Saturday, September 15, 2012

0 ထပ်ပြောရဦးမယ်…. အဘစိန်ရေ


၇.၉.၂ဝ၁၂ ရက်နေ့ ရန်ကုန်မြို့ စံတော်ချိန် ၁၆း၃ဝ နာရီ၊ အမေရိကန်နိုင်ငံ နယူးယောက်မြို့ စံတော်ချိန် (၆းဝဝ) နာရီအချိန် ကျွန်တော့်ထံသို့ရောက်ရှိလာသော အီးမေးလ်စာတစ်စောင်ကြောင့် ကျွန်တော်အထူး တုန်လှုပ်သွားခဲ့သည်။ အကြောင်းမှာ ယင်းနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် နာရေးကူညီမှု ဈာပနလမ်းကြောင်းမှာ စံချိန်သစ် တင်သွားခဲ့ကြောင်းပင်ဖြစ်သည်။ ယခုလို မိုးရာသီ အေးမြသော အချိန်ကာလများတွင် ယခင့်ယခင် နှစ်များစွာက ဘဝတစ်ပါးသို့ ပြောင်းသွားသူ ဦးရေသည် တစ်နေ့လျှင် ပျှမ်းမျှအားဖြင့် (၄ဝ) ဦးရေမှ (၄၅) ဦးရေ ခန့်သာရှိခဲ့သည်။ ပူပြင်းလှသော နွေရာသီ အချိန် ကာလများတွင် သေဆုံးသူ ဦးရေအားဖြင့် တစ်နေ့လျှင် (၅ဝ) ဦးကျော်ခန့်သာ ရှိခဲ့သည်။ သို့ရာတွင် ၇.၉.၂ဝ၁၂ ရက်နေ့တွင် ညနေ ၄း၃ဝ နာရီအချိန်လောက်မှာပင် နာရေးကူညီမှုပေါင်း (၅၇) ဦး ရှိနေသောကြောင့် ကျွန်တော် တုန်လှုပ်ခဲ့ခြင်းပင် ဖြစ်တော့သည်။

ထိုကဲ့သို့ လူ့လောကကြီးမှ ထွက်ခွာမှု များပြားနေခြင်းကို ကျွန်တော်တွေးတော စဉ်းစား မိတော့သည်။ လူရယ်လို့ လူ့ဘဝကြီးတွင် လျှောက်လှမ်းနေစဉ် ကာလအတွင်းတွင် ရင်ဆိုင်ကြုံတွေ့ နေရသော အာဏာအတွက် တိုက်နေတဲ့စစ်ပွဲ၊ လွတ်လပ်မှုအတွက် တိုက်နေတဲ့စစ်ပွဲ၊ အာဏာတအတွက် တိုက်နေတဲ့စစ်ပွဲ၊ စီးပွားရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ ဘာသာရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ လူမှုရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ ပညာရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ ကျန်းမာရေးအတွက် တိုက်နေတဲ့ စစ်ပွဲ၊ အိမ်ထောင်ရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ အချစ်ရေးအတွက် တိုက်နေတဲ့စစ်ပွဲ စသည့် ….ဝိရောဓိစစ်ပွဲများကြောင့်လူသားတို့ သေကြေဆုံးရှုံးခဲ့ရမှုများကို တွေ့မြင်ရတော့သည်။ ထိုကဲ့သို့ ဘဝစစ်ပွဲများအား ရင်ဆိုင် တိုက်ပွဲဝင်မှုများတွင် အိမ်ထောင်ရေးစစ်ပွဲ၊ အချစ်ရေးစစ်ပွဲ ဟူသော စစ်ပွဲတွင် ကျဆုံးမှုများမှာ မပြောစ လောက် ရှိသော်ငြားလည်း ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ အာဏာ၊ လွတ်လပ်မှု၊ အာဃာတ ... စသည့် တိုက်ပွဲများတွင် ကျဆုံးမှုများသည် ရာခိုင်နှုန်းအားဖြင့် များပြားမှုကို သိမြင်ခဲ့ရ သည်။ ထို့ကြောင့် ထိုကဲ့သို့သော ဝိရောဓိစစ်ပွဲများ ရပ်စဲသွားကာ ငြိမ်းချမ်းသော ကမ္ဘာမြေပြင်၊ ငြိမ်းချမ်း သော မြန်မာ့မြေပြင်အဖြစ် ရပ်တည်နိုင်အောင် ကြိုးစားကြရမည် ဖြစ်တော့သည်။

