Thursday, August 30, 2012

0 ပြည်တော်ပြန်ရှေ့နေ ထောင် ၆ လကျ


သမတကြီးက ခေါ်ပေမယ့် သူတို့ ထုတ်ထားတဲ့ ဥပဒေက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး
နိုင်ငံတော်သမ္မတရဲ့ ပြည်ပရောက် မြန်မာတွေပြန်လာကြဖို့ ဖိတ်ခေါ်ချက်နဲ့ ပြန်သွားတဲ့ ရှေ့နေ ဦးစောကျော်ကျော်မင်းကို မြောက်ပိုင်းခရိုင် တရားသူကြီးက မူလအမှုဟောင်းကို စစ်ဆေးပြီးတဲ့နောက် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၆ လ စီရင်ပါတယ်။
၂၀၀၈ခုနှစ်အတွင်းက နိုင်ငံရေးမှုဖြင့်ဖမ်းဆီးရသူတွေရဲ့အမှုကိုလိုက်ပါကူညီဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေစောကျော်ကျော်မင်းသည် ရှေ့နေကိုညီညီထွေးနှင့်အတူ NLD ပါတီအဖွဲ့ဝင် ကိုသန့်ဇင်ဦးနှင့် (၁၁)ဦး၏အမှုအား ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် တရားရုံးမှာ အမှုလိုက်ပါဆောင်ရွက်စဉ်အတွင်း တရားခံစွပ်စွဲခံရသူများမှ တရားရုံးအား ကျောပေးထိုင်ခဲ့ခြင်းကို တရားသူကြီးမှ ရှေ့နေဖြစ်သူ၂ဦးအား တရားခံများ ရှေ့ဘက်သို့လှည့်ထိုင်ရန် ပြောကြားခဲ့သည်။ ထိုသို့တရားသူကြီးပြောကြားချက်သည် "တရားခံတွေ၊ စွပ်စွဲခံရသူတွေရဲ့ ညွှန်ကြားချက်နဲ့အညီ လိုက်ပါဆောင်ရွက်ရတာဖြစ်တယ်။
အဲဒီအတွက်စွပ်စွဲခံရသူတွေကိုယ်တိုင် ပြုမူဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီးကျနော်တို့အနေနဲ့ ဘာမှ ၀င်ရောက်စွက်ဖက် ပြောဆိုလိုခြင်းမရှိဘူး"ဟု စောကျော်ကျော်မင်းနှင့်ညီညီထွေးတို့မှ ပြန်လည်ပြောကြားခဲ့သည့်အတွက် လှိုင်သာယာမြို့နယ်တရားသူကြီးက ရှေ့နေ ၂ဦးအား တရားရုံးမထေ့မဲ့မြင်ပြုမှုဖြင့်တရားစွဲခဲ့ခြင်းဖြစ်သည်။
တရားရုံးမှထိုအမှုအတွက်တရားရုံးမှ ထောင်ဒါဏ်၆လချမှတ်ခဲ့သော်လည်း ရှေ့နေစောကျော်ကျော်မင်းသည် ပြစ်ဒါဏ်ကိုရှောင်တိမ်းပြီး ထိုင်းနယ်စပ်သို့ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးက ချမှတ်လိုက်တာလို့ တရားခွင်ကို သွားနားထောင်တဲ့ ဦးစောကျော်ကျော်မင်းရဲ့ မိတ်ဆွေ ရှေ့နေ ဦးညီညီထွေးက ပြောပါတယ်။

“မြောက်ပိုင်းခရိုင်တရားသူကြီးက စွဲဆိုထားတဲ့ ပြစ်မှုဆိုင်ရာပုဒ်မ ၂၂၈ ပါ တရားစီရင်တဲ့ ပြည်သူ့ဝန်ထမ်းကို အနှောင့်အယှက် ပေးတယ်ဆိုတဲ့ စွပ်စွဲချက်ပဲ ဖြစ်ပါတယ်။ ကိုစောကျော်ကျော်မင်းရဲ့ အပြုအမူတွေဟာ ဒီစွပ်စွဲချက်နဲ့ အကျုံးဝင်တယ်၊ ပြစ်မှုထင်ရှားတယ် ဆိုပြီးတော့ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၆ လ ချလိုက်ပါတယ်”လို့  ပြောပါတယ်။

