Tuesday, March 27, 2012

0 ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်မြို့နယ်မဲဆွယ်ခရီးစဉ်အတွင်း အမြန်ရှပ်ပြေးရေယာဉ်ငှားမရသည့်အကြောင်းရင်း

Credit: LBT.liberty@iCJ

ရှပ်ပြေးရေယာဉ်လို့ခေါ်တဲ့ မလေးရှားကတင်သွင်းလာတဲ့ မြန်နုန်းမြင့်ခရီးသည်တင်ရေယာဉ်တွေ စုစုပေါင်း ၉ စီးရှိပါတယ်။ ဒီရေယာဉ်တွေဟာ ရေအနက် ၃ပေကျော်ကျော်လောက်မှာတောင် မောင်းနှင်နိုင်ပြီး အမြန်နုန်းက တနာရီရေမိုင် ၄၅ မိုင်အထိ ပြေးဆွဲနိုင်ပါတယ် ( အများအားဖြင့် ၁နာရီ ရေမိုင် ၃၀ မိုင်နုန်း ပတ်ဝန်းကျင်သာ မောင်နှင်ကြလေ့ရှိပါတယ်)။ အားလုံးလိုလိုဟာ တပတ်ရစ်တွေဖြစ်ပြီး အရင်က မလေးရှားမှာ ဆာလာဝတ်တို့ စူလဝေစီတို့ကိုပြေးဆွဲနေတဲ့ သင်္ဘောတွေလို့ ကြားသိရပါတယ်။

အဲဒီအမြန်ရေယာဉ်တွေကို ပိုင်ဆိုင်ထားတဲ့ ပုဂ္ဂလိကကုမ္မဏီ ၃ ခုရှိပြီး ကုမ္ပဏီပိုင်ရှင်တွေအားလုံးဟာ မြိတ်သားတွေချည်းပါပဲ။ ဒါပေမဲ့ အဲဒီသင်္ဘောတွေ မြန်မာပြည်ကို ဘယ်လိုဝင်ရောက်လာသလဲဆိုတာရယ် အဲဒီသင်္ဘောတွေကို တကယ်ပဲ မြန်မာသူဌေးတွေက ပိုင်တာလား ဒါမှမဟုတ် မလေးရှားပိုင်ရှင်တွေက မြန်မာတွေကို နာမည်ခံခိုင်းထားတာလား ဆိုတာက သိပ်မသဲကွဲပါဘူး။

ဒါကလည်း ဒီသင်္ဘောတွေစသွင်းလာတာက ကမ်းရိုးတန်းတိုင်းရဲ့ ပထမဆုံးတိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်စစ်မောင် လက်ထက်မှာဖြစ်ပြီး အဲဒီတုန်းက တိုင်းမှူးရဲ့ခွင့်ပြုချက်နဲ့ တိုင်းအတွင်း ခရီးသွားလာရေး လွယ်ကူရန်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မှတ်ပုံတင်မရှိ အခွန်မဆောင်ပဲ တရားမဝင်ဝင်ရောက်လာခဲ့ကြတဲ့ သင်္ဘောတွေဖြစ်လို့ပါပဲ။

အခုလက်ရှိသင်္ဘောတွေဟာ တရားဝင်မှတ်ပုံတင်ထားတဲ့ သင်္ဘောတွေဖြစ်နေပြီလားဆိုတာတော့ မသိပါဘူး။

ဒီတော့ သင်္ဘောတွေဟာ အာဏာပိုင်တွေနဲ့ အတော့်ကို ပတ်သတ်မှုရှိခဲ့ပါတယ်။ ဒါ့အပြင် သေသေချာချာ ရှင်းရှင်းလင်းလင်း အမှီခိုကင်းကင်းနဲ့ မရပ်တည်ခဲ့တော့ အာဏာပိုင်တွေကို မလွန်ဆန်နိုင်ဘူးလို့ဆိုရပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်မှာ အသုံးပြုဖို့ ၈၈ တုန်းက ဒီမိုဘက်တော်သားတစ်ဦးအဖြစ် တက်ကြွခဲ့တဲ့ ရာဇဝင်ရှိဖူးသူ ဦးကျော်စိမ်းရဲ့ အမြန်ရှပ်ပြေးရေယာဉ်ကို အန်အယ်ဒီက ငှားတယ်လို့ ကြားသိရပါတယ်၊ ဒီလူဟာ ဒုချုပ်ကြီးရဲ့ သမီးဖြစ်သူ ဒေါ်နန္ဒာအေးနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိသူလို့လည်း လူပြောများသူပါ။

နောက်တော့ သူ့ကိုအာဏာပိုင်တွေက ဖိအားပေးတယ်လို့ဆိုပါတယ်။ ဒါ့အပြင် မြိတ်မြို့အဓိက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ ဦးလှသန်း ဦးကျားမောင် နဲ့ ဦးဌေးမြင့် (ယုဇန) တို့ကလည်း ပုဂ္ဂိုလ်ရေးရင်းနှီးမှုကနေ သင်္ဘောမငှားဖို့ ဖိအားပေးတယ်လို့ ဆိုပါတယ်။ ဦးကျားမောင်နဲ့ ဦးဌေးမြင့်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေပါ။

ဒီလိုနဲ့ သင်္ဘောမငှားဖြစ်တော့ကြောင်း ၂၂ နေ့မှ ပိုင်ရှင်က အကြောင်းကြားတယ်လို့ဆိုပါတယ်။

