေးကောက်ပွဲ သန့်ရှင်းမျှတမှုသည် စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းရေးအတွက် အရေးပါကြောင်း ပြောကြား ထားသည်။ ယင်းတို့၏ စံများနှင့် ညီညွတ်စေရန် အစိုးရသည် အတိုက်အခံက စိုးရိမ်သည့် ကိစ္စများကို ကြိုးစားကိုင်တွယ်လျက် ရှိရာ အချို့ကိစ္စများတွင် အာဏာပိုင်များအား စည်းကမ်းအရ အရေးယူမှုများကို လုပ်ဆောင်ခဲ့သည်။

ရွေးကောက်ပွဲကို လေ့လာရန် ဖိတ်ကြားခြင်းသည် ကြိုဆိုရမည့် တိုးတက်မှုတစ်ခု ဖြစ်သော်လည်း မှန်ကန်သော အဓိပ္ပာယ် ကောက်ယူမှု ရှိသင့်ကြောင်း ဘန်ကောက်အခြေစိုက် အီးယူ၏ မြန်မာဆိုင်ရာ သံအမတ် ဒေးဗစ် လစ်မန်းက ပြောသည်။ "အခု ဖိတ်ကြားတာက ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာဖို့ မဟုတ်ပါဘူး။ လေ့လာရေးခရီး ထွက်တာနဲ့ ပိုတူနေပါတယ်။ ပုံမှန်ဆိုရင်တော့ ရွေးကောက်ပွဲ တရားမျှတအောင် မြင်သာထင်သာ ရှိအောင် လုပ်တဲ့ ကြိုးစားမှုတွေကို ကြိုဆိုရပါမယ်" ဟု ဆိုသည်။

အီးယူအနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲကို စည်းမျဉ်းစည်းကမ်းအနေဖြင့် ကြည့်ရှုမည် မဟုတ်ကြောင်း အခြား အီးယူသံတမန်တစ်ဦးက ပြောသည်။ မြန်မာ့ရွေးကောက်ပွဲကို စွမ်းအားပြည့် စောင့်ကြည့်လိုပါက ဆန္ဒမဲပြားများ ရိုက်နှိပ် ဖြန့်ဝေခြင်းအပါအဝင် အစမှစ၍ အားလုံးကို ကြည့်ရှုမှ ရလိမ့်မည် ဖြစ်ကြောင်း ပြောသည်။ အစိုးရကမူ အမေရိကန်နှင့် အီးယူအပါအဝင် အာဆီယံ ဆွေးနွေးဖက်နိုင်ငံများ ဖြစ်သော ဩစတြေးလျ၊ တရုတ်၊ ဂျပန်နှင့် ကနေဒါတို့ကိုလည်း ရွေးကောက်ပွဲလေ့လာသူများ စေလွှတ်ရန် ဖိတ်ကြားကြောင်း ကြာသပတေးနေ့က ဆိုသည်။

အမေရိကန်ကလည်း ရွေးကောက်ပွဲကို စောင့်ကြည့်သည့် အခွင့်အလမ်းကို အရယူမည် ဖြစ်သော်လည်း လုပ်ငန်းစဉ်များ၏ ပွင့်လင်း မြင်သာမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိကြောင်း လူသိရှင်ကြား ပြောခဲ့သည်။ "ပထမဆုံး ခြေလှမ်းကောင်းတစ်ရပ်ပါပဲ။ အရင်ကဆို နိုင်ငံတကာက လေ့လာသူတွေကို မဖိတ်ဘူးလေ။ ဒါပေမဲ့ နိုင်ငံတကာ ပွင့်လင်းမှုတွေကိုတော့ စံမမှီသေးပါဘူး" ဟု နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နူလန်းက ပြောသည်။

transparencymyanmar2010

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.