Wednesday, March 28, 2012

0 ကြားဖြတ်အဖြေ ဘယ်ပုံထုတ်ပေးမလဲ?

နောက်တစ်ပတ် ဒီအချိန်လောက်ဆို ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အဖြေကိုသိနေရပါပြီ။ ဦးသိန်းစိန် ပြောထားတဲ့ အတိုင်း နှလုံးသွင်းပြီး အရှုံးအနိုင်ရလဒ်ဒဏ်ကို ခံနေရည်ရှိသူတွေရော၊ မကျေမနပ်နဲ့  စောဒကတက်ဖို့ပြင်ဆင်ကြမယ့်သူတွေရောအမျိုးမျိုးတွေ့ ရလိမ့်မယ်။ ရွေးကောက်ပွဲခန့် မှန်းမှုကို နိုင်ငံရေး လေ့လာသူတွေအနေနဲ့  ကိုယ်သန်ရာသန်ရာ တွက်ဆဟောကိန်းထုတ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ရွေးကောက်ပွဲ မတိုင်ခင် တစ်ပတ်လောက်အလိုမှာ ရလဒ်ခန့် မှန်းစာရွက်တစ်ခုကို ဖတ်ခဲ့ရ ပါတယ်။ ဂရပ်ဖစ်တွေ၊ စာရင်းဇယားတွေနဲ့  ကျကျနန တွက်ချက်ထားတဲ့ဟောကိန်းပါ။ ထုံးစံအတိုင်း ဟက်တက်ကွဲ ပါတယ်။ မှားသွားတော့လည်း“လွဲသွားတယ်ဗျာ” နဲ့  မကျေနပ်လို့ ဗျာဒိတ်သမားဆီက ဘာမှ မျှော်လင့်လို မရပါ။

ကချင်ပြည်နယ်က (၃)နေရာ မရှိတော့ဘူးဆိုတော့လစ်လပ်နေရာ(၄၅)ခုမှာဘဲကြားဖြတ်ရွေးကောက်ပွဲ လုပ်နိုင်မယ်။ “နေရာနည်းနည်းလေးမှာ အားလုံးနိုင်သွားရင်တောင် လွှတ်တော်ထဲ ဘာမှလုပ်လို့ မရပါဘူး”၊ “ဒေါ်အောင်ဆန်းစုကြည်ကို၂၀၀၈ ဖွဲ့ စည်းပုံအောက်က လွှတ်တော်နိုင်ငံရေးထဲ ဆွဲသွင်းချင်လို့ ”၊ “နေပြည်တော်လွှတ်တော်ကြီး ပဏ္ဍာရရနဲ့ သတ္တ၀ါအားလုံးစိတ်ဝင်စားလာအောင် NLDပါတီကိုကြုံးသွင်း မောင်းယူတာ” စသဖြင့် အမြင်မျိုးရှိသူတွေကို ခဏဖယ်ထားလို့  ပြိုင်ဆိုင်ပွဲအဖြစ်ရှုမြင်ပြီး အာဏာရကြံ့ဖွံ့ ပါတီနဲ့  ဒေါ်စု ဦးဆောင်တဲ့ အတိုက်အခံ NLDပါတီ
တို့ ရဲ့  အခြေအနေကို သတ္တုချကြည့်ရအောင်ပါ။

ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ်ဆိုတာနဲ့  ကြံ့ဖွံ့ ပါတီခေါင်းဆောင်တချို့ က ဒေါ်စုပါတီနဲ့  နင်လား ငါလား တိုးတိုက်လုယက်မနေဘဲ အေးအေးလူလူအနေအထားနဲ့ ပြိုင်ဆိုင်သွားဖို့ ဆန္ဒရှိနေကြသူတွေထံက “လိုအပ်လာရင်နယ်မြေအကုန်လုံး ကြံ့ဖွံ့ ရှုံးသွားလို့ ရသေးတာဘဲ” ဆိုတဲ့စကားသံတွေထွက်လာ တာ ကြားရတယ်။ ဒါပေမယ့် အချို့ ကြံ့ဖွံ့ ပါတီ ထိပ်သီးများကဒီသဘောထားကို လက်မခံနိုင်ကြဘဲ “ပြိုင်ရင် အကုန်နိုင်ရမှ” ဆောင်ပုဒ်ကိုကြွေးကြော်ပြီး ကြားဖြတ်ကို ဖြတ်သန်းရမယ်ဆိုတဲ့ မက်ဆေ့ကို ပါတီထဲ
ထုတ်လွှင့်ကြပြန်ပါတယ်။ သူတို့ အလိုအရ အခုလုပ်မယ့် လစ်လပ်နေရာတွေဟာ ကြံ့ဖွံအမာခံနယ်မြေတွေ ဖြစ်တဲ့အတွက် တစ်နေရာရှုံးတာနဲ့ ပါတီသိက္ခာကျတဲ့အပြင် အဲဒီနေရာတွေက ၂၀၁၀ရွေးကောက်ပွဲရလဒ်ကိုပါ
ပြောင်လှောင်သရော်သလိုဖြစ်လိမ့်မယ်၊ ပြည်ထောင်စုဝန်ကြီးဝန်လေးတွေအခန့် သား တက်ဖြစ်နေကြသူတွေအဖို့  မျက်နှာဓားနဲ့ လှီးဖွယ်သာ ရှိတော့တယ်ဆိုပြီး “ငါတို့ သည်သာ နိုင်ရမည်” လို့  မူ ချလိုက်ကြတယ်။