ဦးတေဇမှာ စူပါယော့လေးတစ်စီးရှိပါတယ်၊ အင်မတန်ကောင်းတဲ့ ဇိမ်ခံသင်္ဘောလေးပါ။ ကျနော်တို့မသိပေမဲ့ သူတို့ချင်းရှိနေတဲ့ လမ်းကြောင်းတစ်ခုကနေ ဦးတေဇက သူ့သင်္ဘောလေးကို အသုံးပြုဖို့ ပေးတယ်လို့ ကြားရပေမဲ့ ဘာကြောင့်မှန်းမသိ ဒီအစီစဉ်လည်း တစုံတရာအကြောင်းကြောင့် ပျက်သွားရပြန်သတဲ့။

ဒါနဲ့ပဲ မြိတ်က အင်န်အယ်ဒီတာဝန်ရှိသူတွေဟာ သူတို့တတ်နိုင်တဲ့ပုံစံနဲ့ ဒေါ်စုရဲ့ခရီးစဉ်ကို စီစဉ်ပါတယ်။ သူတို့စီစဉ်ထားတဲ့ စက်လှေဟာ ၁ နာရီကို ရေမိုင် ၇.၅ မိုင်သာ သွားနိုင်ပါတယ်၊ မြိတ်နဲ့ စခန်းသစ်ဟာ ရေမိုင် ၃၀လောက်ရှိပြီး စခန်းသစ်နဲ့ ကံမော်က ရေမိုင် ၂၀ကျော်ကျော်ရှိပါတယ်။ ဒီထက်ပိုဆိုးတဲ့ တိုက်ဆိုင်မှုက လေယာဉ်ချိန်က တင်ကြိုတွက်ဆထားတဲ့ အချိန်မဟုတ်ပဲ အတော်လေးနောက်ကျပြီးမှ မြိတ်မြို့ကို ဆိုက်ရောက်ပါတယ်။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် ပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ ထုံးစံအတိုင်း သာမန်နောက်ကျမှုပဲလား တမင်ပဲနောက်ကျတာလားဆိုတာက ယေဟိုးဝါး အရှင်တော်ပဲ သိပါတော့မယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စဉ်းရုံးရေး ခရီးစဉ်တွေကို နှောက်ယှက်တာ အကြိမ်ပေါင်းများပြီမို့ သိပ်မထူးဆန်းတော့ပေမဲ့ အခု မြိတ်ခရီးစဉ်မှာ ဘာလို့ဒီလိုပြင်းထန်ရသလဲ ဆိုတာက စိတ်ဝင်စားဖို့ကောင်းပါတယ်။

တနင်္သာရီတိုင်းဟာ တခြားတိုင်းဒေသတွေနဲ့ မတူပဲ ပြည်ခိုင်ဖြိုးရဲ့ သီးသန့်တိုင်းပါ။ အားလုံး ကြံ့ဖွံ့တွေချည်းမို့ ကြံ့ဖွံ့လက် ကြံ့ဖွံ့ခြေ လုပ်ချင်ရာလုပ်လို့ရတဲ့ တိုင်းပေါ့။ တိုင်းဝန်ကြီးချုပ် ဦးခင်ဇော်ပြုတ်သွားတာလဲ သူ့ပါတီဝင် အမတ်တွေကပဲ သမ္မတကို တိုင်လို့ပါ။ တိုင်းလွှတ်တော်လဲ ခေါ်တယ်လို့ မကြားဖူးပါဘူး (ခေါ်ချင်လဲခေါ်ပါလိမ့်မယ် ကျနော်တို့မကြားတာသာ ဖြစ်ပါလိမ့်မယ်)။ ပြောရမယ်ဆို အတိုက်အခံဆိုလို့မရှိဘူး။

အဲဒီလိုအခြေနေမှာ အင်န်အယ်ဒီကသာ လွှတ်တော် အမတ်တွေရှိလာမယ်ဆိုရင် တနင်္သာရီတိုင်းမှာ အတိုက်အခံ ဆိုတာရှိလာပြီပေါ့၊ ကြံ့ဖွံ့တွေအတွက် လက်ရှိအခြေနေထက် လုပ်ရကိုင်ရ ခက်တာမျိုးတွေ ကြုံလာမှာအမှန်ပဲ။ ဒီလိုအခြေနေမျိုးကို သူတို့မကြိုက်တာ။

လောင်းလုံကို ဒေါ်အောင်ဆန်းစုကြည်သွားတော့ ရုတ်တရက်မို့ သူတို့ဘာမှမလုပ်နိုင်ခဲ့ဘူး၊ မြိတ်ကတော့ ဒီလိုမဟုတ်ဘူး ဘာလုပ်ရမယ်ဆိုတာ သူတို့ပြတ်ပြတ်သားသားသိသွားပြီမို့ မိုက်မိုက်ကန်းကန်းပဲ တီးထည့်လိုက်တော့တာပဲ။

အမေစုဖျားတောင်ဖျားသွားရှာတယ်။

ဝယ်သားတွေကတော့ မဟာပြိုင်ဘက် ဘိတ်သားတွေကို လက်ညိုးတွင်တွင်ထိုးလို့ ရေကန့်လန့် လူဖလာ ဘိတ်သားရိုင်းတွေတဲ့..

mmcpမှ mokenlayအားကျေးဇူးတင်ရှိပါသည်.

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.