Tuesday, September 11, 2012

0 ဒေါ်လာထုတ်ကြီးကိစ္စ ဝေဇယန္တာလမ်း ၈၈ တွေ ခေါင်းခါ

Video..Burma vj media network
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက..
“ကျွန်တော်သိသလောက်တော့ဂျာနယ်သုံးစောင်ရှိသွားပြီ။ကျန်တဲ့ဂျာနယ်နှစ်စောင်မှာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပက်သက်ပြီးတော့ ဒေါ်လာ ၆ သန်းကို၈၈ မျိုးဆက်ကျောင်းသားတွေကနေပြီးတော့ ဆက်ပြီးစီးဆင်းမယ်ဆိုတဲ့
အဓိပ္ဖာယ်ကိုရေးတယ်။ နောက်ဂျာနယ်တစ်စောင်ကအတိအလင်းကိုပြောတယ်။၈၈မျိုးဆက်ကျောင်းသားတွေကနေတစ်ဆင့် စီးဆင်းနေပြီဆိုပြီးတော့ အဲဒီလိုပြောတယ်။ အဲဒီအထောက်အထားတွေကလည်း ခိုင်လုံမှုမရှိဘူး။

ဒါကိုစုံစမ်းကြည့်တော့ ဒါက ငြိမ်းချမ်းရေးနဲ့ ပက်သက်ပြီးတော့လုပ်နေတဲ့ NGOအဖွဲ့ အစည်းတစ်ခုကနေပြီးတော့ ရှင်းလင်းပွဲတစ်ခုလုပ်တယ်။ အဲဒီရှင်းလင်းပွဲမှာငြိမ်းချမ်းရေးလုပ်နေတဲ့အဖွဲ့ အစည်းတွေထဲမှာ ဒီအဖွဲ့ အစည်းတွေ ပါတယ်လို့ သူက အဲဒီလိုရှင်းသွားတယ်။ အဲဒီလိုရှင်းသွားတာကို ဒီငွေကြေးဟာ ဒီကနေဖြတ်စီးနေပါတယ်ဆိုတဲ့ အဓိပ္ဖာယ်မျိုး ကျွန်တော်တို့ ကို စွပ်စွဲပြီး ရေးသားထားတယ်။

ကျန်တဲ့ဂျာနယ်တွေကတော့စီးဆင်းမယ်လို့ ယူဆချက်လေးတွေ။ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ဂျာနယ်တွေဟာ ကျွန်တော်တို့ ရဲ့ လုပ်ဖော်ကိုင်ဖက်တွေလို့ သတ်မှတ်ပါတယ်။

အင်မတန်ခင်မင်ရင်းနှီးကြပါတယ်။ကျွန်တော်တို့ က ငွေကြေးနဲ့ ပက်သက်ရင် အစွန်းအထင်းဖြစ်မှာကို
သိပ်သတိထားတယ်။ ကျွန်တော်တို့ ကစီးဆင်းတာ ဘာတစ်ခုမှမရှိဘူး။ဘယ်တော့မှလည်း ရှိမှာမဟုတ်ဘူး” ဟု ရှင်းလင်းပြောဆိုသည်။

NGO တစ်ခုကပေးသည့် အမေရိကန်ဒေါ်လာ ၆ သန်းကိစ္စနှင့်ပက်သက်၍၈၈ မျိုးဆက်ကျောင်းသားများမှတစ်ဆင့် စီးဆင်းနေသည်ဟု ပြည်တွင်းဂျာနယ်အချို့ တွင် သတင်းဖော်ပြခဲ့ခြင်းနှင့်ပက်သက်၍ ယင်းသတင်းမှာ လုံးဝ
မှန်ကန်မှုမရှိကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကပြတ်ပြတ်သားသား ငြင်းဆိုလိုက်ကြောင်းသိရသည်။

စက်တင်ဘာလ ၈ ရက်နံနက်က ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့ နယ်၊ ဝေဇယန္တာလမ်းရှိ
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ရုံးတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များက အထက်ပါအတိုင်း ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက..
“ကျွန်တော်တို့ က သတင်းစာလွတ်လပ်ခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့်ကိုအရမ်းတန်ဘိုးထားတယ်။ ဒါ့ကြောင့်လည်း ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပါတယ်။အခုဟာက နည်းနည်းပွင့်လာတယ်။ ထုတ်တင်ပုံစံမျိုးနဲ့ ကြိုပြီးတင်စရာ မလိုဘူး
ဆိုတော့ ဂျာနယ်တွေက တာဝန်ယူဖို့ အခန်းကဏ္ဍ ပိုအရေးကြီးလာပြီ။
အဲဒီလိုအရေးကြီးလာတဲ့အချိန်မှာ အနီရောင်ကြီးနဲ့  ဒေါ်လာခြောက်သန်း ဆိုပြီးပြူးတူးပြဲတဲလုပ်တယ်။ အဲဒါ Unity ဂျာနယ်ပါ။ အဲဒီမှာ PDSI ဆိုတဲ့ အဖွဲ့ အစည်းကို Unity က ဖော်ပြတယ်။ အဲဒီ PDSI ဆိုတဲ့အဖွဲ့ အစည်း လုံးဝမရှိပါဘူး။
နောက်တစ်ခုက Unity ဂျာနယ် တာဝန်ယူတဲ့သူတွေဟာ ကျွန်တော်တို့ နဲ့ အင်မတန်ရင်းနှီးသူတွေပါ။ ညအချိန်မတော် အင်တာဗျူးတောင်းရင် ကျွန်တော်တို့ ပေးပါတယ်။ ကျွန်တော်တို့ ရင်းရင်းနှီးနှီး လေးလေးစားစားဆက်ဆံပါတယ်။
အဲဒီလိုဆက်ဆံနေတဲ့အခြေအနေမှာ ဒိလောက်ကြီးတဲ့ကိစ္စမျိုးဟာ ပုံမှန်ဆိုရင်ကျွန်တော်တို့ ဆီ လှမ်းမေးပြီးတော့ အတည်ပြုသင့်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ လုပ်မယ်ဆိုရင် ဥပဒေကြောင်းအရ တရားစွဲဆိုလို့ ရပါတယ်။ ဒါက ကျွန်တော်တို့ ဂုဏ်သိက္ခာထိခိုက်အောင် အသရေဖျက်မှုဖြစ်ပါတယ်။

