Wednesday, March 28, 2012

0 ပြည်ခိုင်ဖြိုးနှင့် တ.စ.ည ပါတီတို့အား တစ်သီးပုဂ္ဂလအမတ်လောင်းမှ အပြင်းအထန် ဝေဖန်


လစ်လပ်မဲဆန္ဒနယ်မြေများအနက် ကိုယ်စားလှယ်လောင်းအများဆုံးပါဝင်ယှဉ်ပြိုင်မည့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်သီးပုဂ္ဂလဦးစိန်လှသည် ပြည်ခိုင်ဖြိုးနှင့် တ.စ.ည ပါတီတို့က ထောက်ပြ ဝေဖန်ထားကြောင်း မန္တလေးမြို့ရှိနိုင်ငံရေးပါတီများနှင့် မြို့ခံအသိုင်းအ၀ိုင်းများထံမှ သိရသည်။

အဆိုပါ တစ်သီးပုဂ္ဂလဦးစိန်လှက ပြည်ခိုင်ဖြိုးပါတီနှင့် တ.စ.ညပါတီတို့ အနေဖြင့် ပြည်သူပိုင်ဘဏ္ဍာများကို အလွဲသုံးစား ပြုမှုများကိုဖော်ပြထားသည့် မဲဆွယ်လက်ကမ်းစာစောင်များကို ဖြန့်ဝေလျှက်ရှိကြောင်း နိုင်ငံရေးပါတီအသိုင်းအ၀ိုင်းများထံမှ သိရသည်။

“လက်ကမ်းစာစောင်ထဲမှာ ပါတီကြီးနှစ်ခုကို ရဲရဲတင်းတင်း ဝေဖန်ထောက်ပြထားတာ တွေ့ရတယ်”ဟု ယင်းမဲဆန္ဒနယ်မှပင် ၀င်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလဦးကျော်ကျော်က ပြောသည်။

ယင်းမဲဆွယ်လက်ကမ်းစာစောင်ထဲတွင် သြဂုတ် ၁၃၊ ၂၀၁၀ နေ့တွင် ပြုလုပ်သော ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏ အစည်းအဝေးအရ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးနှင့် စားသောက်ကုန်လုပ်ငန်းလက်အောက်ရှိ ရန်ကုန်မြို့၊ အင်းစိန် လမ်းမကြီး၊ လှိုင်မြို့နယ်(၉)ရပ်ကွက်၊ အမှတ်(၁၁၃)၊ ဆပ်ပြာစက်ရုံ၊ အမှတ်(၂)ရှိ ပစ္စည်းအားလုံးနှင့် မြေအကျယ် (၁၂.၈၇၁)ဧကကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ငွေကျပ်သန်းပေါင်း(၅၀၀၀)ကျော်ဖြင့် ရောင်းချခဲ့သည်ဟုဆိုပြီး ယခုအခါ အဆိုပါ ပါတီ၏ တင်ပြချက်အရ ငွေကျပ်သိန်းပေါင်း(၁၉၇၂၁.၂၇)ဖြင့် အခြားလုပ်ငန်းရှင်တစ်ဦးသို့ အပြီးအပြတ်ပြန်လည်ရောင်းချကြောင်း ဖော်ပြထားသည်။

လှိုင်မြို့နယ်၊ (၁၅)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းနှင့် ဘုရင့်နောင်လမ်းမဒေါင့်ရှိ မြေဧကပေါင်း(၃၅.၅၂၄)ဧကရှိသော ဆပ်ပြာစက်ရုံအမှတ်(၁)ကို ဒီဇင်ဘာ(၁၅)၊ ၂၀၁၀ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီသို့ရောင်းချခဲ့ပြီးနောက် ယခုအခါ ထိုပါတီမှ နယူးဂျင်နရယ် ကုမ္မဏီလီမိတက်သို့ ငွေကျပ်သန်းပေါင်း(၃၅၀၀၀)ဖြင့် ပြီးပြတ်ရောင်းချလိုက်ကြောင်းကိုလည်း ဖော်ပြထားသည်။

အဆိုပါတစ်သီးပုဂ္ဂလဦးစိန်လှသည် ယင်းမဲဆွယ်လက်ကမ်းစာစောင်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း စတင် တည်ထောင်စဉ်အခါက သုံးထားသော ပြည်သူ့ဘဏ္ဍာများနှင့် အဆောက်အဦးများကို လွှတ်တော်မှတစ်ဆင့် စာရင်းရှင်းပြီး ပြည်သူလူထုကို ပြန်အပ်ရန်နှင့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီပိုင် ငွေကြေးဥစ္စာ မှန်သမျှတို့သည် ပြည်သူပိုင် ဖြစ်သောကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီပိုင် ငွေကြေးဥစ္စာမှန်သမျှအား လွှတ်တော်မှတဆင့် စာရင်းရှင်းပြီး ပြည်သူလူထုထံပြန် အပ်နှံရန် တောင်းဆိုထားသည်ကို ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်သီးပုဂ္ဂလဦးစိန်လှသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ယခင်အစိုးရ၏ ကျန်းမာရေး ၀န်ကြီးဟောင်း ဦးကျော်မြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ချမ်းအေးသာစံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၂၀၁၁ ခုနှစ်တွင် ၄င်းပိုင်ရုံးရှေ့တွင် “ပြည်သူကမိဘလား၊ အစိုးရကမိဘလား” နှင့် “ပြည်သူ့အာဏာပိုင်လား၊ အစိုးရ အာဏာပိုင်လား” ဟူသော စာတမ်းကပ်သည့်အတွက် မန္တလေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် အာဏာပိုင်အဖွဲ့အစည်းများမှ ခေါ်ယူသတိပေး လက်မှတ်ရေးထိုးခဲ့ရသည့် နိုင်ငံရေးသမားဖြစ်ကြောင်း မန္တလေးနိုင်ငံရေးအသိုင်းအ၀ိုင်းထံမှ သိရသည်။ ။
(Yangon press international)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.