ငြိမ်းချမ်းမှုများ မရမီစပ်ကြား ကျွန်တော်တို့ လူမှုရေးသမားများအနေဖြင့် အများပြည်သူတို့အပေါ် တတ်နိုင်သည့်ဘက်မှ ကိုယ်ကျိုးစွန့်၍ အတ္တများကိုဖြုတ်ကာ ပေးဆပ်သွားရင်းဖြင့် ပြည်သူပြည်သားတို့၏ စောင့်ထိန်းရမည်ဖြစ်သော လူ့ကျင့်ဝတ်၊ ကိုယ်ကျင့်တရားများကိုလည်း တတ်နိုင်သ၍ မှန်ကန်သော တရားမျှတသော လမ်းကြောင်းပေါ်သို့ တင်ပေးရမည်ဖြစ်သည်။ ထို့အပြင် လူ့အခွင့်ရေး အပြည့်အဝရရှိရေး လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့အား လူသားခြင်းစာနာစိတ် မွေးဖွားနိုင်ဖို့အတွက်လည်း ကြိုးပမ်း ပေးရမည်ဖြစ်သည်။ ဤနေရာတွင် လူ့အခွင့်အရေးပြည့်ဝမှုနှင့် ပတ်သတ်၍ ကျွန်တော် လက်တွေ့ ခံစားရမှု တခုအား တင်ပြလိုတော့သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း လူမျိုးဘာသာမရွေးတို့၏ လူ့အခွင့် အရေးများ ဆုံးရှုံးမှုများစွာ ရှိနေသည်ကို သိမြင်ကြမည်ဖြစ်သည်။ လူရယ်လို့ လူ့လောကကြီးထဲ ရောက်ရှိခဲ့ ပြီးနောက် လူ့ဘဝကို လျှောက်လှမ်းပြီးသောအချိန် လူ့လောကကြီးမှ ထွက်ခွာသွားရသည့်အချိန်တွင် တသက်တာ လဲလျောင်းနေရမည့် သုသာန်မြေအကြောင်းကို ကျွန်တော် တင်ပြသွားမည်ဖြစ်သည်။ သုသာန်မြေအကြောင်းဟု ဆိုလိုက်သည်နှင့် စာဖတ်သူအပေါင်းတို့အတွက် မင်္ဂလာမရှိခြင်း၊ ဆက်၍ မဖတ် ရှုလိုခြင်းတို့ကို စိတ်ထဲတွင် မပေါ်ပေါက်သင့်ချေ။ အဘယ်ကြောင့်ဆိုသော် သင်္ချိုင်းမြေဟူသည်ကား လူသားအားလုံးနှင့် ဆက်နွယ်၍ ပတ်သက်မှုရှိနေခြင်းဟူ၍ သာဓကရှိခဲ့ပြီးဖြစ်သည်။

ဗုဒ္ဓ မြတ်စွာဘုရားရှင် လက်ထက်က ဥပသာလက အမည်ရှိတဲ့ ပုဏ္ဏားကြီးဟာ ရာဇဂြိုလ်မြို့ကို ရံပတ်ထားတဲ့ တောင်ငါးလုံး ထဲက ဂုဇ္ဈကုဋ်တောင်ပေါ်ကို တက်သွားပြီး တောင်ထိပ်က မြေပြန့်လေးမှာ သူ့ကိုမြုပ်ဖို့ သားဖြစ်သူကို ပြတယ်။ ပြီးတာနဲ့ တောင်အောက်ကို ပြန်ဆင်းလာတဲ့အခါ ဘုရားရှင်နဲ့တွေ့တယ်၊ အကျိုးအကြောင်း မေးပြီးတာနဲ့ ဘုရားရှင်ဟာ လူသေ မမြုပ်ဖူးသေးဘူးလို့ ပုဏ္ဏားကြီးယူဆထားတဲ့နေရာကို လိုက်ကြည့်ပြီး ဒီဂါထာကို ဟောကြားပါတယ်။ ဒီဂါထာ အဆုံးမှာ ပုဏ္ဏားကြီးဟာ သောတာပန်တည်ပါတယ်။ ဒီဂါထာဟာ သတ္တဝါတစ်ယောက်ရဲ့ ဘဝတွေဟာ ဘယ်လောက်ထိအောင် များပြားတယ်ဆိုတာကို ပြပါတယ်။

