Sunday, September 9, 2012

1 သွေးစွန်းထင်းခဲ့သောသင်္ကန်း (သို့မဟုတ်) ရွှေဝါရောင်မေတ္တာသမိုင်း-(ရွှေဝါရောင်တော်လှန်ရေး (၅)နှစ်ပြည့်အမှတ်တရ)


(၁)

လွင့်ကြွေတာဟာ
ပွင့်ဝေဖို့ပဲမဟုတ်လား---
လွင့်ကြွေခြင်းဆိုတာ
စွန့်လွှတ်အနစ်နာခံခြင်းရဲ့ဒုတိယအမည်ဖြစ်ရဲ့။

သမိုင်းတစ်ခုပွင့်ဖို့
သမိုင်းများစွာကျွေးခဲ့ကြ
သမိုင်းအဆက်ဆက်အတွက်
သူရဲကောင်းအဆက်ဆက်တွေအသက်စွန့်ခဲ့ရဲ့။

ဒါဟာ
သွေးနဲ့ရေးတဲ့သမိုင်း
ဒါဟာ
အသက်တွေပုံသြလိုက်ရတဲ့သမိုင်း
ဒါဟာ
သာသနာ့အလံတော် တလူလူလွှင့်ခဲ့တဲ့သမိုင်း
ဒါဟာ
သွေးစွန်းထင်းခဲ့တဲ့သင်္ကန်းများရဲ့သမိုင်း
ဒါဟာ
ဂလိုဘယ်ရွာကြီးသားတွေ
အံ့သြတုန်လှုပ်ခဲ့ရတဲ့ ရွှေဝါရောင်သမိုင်းပေါ့။

(၂)

ယုံကြည်ချက်တွေကို
ပူပြင်းလွန်းလှတဲ့တော်သလင်းနေကမတားဆီးနိုင်ခဲ့ဘူး
မွန်မြတ်လှတဲ့ဆန္ဒတွေကို
မိုးရေမိုးပေါက်တွေက မတားဆီးနိုင်ခဲ့ဘူး
မေတ္တာတရားတွေကို
ထောင်နံရံတွေက မတားဆီးနိုင်ခဲ့ဘူး။

သာသာနာ့အလံတွေဟာ
ကောင်းကင်မှာတလူလူလွှင့်တင်လို့
မေတ္တာသံတွေဟာ
လမ်းပေါ်မှာ အပြည့်အလျှံလွင့်လို့။


သတ်ဖို့ဖြတ်ဖို့ဆို
ဘယ်လိုလက်နက်မျိုးကိုမှမကိုင်ဆောင်
ခဲချွန်ဓားကိုမျှမဆောင်
သွားကြားထိုးတံမဒုတ်ကိုမျှမကိုင်ဆောင်ခဲ့ပါဘူး။


တိုက်ပွဲမှမဟုတ်ပဲ
တော်လှန်ရေးမှမဟုတ်ပဲ
မေတ္တာတရားတွေကိုသာ

ရင်ဘတ်တွေနဲ့ အပြည့်ထည့်ထားခဲ့ကြရဲ့။

သံဃာတော်တွေ
ရင်ဘတ်ချင်းဆက်ပြီး
သာသနာ့အလံတော်ကို
သွေးသွင်းခဲ့ပြီ။

နိုင်ငံရေးလုပ်ခဲ့ကြတာမဟုတ်ပါဘူး
ပါတီတည်ထောင်ခဲ့ကြတာမဟုတ်ပါဘူး
ငြိမ်းချမ်းရေးကိုသာလုပ်ခဲ့ကြတာဖြစ်ရဲ့
ပြည်သူနဲ့စစ်အစိုးရညီညွတ်ဖို့
မေတ္တာတံတားထိုးခင်းပေးခဲ့တာပဲဖြစ်ပါရဲ့။

(၃)

ကြည့်စမ်း
မေတ္တာတရားကိုရန်သူထင်
မေတ္တာတရားကိုအာဏာလုသူထင်
မေတ္တာတရားကိုသူပုန်ထင်ကြလို့
မေတ္တာတရားကို
ရက်စက်ယုတ်မာစွာသတ်ဖြတ်ခဲ့ရဲ့။

