Wednesday, March 28, 2012

0 ယနေ့(၂၈.၃.၂၀၁၂) ရက်က နေပြည်တော်ကော်မရှင်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှကောက်နူတ်ချက်များ


ပြည်ခိုင်ဖြိုးပါတီက ဒေသအချို့တွင် မဲဆွယ်စည်းရုံးရာ၌ ““နိုင်ငံတော်သမ္မတကြီးဦးဆောင်သော ပါတီဖြစ်သော....”” ဟူ၍ သုံးနှုန်းပြီး လက်ကမ်းကြော်ငြာများဖြန့်ဝေခြင်းမှာ ဥပဒေနှင့်ညီမညီ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌသို့ သတင်းထောက်များက မေးမြန်းသောအခါ ““ကျွန်တော့်အမြင်အရပြောရင်တော့လည်း အဖြစ်မှန်ပြောတာပဲလေဗျာ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှအငြင်းပွားစရာမရှိပါဘူး””ဟု ဦးတင်အေးက ဖြေကြားသည်။ ထို့ကြောင့် ဥက္ကဌ၏ ပြောစကားမှာ ထိုသို့မဲဆွယ်မှုမှာ မှန်သည်၊ ဥပဒေနှင့်ညီသည်ဟု ပြောခြင်းဖြစ်ပါသလားဟု ထပ်မံမေးမြန်းသောအခါ ထိုမေးခွန်းနှင့်ပတ်သက်၍ မှတ်ချက်မပေးလိုကြောင်း ပြောကြားသွားသည်။

နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းသည်ဖြစ်စေ၊ မရုပ်သိမ်းသည်ဖြစ်စေ မိမိ၏ တာဝန်မှာ တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲဖြစ်လာစေရန် ဆောင်ရွက်ရ မည်သာ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက ယနေ့(၂၈.၃.၂၀၁၂) ရက်က နေပြည်တော်ကော်မရှင်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ရွေးကောက်ပွဲတွင် သတင်းရယူမည့် သတင်းထောက်များကို မဲရုံပြင်ပမှာပင် သတင်းရယူခွင့်ပြုမည်ဖြစ်ပြီး မဲရုံအတွင်းဝင်ရောက်သတင်းရယူခွင့်ပြုမည်မဟုတ်ကြောင်း ဦးတင်အေးက ပြောသည်။ မဲဆန္ဒရှင်များ၏ လျှို့ဝှက်မဲဆန္ဒပေးမှုကို အနှောက်အယှက် မဖြစ်စေလိုသည့်အချက်မှာ မဲရုံအတွင်း သတင်းရယူခွင့်မပြုခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်ကြောင်းလည်း ၎င်းကရှင်းပြသည်။

ကြိုတင်မဲနှင့်ပတ်သက်၍ မသမာမှုများမှာ လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် မရှိစေရကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌဦးတင်အေးက ပြောသည်။
““ဒီလိုမျိုး ကျနော့်လက်ထက်မှာ မဖြစ်စေရဘူး”” ဟု ဦးတင်အေးက ပြောသည်။

နယ်မြေလုံခြုံမှုအခြေအနေကြောင့် ရွေးကောက်ပွဲကျင်းပရန် ရွှေ့ဆိုင်းထားသော ကချင်ပြည်နယ်မှ မဲဆန္ဒနယ်သုံးခုကို တရားမျှတလွတ်လပ်သော ရွေးကောက်ပွဲ မဖြစ်နိုင်သော ကြောင့် ရွှေ့ဆိုင်းထားခြင်းဖြစ်ပြီး၊ နယ်မြေလုံခြုံပြီး တရားမျှတလွတ်လပ်သော ရွေးကောက်ပွဲဖြစ်ရန် အခြေအနေရှိလာသည်နှင့် ချက်ချင်းကျင်းပပေးသွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောသည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သော ပါတီကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်နှင့် မဲရုံအကူကိုယ်စားလှယ်နှစ်ဦးစီကို ယခင်က ဖုန်းနှင့်ကင်မရာများယူဆောင်ခွင့်မပြုဟု ဆိုသော်လည်း ယခုနောက်ဆုံးမဲရုံအတွင်းသို့ ကင်မရာယူဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း ဦးတင်အေးက ပြောသည်။ သို့သော် ကိုယ်စားလှယ်များက ကင်မရာယူဆောင်ပြီး ဓာတ်ပုံမှတ်တမ်းတင်သောအခါ လျှို့ဝှက်မဲပေးမှုကို အနှောက်အယှက်ဖြစ်စေလျှင် အရေးယူမည်ြဖစ်ကြောင်းလည်း ဆက်ပြောသည်။
““ယူပလေ့စေ။ ဒါပေမယ့် လွတ်လပ်စွာ မဲပေးပိုင်ခွင့်ထိပါးရင် ကျွန်တော်အရေးယူမယ်။ ရွေးကောက်ပွဲကျင်းပတာကို အနှောက်အယှက်ပေးရင် အရေးယူမယ်။ လျှို့ဝှက်မဲဆန္ဒပေးတာကို အနှောက်အယှက်မဖြစ်စေရဘူး””ဟု ယင်းက ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတကာမှ လာရောက်မည့် ရွေးကောက်ပွဲလေ့လာစောင့်ြ့ကည့်သူများ မှာလည်း မဲရုံအတွင်းသို့ ၀င်ခွင့်ပြုမည် မဟုတ်ဘဲ မဲရုံပြင်ပမှသာ လေ့လာစောင့်ကြည့်ခွင့်ပြုမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောသည်။ သို့သော် မဲရုံအတွင်းသို့ မြင်တွေ့နိုင်ရန် မဲရုံအဆောက်အဦတံခါးများကို ဖွင့်ထားရန် အောက်ခြေကော်မရှင်ရုံးများသို့ ညွှန်ကြားပေးထား မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်သူများနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနတွေ့ဆုံရှင်းလင်းပွဲကို မတ်လ ၂၉ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

(7 days news journal)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.