Tuesday, August 28, 2012

0 ခေတ်သစ် ဖွံ့ဖြိုးရေးပါရာဒိုင်း ပါမောက္ခ ဖူကူယားမား၏ ပို့ချချက် - နှင့် စာရေးသူ၏အတွေးအချို့ (ကျော်ဝင်း)

(ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)
အပြောင်းအလဲ၏ လတ်တလောအရသာ

မြန်မာပြည်ပြောင်းပါပြီ။ ဤအပြောင်းအလဲကို၊ ပြည်တွင်းပြည်ပရှိ၊ သဘောထားတင်းမာသူ အချို့ကပင်၊ သိမှတ်လက်ခံလာကြ ပါပြီ။ ယခင်ကဆိုလျင်၊ လူအရှင်လတ်လတ်မဆိုနှင့်၊ သူတို့စာတွေကိုပင်၊ မရဲတရဲ မိတ်ဆက်နေကြရသော၊ ကမ္ဘာသိ ပညာရှင်တွေ၊ ဝင်လာ မဆဲ၊ တသဲသဲ ရှိလာသည်။ ယခုနှစ်ပိုင်း ၂၀၁၂ ကိုပဲကြည့်။ ထောမတ်ကရိုသာ၊ မန်မိုဟန်ဆင်း၊ ပေါ(လ)ကိုလီယာ၊ လာရီဒိုင်းမွန်း၊ … အခု ဖရန်စစ် ဖူကူယားမား …။ အားလုံးမှာ စာရေးသူ ဒိုင်ခံမိတ်ဆက်ပေးနေသည့် ပညာရှင်တွေချည်း …။ သူတို့စာတွေ ဖတ်ရင်း၊ အဝေးက ကြည်မော နေရသူအနေနှင့် သူတို့နှင့်တွေ့ချင်ဆုံချင်သည်။ မေးချင် မြန်းချင်သည်။ ကြားချင် နာချင်သည်။ သို့တစေ၊ ဖိတ်စာမရ၍၊ အကုန်လုံးနှင့်တော့ တွေ့ခွင့်မရ။ သည်တစ်ခါ၊ ဖူကူယားမားကိုတော့၊ မင်္ဂလာမြန်မာ ဇနီးမောင်နှံ ကျေးဇူးကြောင့်၊ တွေ့ခွင့်ဆုံခွင့်ရသည်။ သူ့ပို့ချချက်ကို ကြားနာခွင့်ရသည်။ အရတော်လေစွ။ ကျေးဇူးအထူးပါ မင်္ဂလာ မြန်မာ …။

စာရေးသူရောက်တော့၊ ခန်းမအပြည့် ပရိတ်သတ်တွေရောက်နှင့်နေပြီ။ တော်တော်များများက လူငယ်တွေ။ ပါမောက္ခပို့ချချိန် မှာရော၊ မေးမြန်းခွင့်ပေးချိန်မှာရော၊ အားတက်ရွှင်လန်း၊ ပညာဆာလောင် မျက်နှာတွေကို သတိပြုမိသည်။ လွန်ခဲ့သော ဆယ်နှစ်ဝန်းကျင်၊ ဖူကူယားမား၏ စာတွေကို မိတ်ဆက်ပေးစဉ်က၊ ကြုံခဲ့ရသော အဖြစ်သနစ်တွေကို တွေးမိတော့ပြုံးရသေးသည်။ လူ့သမိုင်း၏ အိုင်ဒီအိုလို ဂျီတိုက်ပွဲတွင်၊ ကွန်မြူနစ်ဝါဒ အရေးနိမ့်သွာပြီ ဆိုသော၊ သူ့ကောက်ချက်ကို တဆင့်ပြန်ပြောမိ၍၊ လက်ဝဲဆရာတွေက၊ အအုပ်အသင်းဖွဲ့ ကာ ဝိုင်းတွယ်ကြသည်။ အချို့က၊ အမေရိကန် mouthpiece ဟုစွဲချက်တင်ကာ ချွန်တွန်းလုပ်ကြသည်။ နိုင်ငံခြားရောက် ပညာတတ်မြန် မာ စာရေးဆရာတစ်ယောက်ကဆိုလျင် ‘ဖူကူယားမားဆိုတာ၊ အိမ်ဖြူတော်အတွက် ဆွမ်းကြီးခံထွက်နေတဲ့ ဖိုးသူတော်ပါ ’ စသဖြင့် ခပ် ရမ်းရမ်းမှတ်ချက်ပြုသည်။ အခုတော့ အမြင်တွေပြောင်းသလောက် ပြောင်းပြီ ထင်ပါသည်။ အထူးသဖြင့် လူငယ်တွေ …။ ၂၁ ရာစုခေတ် တွင် မိမိတိုင်းပြည်ဖွံ့ဖြိုးရေးကို မျက်နှာမူသူတိုင်း၊ စစ်အေးခေတ် အစွဲတွေ ခဝါချရတော့မည် မဟုတ်ပါသလော…။