၂၆၊ ၉၊ ၂၀၀၇
သင်္ကန်းတွေ သွေးစွန်းခဲ့ရ
ဦးပျည်းကတုံးတွေ သွေးစွန်းခဲ့ရ
ရင်ဘတ်တွေ သွေးစွန်းခဲ့ရ
လမ်းမတွေ သွေးစွန်းခဲ့ရ

မြစ်ထဲမှာ
သံဃာတော်အလောင်းဟာပေါလောပေါ်
လမ်းတွေပေါ်မှာ
သွေးစွန်းတဲ့ဖိနပ်တွေစုပုံ
ငွေကြာယံကျောင်းတိုက်မှာ
ကျောင်းတိုက်များစွာမှာ
ဖန်ကွဲမှန်ကွဲတွေနဲ့မွမွကြေခဲ့ရဲ့။

မြတ်ဘုရားခွင့်ပြုခဲ့တဲ့ကျောင်းမျိုးမှာ
“ထောင်”ဆိုတာမပါခဲ့ဘူး
ဒါပေမယ့်
သံဃာတော်တွေဟာ
ထောင်တွေမှာ ၀ါကပ်ခဲ့ကြရဲ့။

ကိုယ်ခန္ဓာမှာဝတ်တဲ့သင်္ကန်းကို
အတင်းအဓမ္မဆွဲချွတ်ခံခဲ့ရပေမယ့်
စိတ်မှာဝတ်တဲ့သင်္ကန်းကို
ဘယ်လိုသေနတ်နဲ့မှဆွဲချွတ်လို့မရခဲ့ဘူး။

ကိုယ်ခန္ဓာကိုသာ
သံတိုင်တွေကြားထိုးထည့်လို့ရပေမယ့်
ရွှေဝါရောင်မေတ္တာကို
ဘယ်လိုသံတိုင်မျိုးနဲ့မှမချုပ်ချယ်နိုင်ခဲ့ဘူး။

(၄)
သာသနာတည်ဖို့ဆိုတာ
ရေနဲ့ကြာလိုပဲတဲ့
မြတ်ဘုရားမိန့်ခဲ့တဲ့စကား
ရဟန်းတော်များနှလုံးသားမှာစွဲတည်လို့။

ရေမရှိရင်
ကြာမနေနိုင်သလို
ဒါယကာတွေမရှိရင်
သာသနာမရှင်သန်နိုင်ဘူး။

ကြည့်စမ်း
မဝေးတဲ့အတိတ်ကစာမျက်နှာ
လောင်စာဆီဈေးနှုန်းတွေကတက်လွန်းမကတက်
ဒါယကာတွေမှာ ဆင်းရဲလွန်းမကဆင်းရဲ
သပိတ်လုံးတွေမှာ
လက်တစ်ဆုပ်စာဆွမ်းလောက်နဲ့ကျောင်းပြန်ခဲ့ရ
ဆွမ်းဟင်းခွက်လေးတွေမှာ
ဟင်းဗလာနဲ့ ကျောင်းပြန်ခဲ့ရ။

သာသနာတော်ဟာ
ဒုက္ခတွေပေါ်မှာရှင်သန်နိုင်ပါ့မလား
သာသနာတော်ဟာ
ဒါယကာတွေပေါ်မှာရှင်သန်နိုင်ပါ့မလား။

အဲဒီမေးခွန်းတွေကိုသာ
သဒ္ဒါပုစ္ဆာလိုစဉ်းစားခဲ့ကြ
အဲဒီမေးခွန်းတွေကိုသာ
စိတ်ပုတီးသလိုစိပ်ခဲ့ကြ။

ဒါဟာ
သာသနာ့အရေးပဲမဟုတ်လား
ဒါဟာ
ဒါယကာများရဲ့အရေးပဲမဟုတ်လား
ဒါဟာ
တိုင်းပြည်ညီညွတ်ရေးပဲမဟုတ်လား