ဒိသတင်းဟာ လုံးဝမမှန်ပါဘူး။ PDSI ကနေတစ်ဆင့် စီးဆင်းနေတဲ့ ငြိမ်းချမ်းရေးရန်ပုံငွေတွေဟာ၈၈ မျိုးဆက်ကျောင်းသားများမှတစ်ဆင့်အများစုစီးဆင်းတယ်လို့ ဖော်ပြပါတယ်။လုံးဝမဟုတ်တဲ့သတင်းအချက်အလက်ကိုဖော်ပြတယ်။ ဂျာနယ်တစ်စောင်ကို၈၈ မျိုးဆက်ကျောင်းသားတွေကနေပြီးတော့ အသရေဖျက်မှုနဲ့ တရားစွဲမယ်ဆိုရင်
ဂျာနယ်လောကအတွက်ရော၊ဖူးပွင့်ကာစအညွန့် အညှောင့်ထွက်လာကာစဂျာနယ်တွေအတွက်မကောင်းတဲ့အစဉ်အလာတစ်ခု ကို ကျွန်တော်တို့ မပေးချင်ဘူး။ မလိုလားအပ်သူတွေအဖြစ်နဲ့  ကျွန်တော်တို့ ကြေညာပါတယ်။

အဲဒီလိုမျိုး စည်းမဲ့ကမ်းမဲ့ တာဝန်မဲ့ဆောင်ရွက်လာပြီဆိုရင် အဲဒီဂျာနယ်ကိုမလိုလားအပ်တဲ့ဂျာနယ်အဖြစ်နဲ့  ကျွန်တော်တို့ သတ်မှတ်ရပါလိမ့်မယ်။နောက်နောင် အဲဒီဂျာနယ်နဲ့ ကျွန်တော်တို့  လုံးဝဆက်ဆံမှာမဟုတ်ပါဘူး။
ဒီလောက် ဆတ်ဆတ်ထိ မခံတဲ့ ဒေါ်လာ ၆ သန်းပမာဏမျိုး ၈၈ မျိုးဆက်ကျောင်းသားတွေကနေ အများစုစီးဆင်းတယ်လို့  ဖော်ပြတာမျိုးဟာခင်ဗျားတို့ လည်း စဉ်းစားကြည့်လို့ ရပါလိမ့်မယ်။ အဲဒီကိစ္စကို မျက်နှာဖုံးသတင်းအဖြစ်နဲ့  တိတိကျကျပြန်ပြီးတော့ အမှားပြင်ဆင်ချက် ထည့်မပေးမချင်းအဲဒီ Unity ဂျာနယ်နဲ့  ကျွန်တော်တို့  လုံးဝဆက်သွယ်မှာမဟုတ်ပါဘူး” ဟုမီဒီယာများသို့ ရှင်းလင်းပြောဆိုသည်။

ထို့ နောက်စက်တင်ဘာ၁ရက်ကMCCတွင်ကျင်းပခဲ့သော၈၈မျိုးဆက်ကျောင်းသားများ၏ စေတနာဝဿန်ရန်ပုံငွေဂီတဖျော်ဖြေပွဲတွင် အလှူငွေကျပ် ၂၇၂၆ သိန်း ရရှိခဲ့ခြင်းနှင့် ပက်သက်၍ ငွေစာရင်းရှင်းတမ်း ထုတ်ပြန်
ကြေညာခဲ့ကြောင်း သိရသည်။

(သတင်း.. သောင်းထွန်း၊ “NGO တစ်ခုကပေးသည့် ဒေါ်လာခြောက်သန်း
ကိစ္စ ၈၈ အဖွဲ့ ငြင်းဆို” ခေါင်းစည်းဖြင့် ရေးသားဖော်ပြထားသော
ရန်ကုန်တိုင်းမ် ဂျာနယ်မှ ကူးယူပါတယ်)

Aung myo tun

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.