Tuesday, March 27, 2012

0 ဒံပေါက်ကျွေးပြီး ဘုရားဖူးပို့ပေးမည့် ကြံ့ဖွံ့

လာမည့်ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်(ယုဇနဥယျာဉ်မြို့တော်) လစ်လပ်မဲဆန္ဒနယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် ၎င်းတို့ပါတီအား မဲပေးမည် ဆိုပါက အခမဲ့ ဘုရားဖူးခရီး ပို့ဆောင်ပေးမည့်အပြင် ဒံပေါက်ထမင်းပါ ကျွေးဦးမည်ဖြစ်ကာ အသုံး စရိတ်လည်း ထုတ်ပေးမည်ဟု မဲဆွယ်စည်းရုံးလျက်ရှိကြောင်း အဆိုပါယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

“အဲဒီနေ့ကျရင် ဒီမှာရှိတဲ့ လမ်းတိုင်းမှာ တလမ်းကို ကားတစ်စီးစီ ထားပေးပြီး ဘုရားဖူးလိုက်ပို့မယ်ပြောတယ်။ ဒံပေါက်ကျွေးမယ့်အပြင် ခရီးစရိတ် တယောက်ကို ၅၀၀၀ ဝန်းကျင်လောက်အထိ ထုတ်ပေးဦးမယ် ပြောတယ်။ ပြီးရင် သူတို့အသင်းဝင်ပြီး သူတို့ကို မဲပေးရမယ် ပြောတယ်။ သူတို့ ဘယ်လိုပဲ ဆွယ်ဆွယ် ကျမ ကတော့ မပေးနိုင်ဘူး ကျမဘာသာ ပေးချင်တဲ့ဆီ ပေးမှာပဲ ဘုရားဖူး မလိုက်ရလို့ ဝမ်းနည်းစရာအကြောင်းမရှိဘူး”ဟု အဆိုပါမြို့တော်တွင် နေထိုင်သည့် ကုန်စိမ်းရောင်း၍ အသက်မွေးဝမ်းကျောင်းပြုသူ အသက်၃၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ၎င်း၏ဆန္ဒကို ထုတ်ဖော်ပြောသည်။

“ကျွန်တော့ကိုတော့ ဘယ်လိုစည်းရုံး စည်းရုံး မရဘူး။ NLD ကိုပဲ မဲပေးမှာပဲ မျက်နှာမရလဲ နေပစေ ကိုယ့်ထမင်း ကိုယ်စားပြီး ကြိုတင်မဲလည်း မထည့်နိုင်ဘူး။ အခုသူတို့က ကြိုတင်မဲထည့်ဖို့၊ စည်းရုံးနေတယ် တကယ်တော့ဒီမှာက NLD အမာခံပရိတ်သတ်တွေ အများကြီးပါ” ဟုအဆိုပါမြို့နယ်တွင် နေထိုင်သူ အနှေးယာဉ် လုပ်သားတစ်ဦးက ပြောသည်။

“တကယ်တော့မဲဆွယ်တာတော့ဆွယ်တာပေါ့။ ဒါပေမယ့်သူတို့မဲဆွယ်တာက သဘာဝမကျဘူး။ ဘယ်လိုလူတွေသာ ကြိုတင်မဲ ပေးသင့်တယ် ဆိုတာလဲ အားလုံး သိပြီးသား။ အခုဟာက ရယ်စရာလည်း ကောင်းတယ်၊ ဒံပေါက် ကျွေးပြီး မဲဆွယ်တယ် ဆိုတော့လေ။ သူများနိုင်ငံတွေတော့ ဘယ်လိုလဲ မသိဘူး။ အခုဟာက ဘာကြီးမှန်း မသိဘူး”ဟု အသက်၆၀ ကျော် အရွယ်ရှိ အငြိမ်းစား ဝန်ထမ်းတစ်ဦးက ၎င်း၏ အမြင်ကို ဖြည့်စွက် ပြောကြားသည်။

လာမည့်ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဒဂုံဆိပ်ကမ်း မဲဆန္ဒနယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ ဦးအောင်ဝင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဒေါက်တာ မျိုးအောင်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)မှ ဦးကြီးမြင့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသား ဒီမိုကရေစီ ပါတီသစ် (NNDP )မှ ဦးဝင်းမြင့်စသည့် ကိုယ်စားလှယ်လောင်းများ ဝင်ရောက်အရွေးခံကြမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးမှုများ ဟောပြောမှုများကို သက်ဆိုင်ရာ ပါတီအလိုက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

(ဇော်ဇော်)-Burma vj medianetwork

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.