ဒေါ်စုပါတီ ဘက်ကလည်း “၂၀၁၀ တုန်းက ငါတို့ ဝင်မပြိုင်ခဲ့လို့  ကြံ့ဖွံ့ ပါတီအပြတ်အသတ် အောင်ပွဲခံသွားတာ၊ အခု ကြားဖြတ်မှာ NLD ၀င်လာပြီ၊ကြံ့ဖွံ့ ရှုံးစေရမယ်၊ ပြည်သူလူထုတစ်ရပ်လုံး အုံးအုံးကြွက်ကြွက်ထောက်ခံနေမှတော့ နေရာအပြည့်နိုင်ရမယ် လို့  ကောက်ချက်ဆွဲထားကြပြန်တယ်။ ဘတစ်ပြန်ကျားတစ်ပြန် အနေအထားတောင် မရှိစေရဘူး လို့ ၁၉၉၀ ရွေးကောက်ပွဲတုန်း
ကအတိုင်း လက်ခမောင်းခတ်နိုင်စေရမယ် ဆိုပြီး ဓားကြိမ်းကြိမ်းဝါးနေကြပြန်တယ်။

ကြားဖြတ်ရွေးကောက်ပွဲကို ဒိုင်လုပ်ကျင်းပပေးမယ့် ဦးတင်အေးဦးဆောင်တဲ့ရွေးကောက်ပွဲ ကော်မရှင် ကလည်း “လူသာသေရင်သေမယ် နာမည်အသေမခံနိုင်ဘူးကွ” ဆိုပြီး ဧပြီ (၁)ရက်ရွေးကောက်ပွဲကို လွတ်လပ်သန့် ရှင်းအောင်လုပ်ပေးမယ်လို့  တတွတ်တွတ် အာမခံနေတယ်။ သမ္မတဦးသိန်းစိန်ကလည်း
ကမ္ဘာအနှံ့ က စောင့်ကြည့်ရေးအဖွဲ့ တွေ၊ သတင်းသမားတွေကို ပြည်ဝင်ခွင့်ပေးလိုက်ပြန်တယ်။ ၀င်ရောက်ယှဉ်ပြိုင်တဲ့ပါတီတွေဘက်ကလည်း ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲထက်စာရင် အခု ကြားဖြတ်က ပိုမိုလွတ်လပ်မှုရှိပါလိမ့်မယ်လို့ အစောတလျင် လေပစ်သံတွေကြားနေရပြီ။ စီးပွားရေးပိတ်ဆို့ ထားတာတွေ
ရုပ်သိမ်းပေးဖို့ နဲ့  နိုင်ငံတကာလူမှုရေးအကူအညီတွေ တောင်ပြိုကမ်းပြိုဝင်လာဖို့ ကိစ္စဟာလည်း အခု ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအဖြေနဲ့ ချိတ်ဆက်ထားကြတယ် မဟုတ်လား။ ဒါကို ဦးသိန်းစိန်အစိုးရက ကောင်းကောင်းသဘောပေါက်ပြီး ဘယ်လိုရလဒ်မျိုး ထုတ်ပေးလိုက်တာ အကောင်းဆုံးဖြစ်မလဲဆိုတာ တင်ကြိုတွက်ချက် အကွက်ချထားပြီး ဖြစ်ပါလိမ့်မယ်။