“ ဘိက္ခုသစ္စာ
ပြည်သူ့သင်္ကန်း၊ ပြည်သူ့ဆွမ်းဖြင့်
သင်္ခန်းကျောင်းမှာ၊ နေတုံပါလည်း
မြန်မာပြည်ဝှမ်း၊ တရားစွမ်းဖြင့်
ချမ်းသာအောင်မှ၊ မဆုံးမလျှင်
သံဃာ့တာဝန်၊ မကျေပွန်မို့
တာဝန်ကျေပ၊ ဆန္ဒပြသည်
မှန်ပဆွမ်းဖိုး၊ ကျေစေသော်---”

ဒါဟာ
ပခုက္ကူသံဃာတော်များရဲ့ဥဒါန်းကဗျာ

အဲဒီအချိန်မှာ
စစ်အစိုးရနဲ့ ၈၈ မျိုးဆက်ကျောင်းသားများ
စစ်အစိုးရနဲ့ ပြည်သူလူထု
တင်းမာနေတဲ့ပဋိပက္ခကြိုးဟာ
တစ်နိုင်ငံလုံး ဒုက္ခတွင်းထဲဆွဲချလို့ပေါ့။

အဲဒီအချိန်မှာ
လောင်စာဆီဈေးနှုန်းကျဆင်းဖို့
ပြည်သူနဲ့အစိုးရညီညွတ်ဖို့
ပခုက္ကူကသံဃာတော်တွေဟာ
လမ်းမတွေပေါ်ထွက်ခဲ့ကြပေါ့။

အဲဒီအချိန်မှာ
“လူအချင်းချင်း နှိပ်စက်ခြင်း ကင်းငြိမ်းကြပါစေ--”
“ ကရဏီယ မတ္ထ ကုသလေန----”
မေတ္တာပို့သံတွေဟာ
လမ်းမတွေပေါ်ပြည့်လျှံနေလေရဲ့။
အဲဒီအချိန်မှာ
သံဃာတော်တွေကငြိမ်းချမ်းစွာလမ်းလျှောက်
ပြည်သူဒါယကာတွေကဘေးကလက်တွဲကူညီ
ရင်ဘတ်ချင်းဆက်တဲ့မေတ္တာတရား
ဂလိုဘယ်တစ်ရွာလုံးခံစားခဲ့ကြရဲ့။

အဲဒီအချိန်မှာ
ခေတ်ဆိုး စနစ်ဆိုး
ကံဇာတာညှိုးချိန်မှာ
မေတ္တာတရားဟာ
ကံဆိုးရှာခဲ့ပါတယ်။

အဲဒီအချိန်မှာ
စစ်အစိုးရက
မေတ္တာတရားသံဃာတွေကို
ကြိုးကွင်းနဲ့ပစ်ဖမ်းလို့ဖမ်း
ဓာတ်တိုင်မှာ ကြိုးနဲ့တုပ်လို့တုပ်
သာသနာတော်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပြီ။

အဲဒီအချိန်မှာ
မြင်းခြံမြို့မှာ ရွှေဝါရောင်လွှမ်းခဲ့
မုံရွာမြို့မှာ ရွှေဝါရောင်လွှမ်းခဲ့
ကျောက်ပန်းတောင်းမြို့မှာ ရွှေဝါရောင်လွှမ်းခဲ့ပေါ့။

အဲဒီအချိန်မှာ
မန္တလေးမှာ ရွှေဝါရောင်လွှမ်းခဲ့
ရန်ကုန်မှာ ရွှေဝါရောင်လွှမ်းခဲ့
စစ်တွေမှာ ရွှေဝါရောင်လွှမ်းခဲ့ပေါ့။
အဲဒီအချိန်မှာ
မြန်မာတစ်နိုင်ငံလုံးမှာ
သာသနာ့အလံတော်ကိုလွှင့်ထူ
ရွှေဝါရောင်တွေ လွှမ်းခဲ့ပြီ။

(၅)
ဒါဟာ
စစ်မှန်တဲ့သမိုင်း
ဒါဟာ
နှလုံးသွေးနဲ့ရေးခဲ့တဲ့သမိုင်း
သမိုင်းဆိုတာ
မေ့ပစ်ရမယ့်အရာမဟုတ်
သမိုင်းဆိုတာ
တန်ဖိုးထားတတ်ဖို့ပဲဖြစ်ရဲ့။

