Thursday, March 29, 2012

0 စ၊ လယ်၊ ဆုံး ပေးဆပ်မှုများ


စ၊ လယ်၊ ဆုံး ပေးဆပ်မှုများ

၂၈.၃.၂၀၁၂ (ဗုဒ္ဓဟူးနေ့) ညနေ(၄း၀၀)နာရီချိန်တွင် (၈၈ကျောင်းသားခေါင်းဆောင်)များ ဖြစ်ကြသော ကိုဂျင်မီ နှင့် မနီလာသိန်းတို့ မိသားစုဝင်များ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ရောက်ရှိ လာကာ အလှူငွေကျပ်(၅သိန်း) နှင့် အဝေးထိန်းခလုတ်ပါ လူနာကုတင်၊ အိမ်သာပါ လူနာသုံးထိုင်ခုံ၊ ရေမြုပ်မွေ့ယာ တို့ကိုလာရောက်လှူဒါန်းခဲ့သည်။ ကွယ်လွန်သွားရှာပြီဖြစ်သော မနီလာသိန်း၏ဖခင် ဦးသိန်း(ခ)ဦးကန့်ခိန့်ဘန် ရတနာပုံဆန်စက်(ဖျာပုံ) အသက်(၈၁)နှစ်အား ရည်စူး၍ လာရောက် လှူဒါန်းခြင်း ဖြစ်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသည် လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေး တို့ကို (အခမဲ့)ကူညီကုသပေးလျှက်ရှိရာ နေ့စဉ် လူနာဦးရေ (၂၀၀) ကျော်တို့အား ကုသိုလ်ဖြစ် ဆရာဝန်ပေါင်း (၅၀)ခန့်တို့သည် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ အကြင်နာတရားများ ပွားများကာ လူသားချင်းစာနာစိတ်နှင့် ကုသ ပေးလျှက်ရှိသည်။

၂၁.၃.၂၀၁၂ (ဗုဒ္ဓဟူးနေ့) နံနက်စောစောပိုင်း၌် နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်သို့ ၈၈မျိုးဆက် ကျောင်းသူ မနီလာသိန်း ၏ဖခင်ဖြစ်သူ ဦးသိန်း(ခ)ဦးကန့်ခိန့်ဘန်သည် ဖျာပုံမြို့ ပြည်သူ့ဆေးရုံကြီးတွင် အစာအိမ်သွေးကြောပေါက် ဝေဒနာခံစားနေရသဖြင့် ရန်ကုန်မြို့ရှိဆေးရုံတွင် ဆေးကုသခံရန်လူနာအား ဖျာပုံမြို့မှ ရန်ကုန်မြို့သို့ပို့ဆောင်ရန် အခက်အခဲများစွာရှိနေသည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သုခကုသိုလ်ဖြစ်ဆေးခန်းရှိ အရေးပေါ်လူနာတင်ယာဉ်ဖြင့် သယ်ဆောင်ရန် တယ်လီဖုန်းဖြင့် ဆက်သွယ် အကူအညီတောင်းခံခဲ့ပါသည်။

စစ်မှန်သော ဒီမိုကရေစီရရှိရေးအတွက် စွန့်လွှတ်၊ စွန့်စားမှုများစွာဖြင့် ကြိုးပမ်းနေကြသော (၈၈မျိုးဆက်ကျောင်းသားများ)တို့၏ ဖခင်ဖြစ်သောကြောင့် အထူးအစီအစဉ်အဖြစ် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ တာဝန်ရှိသူများသည် နံနက်(၁၀း၀၀)နာရီအချိန်တွင် ဖျာပုံမြို့သို့ သယ်ဆောင်ရန် သွားခဲ့ကြသည်။ ယင်းကုသိုလ်ရေးသည် ရပ်ဝေးသို့ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ယခင်က ရန်ကုန်မြို့တွင်း၌သာ ကူညီမှုပြုခဲ့ သော်လည်း ယခုအခါတွင် အများပြည်သူအတွက် ပေးဆပ်ခဲ့သော (၈၈မျိုးဆက်ကျောင်းသူ)မနီလာသိန်း၏ ဖခင်ဖြစ်သောကြောင့် အထူးအစီအစဉ်အဖြစ် ဖျာပုံမြို့သို့ သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။ နေ့လည် (၁၂း၃၀) အချိန်တွင် ဖျာပုံမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ရှိ သူများသည် (၁၂း၄၀)အချိန်တွင် ဦးသိန်း(ခ) ကန့်ခိန့်ဘန်အား အရေးပေါ်လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်ကာ ဖျာပုံမြို့မှ ပြန်လည်ထွက်ခွာခဲ့ ပါသည်။