လူငယ်တွေကြားတွင်၊ လူကြီးအချို့ကိုလည်းတွေရရာ၊ ပို၍ပင်အားတက်မိသည်။ ပါတီအဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူ များ။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှလည်း ပါသည်။ USDP ၊ NLD ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) နှင့် တိုင်းရင်းသားပါတီများ …၊ အတော်စုံပါသည်။ စာရေးသူက၊ နိုင်ငံရေးသမားဆိုလျင်၊ အာဏာရပါတီမှဖြစ်စေ၊ အတိုက်အခံပါတီများမှဖြစ်စေ၊ မိမိမလုပ်နိုင်သော အလုပ်တွေကို တာဝန်ယူနေကြသူများဖြစ်၍၊ လေးစားတန်ဖိုးထားသည်။ ယခုပွဲတွင် သူတို့နှင့် သိကျွမ်း ခင်မင်ခွင့်ရ၍ ဝမ်းသာသည်။ ထို့ထက်၊ သူတို့အားလုံးက ပါမောက္ခ၏ ဖွံ့ဖြိုးရေးဘာသာရပ်ကို စိတ်ဝင်တစား နားစွင့်နေကြသည်ကို မြင်ရရာ၊ အနာဂတ်အတွက်၊ အမှန်ပင်အားတက်မိသည်။ တစ်ခုပဲ ဝမ်းနည်းမိသည်မှာ၊ ဖူကူယားမား၏ စာတွေကို၊ ပထမဆုံး ဦးဆောင်မိတ်ဆက်ပေးခဲ့သူ၊ ဆရာကြီး မောင်စူးစမ်းကို မတွေ့ရခြင်းပင်။ ဆရာမှာ ကျွန်တော်တို့၏ pioneer ဟု စာရေးသူက ခံယူထားသည်။


ကျောင်းဆရာ၏ ရိုးသားမှု၊ ပညာရှင်၏ထက်မြက်မှု

(ပါမောက္ခ၏ ပို့ချချက်)

ဖရန်စစ် ဖူကူယားမားမှာ ဓာတ်ပုံတွေထဲက အတိုင်းပင်။ အရပ်ပြတ်ပြတ်၊ ( နိုင်ငံခြားစံချိန်နှင့်ဆိုလျင် - ပုသည် ဟူ၍ပင် ဆိုနိုင်မည်ထင်သည်။ ) မျက်နှာဝိုင်းဝိုင်း၊ အပြုံးချိုချို။ ပါမောက္ခတို့၏ အမှတ်အသားပေပဲလားမသိ။ ထိပ်ကတော့ အတော်ပြောင်သည်။ အဝတ်အစားမှာလည်း တောက်တောက်ပပကြီးမဟုတ်။ ကာကီရောင်ဘောင်းဘီတွန့်တွန့်ကြေကြေ။ မိုးပြာရောင်ရှပ်လက်ရှည် ခပ်နွမ်းနွမ်း။ ပန်းနုဖျော့ဖျော့လည်စည်းတော့ပါသည်။ Lecture စတော့မှ အပေါ်ကုတ်အင်္ကျီ ထပ်ဝတ်သည်။ စကားပြောတော့လည်း၊ တမင်ဖန်တီးထားသော တက်သံကျသံတွေနှင့် တက်ထောင်မောင်းနင်းမဟုတ်။ မိုက်ခရိုဖုန်းကိုင်၊ လမ်းလျှောက်ရင်း အေးအေးသက်သာ ပင် ပြောသည်။ သို့တိုင်၊ ပီသည်၊ ရှင်းသည်၊ စကားလုံးအတိအကျရွေးချယ်သုံးသည်။ တကယ့်ကို ရိုးရှင်းသည့် ကျောင်းဆရာတစ်ယောက် ၏ ဟန်ပန်။ သူ၏ ပို့ချချက်တွင်ကား၊ ပညာရှင်တစ်ယောက်၏ ထက်မြက်မှုကို၊ အထင်းသားမြင်နေရသည်။