ဥပသာလက နာမာနိ၊

သဟဿနိ စတုဒ္ဒသ။

အသ္မိံပဒေသေ ဒဂနိ

နတ္တိလောကေ အနာမတံ။

ပုဏ္ဏားကြီး သင်ယခုညွှန်ပြသောနေရာ၌ ဥပသာလကဟူသော အမည်ဖြင့် သင်၏အလောင်း ကောင်ပေါင်း တစ်သောင်းလေးထောင်တိတိ မီးသင်္ဂြိုလ် လောင်ကျွမ်းမြုပ်နှံခဲ့ဖူးလေပြီ။ လောကမြေ အပြင်၌ လူသေ ကောင်ပုတ် မမြုပ်ဖူးသောနေရာဟူ၍ မရှိပေ။"

ထို့ကြောင့် ယခု ပြည်ပနိုင်ငံဖြစ်သော အမေရိကန်နိုင်ငံရှိ မြို့အသီးအသီးတို့တွင် သုသာန်များအား လိုက်လံကြည့်ရှု လေ့လာသောအချိန်တွင် ကျွန်တော်များစွာ ကြေကွဲမှုကို စိတ်တွင်ဖြစ်ပေါ် ခဲ့ရတော့သည်။ အမေရိကန်နိုင်ငံတွင်မက အခြားသော ပြည်ပနိုင်ငံများတွင် လူသားတို့၏ နောက်ဆုံးခရီးအားပို့ဆောင် သင်္ဂြိုလ်ပေးမှုလုပ်ငန်းများသည် များစွာလူ့အခွင့်အရေး အပြည့်အဝကို ရရှိစေခဲ့ကြောင်း သိရှိခဲ့ရသည်။ ထိုကဲ့သို့သော ပြည်ပနိုင်ငံကြီးများတွင် လူတစ်ယောက် သေဆုံးသွားပါက မြေမြုပ်ခြင်း၊ မီးသင်္ဂြိုလ်ခြင်း စသည့် အသုဘအခမ်းအနားများအတွက် ကုန်ကျငွေများသော်ငြားလည်း အသုဘပို့သူ၊ အသုဘရှုသူ အပေါင်းတို့အပြင် ဘဝတစ်ပါးသို့ ပြောင်းသွားရှာသောသူများအတွက်လည်းငြိမ်းအေးမှု၊စိတ်ချမ်းသာမှု အေးချမ်းငြိမ်သက်မှုတို့ကို တွေ့ကြုံခံစားရမည်ဖြစ်သည်။ ယင်းကဲ့သို့သော အေးငြိမ်းခံစားမှု ရသများကို ပြည်ပနိုင်ငံများတွင် ခရစ်ယာန်လူမျိုး တစ်မျိုးထဲတွင်မက ဂျူးလူမျိုး၊ ဟိန္ဒူ၊ အစ္စလာမ်နှင့် ဗုဒ္ဓဘာသာဝင် များပါမကျန် ခံစားခဲ့ရကြောင်း သိရှိခဲ့ရသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအနေဖြင့် မိမိမွေးရပ်မြေ မြန်မာပြည်အတွင်းတွင်သာ နောက်ဆုံးခေါင်းချချင်သော ဆန္ဒရှိခဲ့သော်လည်းအကြောင်းအမျိုးမျိုးကြောင့်ယခုကဲ့သို့ ပြည်ပနိုင်ငံများတွင် ခေါင်းချခဲ့ရသော မြန်မာလူမျိုးများစွာရှိခဲ့သည်။ ထိုထဲတွင် ဗုဒ္ဓဘာသာဝင် များ ဖြစ်ကြသော အထင်ကရ ဆရာတော်များ၊ အနုပညာရှင်များလည်း ပါဝင်ခဲ့ရသည်။

