Sunday, September 9, 2012

0 ရန်ကုန်မြို့တွင်ယနေ့ကျင်းပခဲ့သောတရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီအခမ်းအနား အုပ်ချုပ်ရေးဌာနများမတက်ရောက်

ရန်ကုန်မြို့တိုင်းဒေသကြီးလွှတ်တော်တွင်ယနေ့ကျင်းပနေသောတရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်တရားသူကြီးဟောင်းများ၊ဥပဒေပညာရှင်များတွေ့ဆုံပွဲသို့လက်ရှိတာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာအရာရှိများတက်ရောက် မရှိကြောင်း သိရသည်။ မတက်ရောက်သောဌာနများမှာတရားဥပဒေစိုးမိုးရေးနှင်တည်ငြိမ်အေးချမ်းရေးအတွက်အဓိကဌာနများဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ တိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး နှင့် တရားစီရင်ရေးဆိုင်ရာဌာန များမှ တက်ရောက်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကိုယ်တိုင် တက်ရောက်သည့် ယင်းအခမ်းအနားကို အဆိုပါ ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်ခြင်းမရှိခြင်းမှာအုပ်ချုပ်ရေးအခန်းကဏ္ဍနှင့်ဥပဒေပြုရေးကဏ္ဍတို့ပူးပေါင်းဆောင်ရွက်နိုင်မှုအားနည်းနေခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရ ယခင်လို ပြုမူဆောင်ရွက်နေခြင်းမျိုးဖြစ်နိုင်ကြောင်း ယင်းပွဲသို့ တက်ရောက်နေသော တရားဥပဒေ၀န်ထမ်းဟောင်းတစ်ဦးက သုံးသပ်ပြောဆိုသွားသည်။
ရန်ကုန်မြို့တွင်ယနေ့ကျင်းပခဲ့သောတရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီနှင့်တရားသူကြီးဟောင်းများ၊ ဥပဒေပညာရှင်များတွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက"ဘာကို ကြောက်နေကြတာလဲတော့ မသိဘူး၊ တရားဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိဘူး၊ ရဲရဲဝင့်ဝင့်ပြောကြ၊ လုပ်ကြလေ" ဟုမေးခွန်းထုတ်လိုက်သည်။

၎င်းကပင် ““တရားဥပဒေစိုးမိုးရေးဆိုတာ အပြောနဲ့တော့မရဘူး။ ဟန်ပြနဲ့တော့မရဘူး။ အပြောလေးနဲ့ ဟန်ပြနဲ့မရသလိုပဲ ကျွန်တော်တို့က ရဲရဲဝံ့ဝံ့သတ္တိရှိရှိမလုပ်ဘူး ဆိုရင်တော့ မဖြစ်ဘူး။ ဒီမိုကရေစီနုနယ်တယ်ဆိုတာ ဒီမိုကရေစီက ရှိပြီးသားကြီးပဲ။ နုနယ်တာက ဒီမိုကရေစီစနစ်နဲ့ ကျွန်တော်တို့နုနယ်တာ။ နုနယ်တဲ့ဟာကိုမှ အခြေခံကျတဲ့ဟာကိုမှလက်မခံနိုင်ဘူးဆိုရင် လက်မခံနိုင်တဲ့လူတွေသွားပေတော့။ ဒီမိုကရေစီပြောင်းကာစမို့လို့ ဒီဟာကိုခွင့်လွှတ်ရမယ်ဆိုရင် ခွင့်လွှတ်တဲ့ဟာက မှန်သလား မှားသလား ပြန်ပြီးကြည့်ဖို့လိုတယ်။ ခွင့်လွှတ်လိုက်ရင် နောင်လည်းလုပ်လို့ရတာပဲဆိုပြီး ဒီလိုပဲဖြစ်သွားမှာပဲ။ ဘာဖြစ်မလဲ။ သံသရာတစ်ပတ်လည်မယ်။ အလေးအနက်ထားစဉ်းစားဖို့လိုတယ်။ ဒီမိုကရေစီတိုက်ပွဲဝင်ရင်း လမ်းခုလတ်မှာ ကျလည်းကျဆုံးသွားနိုင်တယ်။ ဒါပေမယ့် ကျန်တဲ့လူတွေက ဆက်လက်တိုက်ဖို့လိုတယ်။ ပြောမယ်ဆိုရင်တော့ ဒီမိုကရေစီ ကျွန်တော်တို့နိုင်ငံမှာ ဆက်လက်မရှင်သန်ဘူး။ မကျင့်သုံးဘူးဆိုရင် ကျွန်တော်တို့နိုင်ငံဟာ နိမ့်ကျနောက်ကျနေမှာပဲ”” ဟု ဆက်လက်ပြောကြားသွားသည်။