သူ့ပို့ချချက်ခေါင်းစဉ်မှာ၊ “What Is Development” ယနေ့မြန်မာ့နိုင်ငံရေး အခင်းအကျင်းနှင့် ချိန်ခါသင့် အကြောင်းအရာဟု ထင်သည်။ ပထမဆုံး၊ ‘ဖွံ့ဖြိုးရေး’ ဆိုသည်၏ အဓိပ္ပါယ်ကို ဇီဝဗေဒ ရှုထောင့်မှ စတင်ကာ၊ စီးပွားရေး၊ နိုင်ငံရေး အဆင့်များထိ ရှင်းလင်း ဖွင့်ဆိုပြသည်။ နောက်- ဖွံ့ဖြိုးရေး၏ မျက်နှာစာများကို ယခုလို ခင်းပြသည်။ ပုံ (၁) ကိုကြည့်ရန်။

‘စီးပွားရေးတိုးတက်မှု’(Economic Growth) ဆိုရာတွင် ၊ ‘နက်ရှိုင်းသော စီးပွားရေးတိုးတက်မှု’ (intensive economic growth) နှင့် ‘ကျယ်ပြန့်သော စီးပွားရေးတိုးတက်မှု’ (extensive economic growth) အဖြစ် ခွဲခြားဖွင့်ဆိုပြီး၊ နက်ရှိုင်းသော စီးပွားရေးတိုးတက်မှု၏ အရေးပါပုံကို ထောက်ပြသည်။ ပြီးမှ၊ ‘လူမှုရေးနိုးကြားလှုပ်ရှားလာမှု’ (Social Mobilization) ၏ အဆက် အစပ်ကိုရှင်းသည်။ အရေးအကြီးဆုံးနှင့် အထူးခြားဆုံး ဖြစ်ထွန်းတိုးတက်မှုဟု မှတ်ချက်ပြုသော ‘နိုင်ငံရေးဖွံ့ဖြိုးမှု’ (Political Development) ကိုမူ အင်စတီကျူးရှင်းသုံးရပ်ဖြင့် သရုပ်ခွဲစိစစ်ပြသည်။ နယ်ပယ် ပိုင်နက်တစ်ခုအတွင်း၊ နိုင်ငံတော်အာဏာကို ထိထိရောက်ရောက်အသုံးပြုနိုင်ရေးအတွက် ‘နိုင်ငံတည်ဆောက်ရေး’ (State Building) ။ အဆိုပါ နိုင်ငံတော် အာဏာကို ကန့်သတ် ထိန်းချုပ်ရေးအတွက် ‘တရားဥပဒေ စိုးမိုးမှု’ (Rule of Law)။ လူထုဆန္ဒကို အခြေခံသော၊ လူထုအကျိုးစီးပွားကို တာဝန်ခံနိုင်စွမ်းရှိသော အစိုးရဖြစ်စေရေးအတွက် ‘ဒီမိုကရေစီ’ (Democracy) ၊ ဆိုခဲ့ပါ အင်စတီကျူးရှင်းသုံးရပ်၏ အဆင့်ဆင့်ဖြစ်ထွန်းမှုများကို၊ သမိုင်းခေတ် များနှင့်ယှဉ်၍ ရှင်းပြသည်။ နောက်ဆုံးတွင်မှ၊ စတုတ္ထမျက်နှာစာ၊ ‘အတွေးအမြင်များနှင့် တရားနည်းလမ်းကျမှု’ (Ideas and legitimacy) ၏အရေးပါပုံဖြင့် အနားသတ်ပါသည်။