ဒီနေရာမှာ မေ့ချန်ထားလို့  မရတဲ့ ကိစ္စတစ်ခုရှိတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာဝင်ရောက်ဖျော်ဖြေ အသုံးတော်ခံပေးခဲ့တဲ့၊ ကြံ့ဖွံ့ ပါတီ အောင်သေအောင်သားစားတဲ့ပွဲကြီးမှာ စည်စည်ကားကားဖြစ်အောင် ဆင်နွှဲပေးခဲ့တဲ့ ဒီမိုကရက်တစ်ပါတီအချို့ နဲ့ တိုင်းရင်းသားပါတီတွေပါဘဲ။ NLD ပါတီထောက်ခံသူတွေနဲ့ 
NO VOTE သမားတွေရဲ့  “ဒီမိုကရေစီရေးကို သစ္စာဖောက်သွားသူများ” ဆိုတဲ့ဆိုင်းဘုတ်လှိုင်းဒဏ်ပြင်းပြင်း အောက်မှာ နှစ်ဘက်ကြားညှပ်တိုက်ခိုက်ခြင်း ခံခဲ့ရတဲ့ပါတီတွေကို ဘုရားပြီးငြမ်းဖျက် လုပ်ထားလို့ မရပြန်ဘူးဆိုတာ ကြံ့ဖွံ့ အစိုးရသဘောပေါက်ထားတယ်။ ၂၀၁၀ မှာ သူတို့  ပြိုင်ခဲ့လို့ 
ကြည့်ပျော်ရှုပျော်ဖြစ်ခဲ့တာမို့ အခုကြားဖြတ်မှာ “NLD ပါလာပြီ၊ ခင်ဗျားတို့ သွားတော့” လို့  လုပ်ဖို့ မသင့်တော်တာအမှန်ပါဘဲ။ အနည်းအကျဉ်း (၅) နေရာ (၆)နေရာလောက် အနိမ့်ဆုံး ရွေးချယ်ခံ
ရလိမ့်မယ်။

၂၀၁၀ တုန်းက ကြ့ဖွံ့ ပါတီနဲ့ အပြိုင် နေရာအများဆုံး ပခုံးချင်းယှဉ်နိုင်ခဲ့တဲ့ တစည ပါတီကိုလည်း အဆာပြေလေးဖြစ်ဖြစ် ချ ကျွေးဖို့ ရှိနေပါတယ်။ဒါတွေက မမေ့အပ်သောကျေးဇူးတရားကို တုန့် ပြန်တဲ့သဘောဖြစ်ပါတယ်။
၂၀၁၀ လွန်မှ ဖွဲ့ စည်းထူထောင်ခဲ့ပြီး အခု ကြားဖြတ်မှာဝင်ပြိုင်ကြမယ့် ပါတီသစ်တွေအတွက်မျှော်လင့်ချက် မရှိသလောက်ပါဘဲ။

NLD ပါတီအမတ်လောင်းတစ်ဦး အပယ်ခံရပေမယ့် မြတ်ဥာဏာစိုးဘက်ကူးလာတဲ့အတွက် ဒေါ်စုရဲ့ NLD ပါတီဟာ (၄၅)နေရာစလုံး အပြည့်ဝင်ပြိုင်ခွင့်ရတယ်လို့  ယူဆပြီး အာဏာရကြံ့ဖွံ့ ပါတီနဲ့ တန်းတူညီတူ အရေအတွက်ဖြစ်သွားခဲ့တယ်။ နိုင်ငံတကာနဲ့  ပြည်တွင်းလေ့လာဆန်းစစ်သူတွေ အလွန်စိတ်ဝင်
တစားဖြစ်ပြီး ရင်တမမစောင့်ကြည့်နေတဲ့ရလဒ်က “NLD နဲ့ ကြံ့ဖွံ့ဘယ်ဒင်းကအမတ်နေရာ ပိုများများ နိုင်မလဲ” ဆိုတာပါ။ ဒီနေရာမှာ ၂၀၁၀ ရွေးကောက်ပွဲမှာကြံ့ဖွံ့ ပါတီအပြတ်အသတ်အောင်ပွဲခံထားတဲ့ ရလဒ်ကို အထူးဂရုပြုစေချင်ပါတယ်။
လာမယ့်ကြားဖြတ်မှာ အာဏာလက်ကိုင်ရှိထားတဲ့ ကြံ့ဖွံ့ ပါတီသာ ခွက်ခွက်လှန်ရှုံးသွားခဲ့ရင် ၂၀၁၀ မှာ ဒေါ်စုပါတီ မပြိုင်ခဲ့လို့ ဆိုတဲ့ ကောက်ချက်နဲ့ပျစ်ပျစ်နှစ်နှစ် တံတွေးခွက်ပက်လက်မျောမယ့် ကိန်း ဆိုက်လိမ့်မယ်။ ထိုရလဒ်မျိုး ထွက်ပေါ်လာလို့ မဖြစ်ပါဘူး။ ဦးသိန်းစိန်နဲ့ အစိုးရတစ်ဖွဲ့ လုံး ဘယ်လောက်ဒီမိုကရေစီစကားတွေ ပလုံစီအောင်ပြောပြော ပါတီသံယောဇဉ်ဆိုတာ သူတို့ မှာ
ရှိကိုရှိပါတယ်။ ကြံ့ဖွံ့ ပါတီ ပြတ်ပြတ်သားသားအရေးနိမ့်လို့ မဖြစ်တာသေချာပါတယ်။