ကော်မတီဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှလည်း

""တရားဥပဒေစိုးမိုးရေးကိုအများပြည်သူနားလည်အောင် ပြောရမယ်ဆိုရင်တော့ ကျွန်မရဲ့အမြင်မှာ တရားဥပဒေစိုးမိုးရေးရှိတဲ့ လူ့အဖွဲ့အစည်းမှာဆိုရင် လူတိုင်း လူတိုင်းဟာ မိမိတို့ရဲ့ လုံခြုံရေးနဲ့ လွတ်လပ်ရေးကို တရားဥပဒေက ကာကွယ်ပေးမယ်ဆိုတဲ့ ယုံကြည်ချက် ရှိဖို့လိုပါတယ်။ ဒီလိုပဲ နိုင်ငံသူ နိုင်ငံသားအားလုံးဟာ ငါတို့ရဲ့ လွတ်လပ်ပိုင်ခွံင့်တွေနဲ့ ငါတို့ရဲ့ လုံခြုံမှုကို ဥပဒေတွေက ကာကွယ်ပေးနိုင်တယ် ပေးလည်းပေး မယ်။ ပေးနိုင်တဲ့အခြေအနေမှာရှိတယ် လို့ ယုံကြည်မှုရှိပြီ ဆိုရင်တော့ ဒီလူ့အဖွဲ့အစည်းမှာ တရားဥပဒေစိုးမိုးရေးရှိပြီလို့ ကျွန်မတို့ ပြောလို့ရ ပါတယ်"" မိန့်ခွန်းပြောဆိုသွားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်းမှလည်း ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအား ပြည်သူလူထုစိတ်ကြိုက်ဖြစ်အောင်လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို စိန်ခေါ်လိုက်သည်။ လူငယ်ပိုင်းနိုင်ငံရေးလေ့လာသူ ကိုမျိုးညီညီက ပြောကြားရာမှာ “ဒါကျွန်တော့်အမြင်ပေါ့နော်၊ ကျွန်တော်မြင်တဲ့ပုံစံက အခု ဥပဒေပြုရေးအာဏာစွဲကိုင်ထားတဲ့လွှတ်တော်တွေက အုပ်ချုပ်ရေးအာဏာပိုင်တွေကို ဆက်တိုက်ဆိုသလို ဖိအားပေးနေတယ်လို့မြင်ရတယ်၊ ဒါဟာဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်ရေးပိုင်းက အောက်ခြေပိုင်းဝန်ထမ်းတွေ ညွှန်ချုပ်အဆင့်ကနေ အောက်အထိ ပုံစံမပြင်ကြသေးလို့ဘဲ၊ လက်ရှိအုပ်ချုပ်ရေးရဲ့ ထိပ်ပိုင်းဆိုင်ရာတွေကို သမ္မတကြီးကဦးဆောင်ပြီးအောင်မြင်အောင်ပြုပြင်ပြောင်းလဲနေတယ်၊ ဒါပေမယ့် ၀န်ကြီးဌာနတစ်ခုချင်းစီရဲ့ ဦးစီးဌာနအောက်ခြေ၀န်ထမ်းတွေမှာ အရင်လို ရှေးရိုးဆွဲတွေ၊ ပုဒ်မလေး(ပေးမှလုပ်) အကျင့်တွေမပျောက်ကြသေးဘူး၊ ဒါကအုပ်ချုပ်ရေးမဏ္ဍိုင် ရဲ့အဓိကအားနည်းချက်ပေါ့နော်။