ခေတ်ပြိုင်နှင့်မြန်မာ

(စာရေးသူ၏အတွေး)
ဤသို့ဖွံ့ဖြိုးရေး၏မျက်နှာစာများကို၊ ဖြန့်ခင်းရှင်းပြပြီးတော့မှ၊ အဆိုပါ မျက်နှာစာအသီးသီး၏ အပြန်အလှန်ကျေးဇူးပြုကြပုံများ ကို၊ နိုင်ငံတကာ အတွေ့အကြုံများနှင့် ဆက်စပ်သုံးသပ်ပြပါသည်။ သို့နှင့်တိုင်၊ နိုင်ငံတစ်ခုနှင့်တစ်ခုထပ်တူမကျနိုင်ကြသည်ကိုမူ၊ အသေ အခြာ သတိပေးသည်။ ထိုသည်၏ နောက်မှ ခေတ်သစ်ဖွံ့ဖြိုးရေးပါရာဒိုင်းအဖြစ် ၁၉၅၄ မှ ၁၉၉၉ အတွင်း တောင်ကိုရီးယားပုံစံကို ထုတ်ပြ ပြီး၊ မြန်မာနိုင်ငံ၏ အားကောင်းချက် အားနည်းချက်များကို ခပ်ပါးပါးထောက်ပြပါသည်။ စာရေးသူအတွက်တော့၊ တွေးစရာတွေတစ်ထော ကြီး လျှံကျလာပါတော့သည်။

(ပုံ ၂ နှင့် ဆက်စပ်ဖတ်ဖို့ဖြစ်ပါသည်။)

တောင်ကိုရီးယားနိုင်ငံမှာ၊ ကွန်ဖျူးရှပ် အစဉ်အလာအမွေကောင်းနှင့် ဂျပန်ကိုလိုနီကာလ (၁၉၀၅ - ၄၅)အတွင်းပေါ်ထွက်ခဲ့သော ခေတ်သစ်အင်စတီကျူးရှင်းများ၏အကျိုးဆက်ကြောင့် နိုင်ငံတည်ဆောက်ရေးအားကောင်းသည်။ သို့နှင့်အမျှ ကိုရီးယားစစ်ပွဲအပြီးတွင်၊ မြန်နှုန်းမြင့်စီးပွားရေး တိုးတက်မှုကို တွန်းတင်နိုင်ခဲ့သည်ဟု ဆိုပါသည်။ မြား ၁ ကိုကြည့်ရန်ဖြစ်သည်။

(ဤသို့ဆိုလျင်ကွန်ဖျူးရှပ်ဓလေ့ရော၊ဂျပန်ကိုလိုနီအတွေ့အကြုံပါရှိသည့် မြောက်ကိုရီးယားတွင်ကော ဘာ့ကြောင့် ဤသို့ဖြစ်မလာပါ သနည်း- စာရေးသူ ကိုယ့်ဖာသာမေးခွန်းထုတ်ကြည့်နေမိသည်။ အဖြေမှာ၊ ‘ဈေးကွက်’ ဖြစ်လိမ့်မည်ထင်သည်။ ကွန်ဖျူးရှပ်ဓလေ့၏ မွေး ရပ်မြေ၊ တရုတ်ပြည်ကြီးတွင်း ဈေးကွက်မရှိသော ‘မော်’ ခေတ်က၊ စီးပွားရေးတိုးတက်မှုမရခဲ့ဘဲ၊ ဈေးကွက်ကို ခွင့်ပြုပေးခဲ့သော ‘တိန့်’ ခေတ်ရောက်မှ၊ စီးပွားရေးတိုးတက်လာသည်မှာ၊ ဤသဘောပင်ဖြစ်လိမ့်မည်လား၊ စဉ်းစားမိသည်။)