ယခုကဲ့သို့ ပြည်ပနိုင်ငံများတွင် ဘဝခရီးအား အေးချမ်းမှုဖြင့် အဆုံးသတ်ခဲ့ရပုံများကို တွေ့မြင်ခဲ့ရကာ လူ့အခွင့်အရေး အပြည့်အဝကို ရရှိခဲ့သော လူပီသစွာ ရပ်တည်ခဲ့သော ပုဂ္ဂိုလ်များအဖြစ် ဂုဏ်ယူမိသော်ငြားလည်း ကျွန်တော်တို့မြန်မာနိုင်ငံတွင် လူ့ဘဝခရီးအား အဆုံးသတ်ရမည့် မြေနေရာ (သုသာန်မြေ) များအားလည်း သန့်ရှင်းသပ်ရပ် ငြိမ်းချမ်းမှုရှိသော အထင်ကရ ပန်းခြံကြီးများကဲ့သို့ ဖြစ်ပေါ်စေလိုသော ဆန္ဒများ ပြင်းပြ ခဲ့ရသည်။ ယခုမူ မြန်မာပြည်တွင်းရှိ သုသာန်များသည် မြို့ပြင်၊ ရွာပြင်များတွင် အခိုင်အမာ တည်မြဲမှု မရှိခြင်း၊ ပြည်ပနိုင်ငံများတွင် မြို့ပြင်၊ ရွာပြင်များတွင်သာမက မြို့လယ်ခေါင်၊ ရွာလည်ခေါင်များတွင် ခံ့ညား ထည်ဝါစွာဖြင့် အပန်းဖြေစရာ ဥယျာဉ်ခြံကြီးများအဖြစ် သမိုင်းမှတ်တိုင်များ ထူထောင်ထားခြင်းကို တွေ့မြင် ရသည်။ ထို့အပြင် သုသာန်မြေအနီးရှိ အိမ်၊ ခြံ၊ မြေဈေးကွက်များသည်လည်း တိတ်ဆိတ်ငြိမ်သက် လုံခြုံမှုရှိခြင်းကြောင့် အခြားသော ရပ်ကွက်များထက် ဈေးနှုန်းမြင့်မားမှုများကို တွေ့ရှိရသည်။ မြန်မာ ပြည်တွင်းတွင် သုသာန်မြေနှင့် နီးလျှင် မနေလိုခြင်း၊ သုသာန်မြေနှင့် နီးသောကြောင့် ဈေးနှုန်းများ ကျဆင်းခြင်း စသည့် အယူသီးမှုများ လွှမ်းခြုံနေဆဲဖြစ်သည်။

ပြည်ပနိုင်ငံရှိ လူ့ဘဝ၏ နောက်ဆုံးမှတ်တိုင်မြေနေရာ (လူသင်္ချိုင်း)ကို မဆိုထားနှင့် ... ပြည်ပနိုင်ငံ ရှိ အိမ်မွေးတိရစ္ဆာန်များဖြစ်ကြသော ကြောင်၊ ခွေး၊ ယုန်၊ ငှက် စသည့် တိရစ္ဆာန်များ၏ နောက်ဆုံးခရီး မှတ်တိုင်ဖြစ်သော တိရစ္ဆာန်သင်္ချိုင်းများကပင် ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းရှိ လူသင်္ချိုင်းများထက် အဆပေါင်းမြောက်များစွာ သာယာမှု၊ အေးချမ်းမှု၊ သန့်ရှင်းမှုများဖြင့် ပြည့်စုံနေတော့သည်။ ယခုမူ မြန်မာ ပြည်တွင်းရှိ သုသာန်မြေများသည် ရှုပ်ထွေးလှသောချုံပုတ်များ၊ ညစ်ပတ်လှသော ရွံနွံများ၊ ပျက်စီး ယိုယွင်း နေသောအုတ်ဂူများဖြင့် ခြောက်ခြားဖွယ်ရာ ရှိနေသကဲ့သို့ အချို့သောဒေသမြို့နယ်များတွင် သုသာန် မြေများအား တူးဖော်ခံရခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ သိမ်းဆည်းခံရခြင်းတို့ကို ကြုံတွေ့နေရဆဲ ဖြစ်နေရသည်။ ထို့ကြောင့် လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်ပေးနေသူ ကျွန်တော့်အဖို့ "သေသောသူသည် သုသာန်သို့သာ သက်သက်သာသာ သွားသင့်သည်" ဟူသော ခံယူချက်အတိုင်း လူသားခြင်းစာနာ ထောက်ထားသောစိတ်ဖြင့် "ပြောရဦးမယ်... အဘစိန်ရေ" ဟူ ၍ ဆောင်းပါးတစ်ပုဒ်၊ တိုက်တွန်းမှုတချက်၊ ဟစ်တိုင်တစ်ခုအဖြစ် တင်ပြခဲ့ပြီးဖြစ်သည်။ ယခုထပ်မံ၍ " ထပ်ပြောရဦးမယ်... အဘစိန်ရေ" ဟူ၍သာ ထပ်မံ ကြွေးကြော်လိုက်ရပါသည်။ အဘယ်ကြောင့်ဆိုသော် "သင့်ဘဝ လက်ရှိအချိန်နှင့် လက်ကျန်အချိန် ဇယား (သက်တမ်း ၇၅ နှစ်)" ဟူသော တွက်ချက်မှုဇယားအရ -