တရားစီရင်ရေးပိုင်းမှာလဲဒီလိုပဲ ငွေများငွေနိုင်ဆိုတဲ့ခေတ်ကမပျောက်သေးဘူး။ ငွေရှိမှ အမှုဖြစ်လို့ရတဲ့ခေတ် ကျန်နေသေးတယ်။ ဒါတွေကို အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးမဏ္ဍိုင်ကြီးတွေရဲ့ အကြီးအကဲတွေနဲ့တင် ပပျောက်အောင်၊ အားနည်းအောင်လုပ်ဆောင်သွားနိုင်လိမ့်မယ်လို့ မထင်ဘူး။ ဒါကြောင့်လည်း ပြည်သူတွေကိုယ်တိုင်ရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်လွှတ်တော်အမတ်တွေပါဝင်တဲ့ ကော်မတီတွေ ကော်မရှင်တွေပါ ပါဝင်လာကြတယ်လို့ထင်တယ်၊” ဟု သုံးသပ်ပြောဆိုသွားပါတယ်။

အုပ်ချုပ်ရေး၊ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်သုံးခုနှင့်ပတ်သက်ပြီး ကိုမျိုးညီညီက ဆက်လက်ပြောကြားရာမှာ “ဒါကတော့ ဒီမိုကရေစီကျင့်သားမကျသေးတဲ့နိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အတိုင်းပါပဲ၊ တစ်ချိန်မဟုတ်တစ်ချိန်မှာ မဏ္ဍိုင်အချင်းချင်း ပွတ်တိုက်မှုလေးတွေ၊ ထိပ်တိုက်တွေ့မှုလေးတွေတော့ ရှိလာမှာပဲ။ ဒီနေ့ကျင်းပသွားတဲ့ပွဲမှာကို မြင်နိုင်တယ်။ တရားဥပဒေစိုးမိုးရေးခေါင်းစဉ်အောက်က ပါဝင်သင့်တဲ့ လက်ရှိဝန်ထမ်းအများစုမလာဘူး။ဒါဟာဘာကိုပြနေသလဲဆိုရင်သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ညွှန်ကြားချက်ကြောင့်လား၊ ဒါမှမဟုတ်အရင်တုန်းကလိုဝန်ထမ်းဆိုရင်NLDနဲ့ကင်းအောင်နေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ကင်းအောင်နေ၊ နိုင်ငံရေးနဲ့ မပတ်သက်ရဆိုတဲ့ အတွေးအခေါ်ဟောင်းတွေကျန်နေကြသေးတယ်လို့မြင်တယ်။ ပြီးတော့ ခပ်ရိုင်းရိုင်းပြောရရင် “ဘယ်သူ့ကိုအဖေခေါ်ရမလဲ” ဆိုတဲ့ပြဿနာရှိနေတယ်လို့ ယူဆလို့ရတယ်။ မိမိရဲ့သက်ဆိုင်ရာ ၀န်ကြီးဌာနက အဓိကလား ကော်မတီတွေ ကော်မရှင်တွေကအဓိကလားဆိုတာသူတို့ကိုယ်တိုင်ဝေခွဲလို့မရသေးဘူးလို့မြင်မိတယ်။

နောက်ပိုင်းကျတော့ ဘယ်သူညွှန်ကြားတာကို လုပ်ရမှာလဲဆိုတဲ့ Complaint တွေဖြစ်လာမယ်။ အဲဒီမှာ ထိပ်တိုက်တွေ့ကြမှာ။ ဒါပေမယ့် အကောင်းဘက်ကို သွားတဲ့ ထိပ်တိုက်တွေ့တာမျိုးဆိုရင်တော့ ကြိုဆိုရမှာပေါ့၊ ဒီလိုမှမဟုတ်ဘဲ နောက်ပြန်လှည့်နိုင်တဲ့ဖြစ်ရပ်မျိုးဆိုရင်တော့အားလုံးတတ်နိုင်သလောက်ရှောင်လိုက်ရင် ပြည်သူတွေအတွက် အဆင်ပြေနိုင်မယ်လို့ထင်ပါတယ်” ဟုပြောကြားသွားပါတယ်။

People Development For Knowledge

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.