အဆိုပါစီးပွားရေး တိုးတက်မှုကြောင့်၊ ပညာရေးရေချိန်မြင့်ကာ၊ လူမှုရေးအရ နိုးကြားလှုပ်ရှားမှုများ အားကောင်းလာသည်။ (မြား - ၂) ၊ ဤသည်၏ အကျိုးဆက်အဖြစ် ဒီမိုကရေစီသို့ ဦးတည်လာသည် (မြား ၃) ကို ပါမောက္ခကဆက်ရှင်းသည်။ သို့တစေ တရုတ်ပြည်တွင်ကား၊ ယခုထက်တိုင် ‘မြား ၃’ ပျောက်ဆုံးနေဆဲဟု ထောက်ပြသည်။ (ဤသို့ - ဘာကြောင့် ဖြစ်ရသည်ကို၊ ဥာဏ်မီသမျှ တွေးကြည့်ရာ၊ တောင်ကိုရီးယား၏ အားကောင်းသော ‘အရပ်ဘက်အဖွဲ့အစည်းများ’ (civil society) ကိုဆင်ခြင်မိသည်။ တရုတ်ပြည်တွင်ကား၊ အရပ်ဘက်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုကို ဇက်ကြိုးသတ်ထားခဲ့သည်။) တောင်ကိုရီးယား မိုဒယ်တွင်၊ ဒီမိုကရေစီအပြောင်းအလဲနှင့် မြန်နှုန်းမြင့် စီးပွားရေးတို့၊ ပေါင်းဆုံမိရာမှ၊ ‘တရားနည်းလမ်းကျမှု’ ခိုင်မာအားကောင်းလာသည်။ (မြား - ၄ နှင့် ၅) တစ်ပြိုင်နက်တည်းမှာပင်၊ စီးပွားရေးတိုးတက်မှုကရော၊ ဒီမိုကရေစီနိုင်ငံရေးစနစ်ကပါ၊ တရားဥပဒေစိုးမိုးမှုကို ကူညီအားဖြည့်ခဲ့ကြသည်။ (မြား - ၆ နှင့် ၇)၊ မြား ၃ ၊ ပျောက်ဆုံးသွားသော တရုတ်ပြည်ကြီးတွင်ကား ဤအကျိုးဆက်များ ဘာမှ ဖြစ်မလာခဲ့ - ဟု ပါမောက္ခက နှိုင်းယှဉ်သုံးသပ်ပြပါသည်။

စာရေးသူမှာ၊ သူဖွင့်ဆိုပြသော၊ ခေတ်သစ်ဖွံ့ဖြိုးရေးပါရာဒိုင်း(တောင်ကိုရီးယားမိုဒယ်) ပေါ်တွင်၊ မြန်မာပြည်ကို တင်ကြည့်နေမိ သည်။ မြန်မာနိုင်ငံတွင်၊ ကွန်ဖျူးရှပ် အသီးအပွင့်ဟု ဆိုနိုင်သော ‘အရည်အချင်းလိုက်မြှောက်စားသည့်စနစ်’ (meritocracy) မျိုး၊ အစဉ်အလာအရပင်အားမကောင်း။ ၎င်းနှင့် ဆန့်ကျင်စွာပင်၊ ‘သားတူညီများကောင်းစားရေးဝါဒ’ (nepotism) နှင့် ‘လက်သင့်ရာ စားတော်ခေါ်ဝါဒ’ (cronism)တို့သာ ခေတ်အဆက်ဆက်ထွန်းကားခဲ့သည်။ ဤသို့တပြီကား၊ မြန်မာ့ဖွံ့ဖြိုးရေးကို၊ ဘယ်မျက်နှာစာမှ စတင်ရမည်နည်း။ အတွေးများဖြင့်လုံးလည်လိုက်နေစဉ်မှာပင်၊ ပါမောက္ခက၊ ချိန်ခါသင့်အဖြေထုတ်ပြသည်။ ‘လူမှုရေးအရ နိုးကြားလှုပ်ရှားလာမှု’ ။ ဟုတ်သည်ကော။ မြန်မာနိုင်ငံ၏ ကျောင်းသားလှုပ်ရှားမှုမှာ အာရှဒေသသာမဟုတ်၊ ကမ္ဘာသိဖြစ် သည်။ မြန်မာ့နိုင်ရေးအချိုးအကွေ့တိုင်း ကျောင်းသားလှုပ်ရှားမှုမှ စသည်ဟုဆိုနိုင်သည်။

