Sunday, August 26, 2012

0 ကချင်ဒုက္ခသည်များကို တရုတ်နိုင်ငံ အတင်းပြန်ပို့

ယန်လုစခန်းနှင့် လောင်းဖိုင်စခန်းမှ ဒုက္ခသည်တွေကို နေလို့ မရအောင် အတင်းအကြပ် အင်အားသုံးပြီး မောင်းထုတ်တဲ့အပြင် ဒုက္ခသည်တွေ ခိုလှုံနေထိုင်တဲ့ အဆောက်အအုံတွေကို ပါ နောက်ထပ်နေလို့ မရအောင် တစ်စစီ ဖျက်ဆီးပစ် တဲ့ ယုတ်မာတဲ့ တရုတ်အစိုးရ ရဲ့ လုပ်ရပ်
Photo..Jade land
(BBC News မှ 24 August 2012 ရက်စွဲပါ “China forcing Kachin refugees back to Burma” သတင်းကို ဘာသာပြန်ဆိုသည်)

တိုက်ပွဲဖြစ်ပွားနေသော မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှ ထွက်ပြေးလာကြသော ကချင်ဒုက္ခသည် များအား အဓမ္မ အတင်းပြန်ပို့ခြင်းကို ရပ်ဆိုင်း ရန် တရုတ်နိုင်ငံရဲ့ လူအခွင့်အရေးအုပ်စုက တောင်းဆိုလိုက်ပြီး ဒုက္ခသည်များအား ညှင်းပန်းနှိပ်စက်မှု ၊အကြမ်းဖက်မှုတို့ကို ရင်ဆိုင်နေရကြောင်း ပြောကြားလိုက်သည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သောအပတ်အတွင်း ဒုက္ခသည် အနည်းဆုံး ၁၀၀၀ခန့်ကို မြန်မာနိုင်ငံဘက်သို့ နှင်ထုတ်ခဲ့သည်ဟု နယူးယောက်အခြေစိုက် Human Rights Watch အုပ်စုက စွပ်စွဲပြောကြားသည်။

ယူနန်ပြည်နယ်အတွင်းရှိ ယာယီတဲစခန်းများမှ နောက်ထပ်ဒုက္ခသည် ၄၀၀၀ခန့်ကို ပြန်ပို့ရန်စီစဉ် နေသည်ဟု Human Right Watch ကပြော ကြားသည်။

မြန်မာ့တပ်မတော်နှင့်ကချင်တပ်ဖွဲ့များအကြား မနှစ်ကတိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သောကြောင့် ကချင်ပြည်နယ်တွင် ၁၇နှစ်ကြာ အပစ်အခတ် ရပ်စဲသွားခဲ့သည်။

တရုတ်နိုင်ငံသည် ကချင်ဒုက္ခသည်များကို ပြန်လည်မောင်းထုတ်ခြင်းအားဖြင့် နိုင်ငံတကာဆိုင်ရာ လိုက်နာရမည့် ဝတ္တရားများ ကိုချိုးဖောက် နေသည်ဟု လူ့အခွင့်အရေးအုပ်စုက ပြောကြားသည်။

Human Rights Watch အုပ်စု၏ ဒုက္ခသည် အစီအစဉ် ဒါရိုက်တာ ဘီးဖရီးလစ်ခ်က “တရုတ်နိုင်ငံအနေဖြင့် ယခုကိစ္စကို အရေးပေါ် ပြောင်းလဲ လုပ်ဆောင်ကာ ဒုက္ခသည်များအား ယာယီအကာအကွယ်ပေးမှု ဆောင်ရွက်ပေးသင့်သည်”ဟု တိုက်တွန်းပြောကြားသည်။

အတင်းအကြပ် ပြန်ပို့ခံရသော ဒုက္ခသည်များသည် ယူနန်ပြည်နယ် ရှိယာယီစခန်းများတွင် ၂၀၁၁ဇူလိုင်လကစ၍ နေထိုင်ခဲ့ကြသူများ ဖြစ်သည်ဟု Human Right Watch ၏ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ယူနန်ပြည်နယ်တွင် ခိုလှုံနေသည့် အရေအတွက် ၇၀၀၀နှင့်၁၀၀၀၀ကြားရှိသော ဒုက္ခသည်များထံသို့ ကုလသမဂ္ဂနှင့် နိုင်ငံတကာ ကယ်ဆယ်ရေး အေဂျင်စီများအား သွားရောက်ခွင့်ပေးရန် ကိစ္စကို လည်းတရုတ်နိုင်ငံက ငြင်းဆန်ထားသည်ဟု Human Rights Watch ကထုတ်ဖော် ပြောကြားသည်။

Human Rights Watch ကဇွန်လတွင် ထုတ်ပြန်သော ၆၈ မျက်နှာပါ အစီအရင်ခံစာတွင် တရုတ်နိုင်ငံရောက် ကချင်ဒုက္ခသည်များအတွက် အစားအစာ၊ အမိုးအကာ ၊ရေနှင့် သန့်ရှင်းရေးကိစ္စ တို့ အကန့်အသတ် ရှိနေသည်ဟု တင်ပြထားသည်။

ကချင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့ အပြန်အလှန် တိုက်ခိုက်မှုကြောင့် ထောင်ပေါင်းများစွာသော ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရသည်။ လူ့အခွင့်အရေး ညှင်းပန်းနှိပ်စက်မှုနှင့် ပတ်သက်သည့် သတင်းများစွာလည်း ထွက်ပေါ် လျက်ရှိသည်။

ဤလက်နက်ကိုင် ပဋိပက္ခသည် စစ်အုပ်ချုပ်ရေးကြောင့် ယိုယွင်းနေသော မြန်မာနိုင်ငံကို အသွင်ကူးပြောင်းရန် ကြိုးစားနေသည့် အရပ်ဖက် အစိုးရသစ် ရင်ဆိုင်နေရသော အကြီးအမားဆုံး စမ်းသပ်မှုများထဲမှ တစ်ခုဖြစ်သည်ဟု ဘီဂျင်းမှ ဘီဘီစီသတင်းထောက် မာတင်ပေးရှင့် ကတင်ပြထား သည်။

Yangon chronicle

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.