ဖျာပုံမြို့နှင့်ဒေးဒရဲသည် (၁၆) မိုင်သာရှိသော လမ်းခရီးအား တစ်နာရီကြာ ခက်ခက်ခဲခဲ မောင်းနှင် ခဲ့ရာ အသွားခရီးတွင် (၂း၃၀)နာရီခန့်သာ ကြာမြင့်ခဲ့သော်လည်း အပြန်ခရီးတွင် (၄း၀၀)နာရီခန့် ကြာမြင့် ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် လမ်းခရီးသည် ကြမ်းတမ်းသည့်အတွက် လူနာအား ထိခိုက်နာကျင်မှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်သဖြင့် ဖြေးညှင်းစွာ မောင်းနှင်ခဲ့ရာ ညနေ (၄း၁၀)နာရီ အချိန်မှသာ ရန်ကုန်မြို့ရှိ (ဗဟိုစည် အထူးကုဆေးခန်း) သို့ရောက်ရှိခဲ့ကြသည်။

သို့ရာတွင် ၂၅.၃.၂၀၁၂ (တနင်္ဂနွေနေ့) ၌ ဦးသိန်း(ခ)ကန့်ခိန့်ဘန်သည် အစာအိမ်ဝေဒနာမှာ ပြင်းထန် လွန်း၍ နံနက် (၅း၅၅) နာရီတွင် (ဗဟိုစည် အထူးကုဆေးခန်း)၌ ကွယ်လွန်အနိစ္စ ရောက်ရှိ သွားပါသဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နာရေးပို့ဆောင်ရေးယာဉ်ဖြင့် သွားရောက်၍ ကျန်ရစ် ခဲ့သော ဦးသိန်း(ခ) ဦးကန့်ခိန့်ဘန် အသက်(၈၁)နှစ်၏ ရုပ်ကလာပ်အား ရေဝေးသုဿန်အအေးခန်းရှိရာသို့ ပို့ဆောင်ခြင်းကို ပြုလုပ်ပေးခဲ့သည်။

၂၇.၃.၂၀၁၂ နေ့လည် (၁၂း၀၀) နာရီ အချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း (ရန်ကုန်) အစီအစဉ်ဖြင့် ကွယ်လွန်သူ၏ တရုတ်ထုံးတမ်းအစဉ်အလာအရ မီးသင်္ဂြိုလ်ခြင်း အခမ်းအနားအား ကျင်းပ ပြုလုပ်ခဲ့သည်။ ကွယ်လွန်သူ ဦးသိန်း(ခ)ဦးကန့်ခိန့်ဘန်အား ၈၈မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ အသင်းသား/သူများနှင့် ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းတို့မှစည်ကားသိုက်မြိုက်စွာ လိုက်လံပို့ဆောင် သင်္ဂြိုလ် ပေးခဲ့ကြပါသည်။

ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် လူသားတို့၏ နောက်ဆုံး ခရီးအား ကာယကံရှင်မိသားစုတို့၏ ဆန္ဒအတိုင်း ပြုလုပ်ပေးဆပ်နေရသလို၊ နာမကျန်းသောလူနာများ အတွက်ပါ အသက်သာဆုံး ကူညီဖေးမမှုများကို ပြုလုပ်ပေးဆပ်ခဲ့ရသည့်အပြင် လူ့လောကသို့ ရောက်ရှိကာ ပညာ သင်ကြားရမည့်အရွယ်တွင် ပညာရေးအားလည်းမလစ်ဟင်းစေရန် တဖက်တလမ်းမှ ပံ့ပိုးကူညီ သင်ကြား ပေးခြင်းများ၊ ဘွဲ့ရရှိပြီး အလုပ်အကိုင်မရရှိသေးသော လူရွယ်လူငယ်များအား အလုပ်အကိုင် ရရှိရန်အတွက် အခြေခံသင်တန်းများဖြစ်သော ကွန်ပျူတာပညာရပ်၊ စာရင်းကိုင် ပညာရပ်၊ ဟိုတယ်နှင့်ခရီးသွားပညာရပ်၊ ဒီဇိုင်နာပညာရပ်၊ အင်္ဂလိပ်စာ အရေး အဖတ် အပြော သင်တန်းများ အခမဲ့ပို့ချသင်ကြားပေး ခဲ့ရသောကြောင့် လူ့ဘ၀တွင် စ၊ လယ်၊ ဆုံး ကူညီဖေးမ ပေးဆပ်ခွင့်ရရှိမှုများ အပေါ် ကျေနပ်ပီတိ ဖြစ်ရကာ အများပြည်သူ တို့အား မိမိတို့လုပ်ဆောင်မှုများ၊ ပေးဆပ်ခဲ့မှုများအပေါ် အမျှ … အမျှ … အမျှ ဟူ၍ပေးဝေငှ လိုက်ပါတော့သည်။

ကိုကျော်သူ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.