သင့်ဘဝ လက်ရှိအချိန်နှင့် လက်ကျန်အချိန်ဇယား (သက်တမ်း ၇၅ နှစ်)

သင့်အသက် သုံးပြီးသောအသက် လက်ကျန်ရက်

၁ဝ နှစ် ၃၆၅ဝ (ရက်) ၂၃၇၂၅ (ရက်)

၁၅ နှစ် ၅၄၇၅ (ရက်) ၂၁၉ဝဝ (ရက်)

၂ဝ နှစ် ၇၃ဝဝ (ရက်) ၂ဝဝ၇၅ (ရက်)

၂၅ နှစ် ၉၁၂၅ (ရက်) ၁၈၂၅ဝ (ရက်)

၃ဝ နှစ် ၁ဝ၉၅ဝ (ရက်) ၁၆၄၂၅ (ရက်)

၃၅ နှစ် ၁၂၇၇၅ (ရက်) ၁၄၆ဝဝ (ရက်)

၎ဝ နှစ် ၁၄၆ဝဝ (ရက်) ၁၂၇၇၅ (ရက်)

၄၅ နှစ် ၁၆၄၂၅ (ရက်) ၁ဝ၉၅ဝ (ရက်)

၅ဝ နှစ် ၁၈၂၅ဝ (ရက်) ၉၁၂၅ (ရက်)

၅၅ နှစ် ၂ဝဝ၇၅ (ရက်) ၇၃ဝဝ (ရက်)

၆ဝ နှစ် ၂၁၉ဝဝ (ရက်) ၅၄၇၅(ရက်)

၆၅ နှစ် ၂၃၇၂၅ (ရက်) ၃၆၅ဝ (ရက်)

၇ဝနှစ် ၂၅၅၅ဝ (ရက်) ၁၈၂၅(ရက်)

၇၅ နှစ် ၂၇၃၇၅ (ရက်) . . . . . . . . .

ယင်း သင့်ဘဝ လက်ကျန်အချိန်ဇယားသည် ပျှမ်းမျှတွက်ချက်ထားသော ဇယားကွက်ဖြစ်သည်။ ထိုအချိန်ထက် စောလျင်စွာ ဘဝကူးပြောင်းရမည့်သူများလည်း ရှိမည်ဖြစ်သကဲ့သို့ ထိုအချိန်ထက် ကြာမြင့် စွာ လူ့ဘဝတွင် နေထိုင်ခွင့်ရမည့် သူများလည်းရှိပေမည်။ မည်သို့ပင်ဖြစ်စေ မိမိအတွက်လူ့ဘဝထဲတွင် နေထိုင်ရန် ကျန်ရှိသော လက်ကျန်နေ့ရက်များတွင် အများကောင်းကျိုးအတွက် အတ္တများကိုဖြုတ်၍ ပရဟိတ စိတ်ဓာတ်တို့ဖြင့် ကုသိုလ်ကောင်းမှုတို့ကို စဉ်ဆက်မပြတ် လုပ်ကိုင်ပေးဆပ်သွားပါက ငြိမ်းအေး သာယာ ချမ်းမြေ့သော ကမ္ဘာသစ်တစ်ခုကို တည်ဆောက်သွားနိုင်တော့မည် ဖြစ်ပါသည်။

ကျွန်တော်သည် လူမှုရေးသမားဖြစ်သည်နှင့်အညီ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ စစ်ဘေးဒဏ်ခံ အများပြည်သူတို့အား ကူညီဖေးမပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လက်တွေ့ခံစား ကြုံတွေ့မှုများကို အများပြည်သူနှင့် ထပ်တူထပ်မျှ ခံစားတင်ပြ ရေးသားရခြင်း ဖြစ်ပေ သည်။

အတိတ်က "ပြောရဦးမယ်... အဘစိန်ရေ"

ယခုပစ္စုပ္ပန်မှာ "ထပ်ပြောရဦးမယ်... အဘစိန်ရေ"

နောက်အနာဂတ်မှာ "ပြောစရာကို မရှိတော့ဘူး... အဘစိန်ရေ" ဟူသော ဆောင်းပါးတစ်ပုဒ်အား ရေးသားလိုသည့် စိတ်ဆန္ဒ ပြင်းထန်လျှက် ရှိနေပါတော့သည်။


ကျော်သူ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.