မျက်လုံးတစ်လုံးအတွက်
မျက်လုံးတစ်လုံးကိုပြန်လည်ဖောက်ထုတ်ဖို့မလို
အသက်တစ်ချောင်းအတွက်
အသက်တစ်ချောင်းကိုပြန်လည်သတ်ဖို့မလို
သမိုင်းအလှကို
နှလုံးသားအလှနဲ့ဖတ်ရှု
သမိုင်းတန်ဖိုးတွေနဲ့
အနာဂတ်လှလှထုဆစ်ဖို့ပဲမဟုတ်လား--


သမိုင်းမေ့ရင်
သမိုင်းကိုသစ္စာဖောက်တာပဲ
သမိုင်းကိုတန်ဖိုးမထားရင်
သံဃာတော်တွေကိုကျေးဇူးကန်းတာပဲ။

သာသနာ့အလံကို
သံဃာ့သွေးတွေနဲ့ယက်လုပ်ခဲ့ပြီ
သာသနာ့အလံကို
သံဃာ့အသက်တွေနဲ့ယက်လုပ်ပြီ။
သံဃာ့အရိုးတွေဟာ
သာသနာ့အလံတိုင်ဖြစ်ခဲ့ရပါပြီ။

(၆)
အမှောင်ခေတ်ကာလအလွန်
ဒီမိုကရေစီရောင်ခြည်သန်းစ
ဒီသမယမှာ
ပြည်သူလူထုကိုမျက်နှာမူ
ပြည်သူ့အသံနားစွင့်
ပြည်သူ့အကျိုးကိုမျှော်
ပြည်သူကိုမိဘလို့ခေါ်ကြပြီ။

ဗကသကျောင်းသားတွေရဲ့သမိုင်းလို
လူထုတိုက်ပွဲ ၈၈၈၈ လုံးသမိုင်းလို
ရွှေဝါရောင်သမိုင်းဟာလည်း
တန်ဖိုးအနဂ္ဃထိုက်တန်လှပါရဲ့။

ရင်နာခဲ့ရပေမယ့်လည်း
နာခဲ့တဲ့ရင်နဲ့ပဲခွင့်လွှတ်ပါရဲ့
အသည်းနာခဲ့ရပေမယ့်လည်း
နာခဲ့တဲ့အသည်းနဲ့ခွင့်လွှတ်ပါရဲ့။

လွင့်ကြွေတာဟာ
ပွင့်ဝေဖို့ပဲမဟုတ်လား---
လွင့်ကြွေခြင်းဆိုတာ
စွန့်လွှတ်အနစ်နာခံခြင်းရဲ့ဒုတိယအမည်ဖြစ်ရဲ့။

ဒါဟာ
သွေးနဲ့ရေးတဲ့သမိုင်း
ဒါဟာ
အသက်တွေပုံသြလိုက်ရတဲ့သမိုင်း
ဒါဟာ
သာသနာ့အလံတော် လူလူလွှင့်ခဲ့တဲ့သမိုင်း
ဒါဟာ
သွေးစွန်းထင်းခဲ့တဲ့သင်္ကန်းများရဲ့သမိုင်း
ဒါဟာ
ဒါဟာ
ဘယ်တော့မှမေ့မပစ်ရမယ့်
ဘယ်တော့မှကျေးဇူးမကန်းရမယ့်
ဘယ်တော့မှသစ္စာမဖောက်ရမယ့်
ရွှေဝါရောင်သမိုင်းဖြစ်ခဲ့ရပါပြီ။

မောင်သစ်ဝေ (မြင်းခြံ)

(၅၊ ၉၊ ၂၀၁၂)

(ရွှေဝါရောင်တော်လှန်ရေး (၅)နှစ်ပြည့်အမှတ်တရ)

1 comment:

  1. သမိုင်းဝင် မဟာကဗျာကြီးလို့ ဆိုလောက်ပါရဲ့။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.