ထို့ အတူ NLD ပါတီ ခေါင်းမဖော်နိုင်အောင် ရှုံးသွားလို့ မဖြစ်တဲ့ရလဒ်ထွက်ဖို့ အရေးတကြီး လိုအပ် နေပြန်တယ်။ ပါတီမဲဆွယ်စည်းရုံးရေးခရီးစဉ်တွေမှာမြင်တွေ့ ရတဲ့ ဒေါ်စုထောက်ခံသူတွေ ပုရွက်ဆိတ်အုံတမျှ ကျယ်ပြန့် နေတာဟာကြံ့ဖွံ့ ပါတီအတွက် ခေါင်းခဲရတဲ့ပြဿနာတစ်ခုပါ။ သန့် ရှင်းလွတ်လပ်မှု၊ ကြားနေ
ဒိုင်ပီသမှုနဲ့ ကြားဖြတ်ဟာ တရားမျှတပါတယ် ဆိုတဲ့ မှတ်ချက်ပေးသံအတွက်ကြံ့ဖွံ့ ဟာ ဇောချွေးပျံနေပုံ ရပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲရလဒ်မှာ NLD ကိုနေရာများများအနိုင်ရတာ အလိုရှိသူနိုင်ငံများအတွက် ကြားဖြတ်ရွေးကောက်ပွဲအဖြေဟာ “ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ” ဖြစ်မှသာ ဦးသိန်းစိန်အစိုးရ
ရှေ့ ဆက်ရမယ့်ခရီးလမ်း ချောမွေ့ နိုင်မယ်။ ဒါ့အပြင် နောင် (၃)နှစ်အကြာကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် NLD ပါတီကိုရော၊ ကြ့ဖွံ့ ပါတီကိုပါအပြိုင်အဆိုင်မက်လုံးပေးပြီး ပစ်မှတ်ထားဆွဲဆောင်ထားနိုင်အောင် အကြိတ်အနယ်လိပ်ခဲတည်းလည်းနဲ့ ပါတီကြီး နှစ်ပါတီစလုံး
ကျေနပ်လက်ခံနိုင်မယ့်ရလဒ်မျိုးသာ ထုတ်ပေးပါလိမ့်မယ်။ဒေါ်စုနဲ့ဦးသိန်းစိန်တို့ နှစ်ဦးနှစ်ဖလှယ် ပျော်မဆုံးမော်မဆုံးအဖြေမျိုးသာ ထွက်လာပါလိမ့်မယ်။

ပါတီကြီးတစ်ခုခုက၆၅ - ၄၅ ရာခိုင်နှုန်း အစား ၆၅ - ၃၅ ရာခိုင်နှုန်း ခန့် နဲ့အနိုင်ယူသွားပါလိမ့်မယ်။ ပိုပြီး ကြည့်ကောင်းတဲ့အဖြေမျိုး ၅၀ - ၅၀ရာခိုင်နှုန်းအသည်းတယားယား ရင်တဖိုဖို “ဂိန်း“ ဆန်ဆန် ထွက်ပေါ်လာဖို့ တော့ မရှိပါဘူး။
အလဲထိုးချလိုက်တဲ့ ကြိုးဝိုင်းအဖြေမျိုးကိုလည်း မျှော်လင့်မနေစေချင်ဘူး။


အောင်မျိုးထွန်း

၂၇- ၃- ၂၀၁၂

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.