ဦးညီညီထွေးဟာ ဒီအမှုမှာ အမှုတွဲဖြစ်ပြီး ထောင်ဒဏ် ၆ လ ကျခံခဲ့ပြီးဖြစ်ပါတယ်။ ဦးစောကျော်ကျော်မင်းကတော့ ပြည်ပကို ရှောင်တိမ်းနေရာက ဒီနှစ် ၅ လပိုင်းမှာ မြန်မာပြည်ကို အပြန်မှာ အမှုရင်ဆိုင်ရတာပါ။

သူတို့နှစ်ဦးဟာ ၂၀ဝ၈ ခုနှစ်တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ၁၁ ဦး ဘက်ကနေ ရှေ့နေ လိုက်ပါဆောင်ရွက်စဉ်က တရားခွင်မှာ အချေအတင် ပြောဆိုတဲ့အပေါ် ပြည်သူ့ဝန်ထမ်းကို အနှောင့်အယှက် ဖြစ်စေတယ်ဆိုတဲ့ ပုဒ်မနဲ့ စွဲဆိုခဲ့တာ ဖြစ်ပါတယ်။

မနက် ၁၀ နာရီခွဲခန့်မှာ အမှုစီရင်ပြီးတဲ့နောက် ဦးစောကျော်ကျော်မင်းကို အင်းစိန်ထောင်တွင်းမှာ ချုပ်နှောင်ထားလိုက်ပြီဖြစ်ပါတယ်။

ဒီထောင်ဒဏ်ချမှတ်မှုအပေါ် ရှေ့နေ ဦးညီညီထွေးက “ဒီလိုအမှုမျိုးဟာ ဒဏ်ငွေ ၂၀ဝ လောက်ရိုက်ပြီးတော့ လွှတ်ပေးလိုက်လို့ ရတဲ့အမှုမျိုး ဖြစ်ပေမယ့် အောက်ရုံးတရားသူကြီးက အမှုကို မကြီးကြီးအောင်လုပ်ပြီးတော့ တခမ်းတနားနဲ့ အဲဒီပုဒ်မနဲ့ အရေးယူနိုင်အောင် လုပ်တဲ့အမှု ဖြစ်တယ်” လို့ ဆိုပါတယ်။

ဒီအမှုကို အယူခံဆက်တက်မယ်လို့ ဦးညီညီထွေးက ပြောပါတယ်။ ဒီအမှုကို ရှေ့နေ ဦးစောကျော်ကျော်မင်းဟာ သူကိုယ်တိုင် လျှောက်လဲသလို ရှေ့နေတဦးကိုလည်း ငှားရမ်းလိုက်ပါစေခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့စီရင်ချက်နဲ့ပတ်သက်လို့ ရှေ့နေဦးညီညီထွေးက“မြန်မာနိုင်ငံကတရားခွင်တွေမှာ ဖြစ်ပျက်တဲ့ပြဿနာပေါ်မှာ ရှေ့နေတွေ၊ အမှုသည်တွေပဲ အရေးယူခံရတာမျိုးရှိပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာက ပုဂ္ဂိုလ်တွေ ပါဝင်ပတ်သက်လာတာမျိုးတို့လို၊ တရားသူကြီးတွေရဲ့ အပြုအမှုနဲ့ ပတ်သက်တာမျိုးတွေနဲ့ ပတ်သက်လို့ အရေးယူ အပြစ်ပေးနေတာမျိုး မတွေ့ရဘူး” လို့ ဝေဖန်ပါတယ်။

အဲဒီနေ့က ဒီအမှုဖြစ်စဉ်မှာ ပါဝင်ပတ်သက်တဲ့ ရဲအရာထမ်း၊ အမှုထမ်းကိုလည်း အခုထိ တစုံတရာ အရေးယူမှုမရှိဘူးလို့ ဦးညီညီထွေးက ပြောပါတယ်။

DVB

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.