သို့နှင့်တိုင်၊ စာရေးသူအတွက်၊ တွေးစရာတွေကား မဆုံးသေးပါ။ အမျိုးသားလွတ်လပ်ရေး တိုက်ပွဲတွင် စတင်သန္ဓေတည်ပြီး၊ စစ်အေးခေတ်ကြီးကို ဖြတ်ခဲ့ရသော၊ ကျွန်တော်တို့ ကျောင်းသားလှုပ်ရှားမှုမှာ၊ ‘လှုံ့ဆော်နိုင်ငံရေး’ (agitated politics) ကဲနေသလား စဉ်းစားဖို့ရှိသည်။ ဒီမိုကရက်တစ်အတွေးအမြင်များဖြင့် ပုံဖော်ကြရမည်။ ‘ရည်မှန်းချက်ရှိရှိ နိုင်ငံရေး’ (deliberate politics) သို့တက်လှမ်းနိုင်ဖို့ လုံးပမ်းရဦးမည် ထင်ပါသည်။ ဆက်လက်ပြီး ပါမောက္ခက၊ မြန်မာ့ဖွံ့ဖြိုးရေးဖြစ်စဉ် အတွက် အားနည်းချက်ဖြစ်ဖွယ် ရှိသည်မှာ၊ ‘လူမှုအရင်း’ (social capital) အားနည်းမှု- ဖြစ်မည်ထင်ကြောင်း တွေးတွေးဆဆပြောသည်။ ဟုတ်တာပေါ့ …။ လူမှုအရင်းအားနည်း၍၊ ‘ယုံကြည်မှုအချင်းဝက်’ (radius of trust) တို၊ ‘ဂိုဏ်းဂဏဝါဒ’ (factionalism)ရှေ့ရောက် …။ စိတ်မသက်မသာ တွေးနေဆဲမှာပင်၊ ပါမောက္ခက သူပို့ချချက်ကို နိဂုံးချုပ်လိုက်သည်။ ‘မေးလိုသမျှ မေးကြပါ’ …။

ပတိရူပ နိဒါန်း

မေးခွန်းမေးသူအများစုမှာလည်း၊ လူငယ်တွေသာဖြစ်နေသည်။ သူတို့က မြန်မာ့နိုင်ငံရေးအပြောင်းအလဲ အပေါ်၊ ပါမောက္ခ၏ အမြင်ကို သိလိုကြဟန်တူသည်။ ပါမောက္ခ ကတော့ ပညာရှင်ပီပီ သိမ်သိမ်မွေ့မွေ့ပဲဖြေပါသည်။ သို့တစေ သူ့အဖြေက ထိမိသည်။ မေးမြန်းသူတွေ ဘဝင်ကျသွားဟန်ရှိသည်.

စာရေးသူတွင်၊ လူငယ်အချို့က၊ ကိုယ်စားမေးပေးဖို့ ပေးထားသော၊ မေးခွန်းအချို့ရှိသည်။ စာရေးသူကိုယ်တိုင်လည်း မေးချင်တာအချို့ရှိသည်။ သို့တိုင်အောင်၊ မမေးဖြစ်ခဲ့ပါ။ အချိန်နည်းသည်က တစ်ကြောင်း၊ မေးကြမြန်းကြသည့် လူငယ်တွေကို ဦးစားပေးလို၍ တစ်ကြောင်း၊ ဘာမှမမေးပဲ၊ ပီတိဖြင့်သာ နားထောင်နေခဲ့ပါသည်။

သည်လိုနှင့်၊ နှစ်လရှည်ကြာ၊ ပျောက်ဆုံးနေသောအပျော်တွေ၊ တစ်ပွေ့တစ်ပိုက်ဖြင့်၊ ထိုနေ့က အိမ်ပြန်ဖြစ်ခဲ့သည်။ မင်္ဂလာတရားတော်လာ ‘ပတိရူပ၊ ဒေသဝါသောစ …’ ဆိုသည်ကို နှလုံးသွင်းရင်း၊ စိတ်ကူးဖြင့် အားတက်နေမိသည်။ “ပတိရူပ၊ ပညာရှိတို့နှင့် နှီးနှောခွင့်ရသော အရပ်ဒေသတွင် နေထိုင်ရခြင်းသည် မင်္ဂလာမည်ပေ၏” ဟု ပရိတ်တော်က ဆိုသည်။ အမိမြန်မာပြည်၏ ပတိရူပ နိဒါန်းအစရောက်ပြီလော …။

ကျော်ဝင်း
၂၅၊ သြဂုတ်၊ ၂၀၁၂

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.