Friday, September 14, 2012

0 အားလုံး ပါဝင်ကြဖို့ လိုသည်၊ သို့သော် . . .

ပြည်ပနိုင်ငံ များသို့ ရောက်နေကြသည့် မြန်မာ့ဒီမိုကရေစီရေးမှာ အရေးပါခဲ့သော ခေါင်းဆောင်များ မြန်မာနိုင်ငံတွင်းသို့ ပြန်လည် ၀င်ရောက်လာသည့် အခါ မြန်မာနိုင်ငံ ၏ နိုင်ငံရေးမြင်ကွင်းက ပိုမို ကျယ်ပြန့်လာခဲ့ပါသည်။

မြန်မာနိုင်ငံ နှစ်ပေါင်းများစွာ နောက်ကျနိမ့်ကျဖြစ်ခဲ့ရသည့် ပြဿနာအဖြာဖြာ၏ပင်မ ပြဿနာမှာ နိုင်ငံရေး ပြဿနာပဲ ဖြစ်ပါ၏။ ယခု နိုင်ငံရေး အပြောင်းအလဲ လုပ်မည့်ဘက်သို့ အာဏာရ တပ်မတော် ခေါင်းဆောင်များက တိမ်းညွတ်လာသည့်အခါ ပြည်သူအများ အတော်ပင် စိတ်သက်သာရာ ရလာကြသည်ကို ကြည့်လျှင် သိသာပါသည်။ ပြည်သူလူထုက နိုင်ငံရေး အပြောင်းအလဲကို မျှော်လင့်ကြသည်။ နိုင်ငံရေး တည်ငြိမ်မှု ရလာတာကို မျှော်လင့်နေကြသည်။ သည့်အတွက် မြန်မာ့နိုင်ငံရေး တည်ငြိမ်မှု ရရှိဖို့၊ ပြည်သူလူထု၏ ဘ၀များ စိတ်သက်သာရလုံခြုံမှုရရှိဖို့အတွက် မြန်မာ့ နိုင်ငံရေးသမားများ၏အခန်းကဏ္ဍမှာအခရာဖြစ်ပါလိမ့်မည်။ နိုင်ငံရေးသမားများ၏ အမြော်အမြင်ကြီးသော ညီညွတ်ရေးစိတ်ဓာတ်၊ ရင့်ကျက်သော သဘောထားတို့ဖြင့်သာ မြန်မာ့နိုင်ငံရေး တည်ငြိမ်ပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး၊ ငြိမ်းချမ်းရေးတို့ကို တည်ဆောက်နိုင်မှာ ဖြစ်ပါသည်။

လက်ရှိ လှုပ်ရှားနေသော နိုင်ငံရေး အင်အားစုများတွင် လုပ်ပိုင်ခွင့်အရှိဆုံး အာဏာအရှိဆုံး အင်အားစုမှာ တပ်မတော်၊ တပ်မတော် ခေါင်းဆောင်တစ်ဖြစ်လဲ နိုင်ငံရေးသမားများနှင့် သူတို့နှင့် နီးစပ်သော နိုင်ငံရေးသမားများ ပါဝင်သည့် နိုင်ငံရေး အင်အားစု ဖြစ်ပါသည်။ ယင်းအင်အားစုတွင် အုပ်ချုပ်ရေး အာဏာရယူထားသည့် သမ်္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်များမှ အများစုသော ကိုယ်စားလှယ်များ ပါဝင်ပါ၏။ ထို့နောက်၊ လုပ်ပိုင်ခွင့်အရ ယင်း အင်အားစုလောက် မရှိသော်လည်း ပြည်သူ့ထောက်ခံမှုနှင့် ယုံကြည်မှုကို မြင့်မြင့်မားမား ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်သော နိုင်ငံရေးအင်အားစု ဖြစ်သည်။ သည်အင်အားစုမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေး အနေအထားကို ပုံဖော်ပေးနေသော အရေးကြီး အင်အားစုကြီးတစ်ခု ဖြစ်ပါသည်။ နောက် အင်အားစုတစ်ခုက တိုင်းရင်းသား နိုင်ငံရေး အင်အားစု များ ဖြစ်၏။ တိုင်းရင်းသား နိုင်ငံရေး အင်အားစုများဟု ခြုံငုံ ပြောဆိုလိုက်သော်လည်း ပြည်တွင်းမှာ နိုင်ငံရေးပါတီများ ထူထောင် လုပ်ကိုင်နေသော တိုင်းရင်းသား နိုင်ငံရေး အင်အားစုများနှင့် လက်နက်ကိုင် တော်လှန်ရေးနည်းကို ကိုင်စွဲထားသည့် တိုင်းရင်းသား နိုင်ငံရေး အင်အားစုများဟူ၍ ခွဲခြားမည်ဆိုလျှင်လည်း ရပါမည်။

ပြီးတော့၊ နိုင်ငံရေးပါတီအနေဖြင့် မရှိသေးသော်လည်း နိုင်ငံရေးအရ ပြည်တွင်းပြည်ပ ထောက်ခံမှုများဖြင့် ထင်ထင် ရှားရှား ရပ်တည်နေသော ၈၈ မျိုးဆက် နိုင်ငံရေးအင်အားစု သည်လည်း အရေးကြီး နိုင်ငံရေးအင်အားစု တစ်ခုအဖြစ် ရှိနေပါသည်။ နောက်၊ အခြားအခြားသော နိုင်ငံရေးပါတီများမှ နိုင်ငံရေး အင်အားစုများ ရှိသည်။ ထို့ပြင် ခေတ်အဆက်ဆက် နိုင်ငံရေးနယ်ထဲမှာကျင်လည်နေခဲ့ကြသော်လည်း၊ နိုင်ငံရေးပါတီများထဲမှာ ရောက်မနေသော အလွတ်တန်း နိုင်ငံရေး အင်အားစုများလည်း ရှိနေပါသည်။ အခြားသော နိုင်ငံရေးပါတီများထဲမှ လွှတ်တော်တွင်းမှာ အရေးပါနေသူများ ရှိသလို၊ လွှတ်တော်တွင်းမှာလည်း မရှိ၊ နိုင်ငံရေးပါတီများထဲမှာ မရှိသော်လည်း နိုင်ငံရေး သြဇာရှိနေသူများလည်း ရှိနေပါသည်။

နောက်အင်အားစုတစ်ခုက ပြည်ပနိုင်ငံအသီးသီးသို့ ရောက်သွားကြကာ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများအတွက် လှုပ်ရှားခဲ့ကြသော နိုင်ငံရေးအင်အားစုများကလည်း အတော်များများ ရှိပါသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အခြေခံ အဖွဲ့အစည်းများ၊ လက်နက်ကိုင် တော်လှန်ရေး လုပ်နေကြသော အင်အားစုများ ဖြစ်ပါသည်။ ထိုအင်အားစုများထဲက အချို့သော ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်ခွင့် ရရှိလာကြပြီး လက်ရှိ ပြည်တွင်း နိုင်ငံရေး မြင်ကွင်းထဲသို့ ရောက်လာနေကြပြီ ဖြစ်ပါသည်။

မြန်မာ့နိုင်ငံရေးနယ်ပယ်မှာ အားလုံး ပါဝင်ရေး (all inclusive) ဆိုသည့် အယူအဆမှာ အလွန် အရေးပါသော အယူအဆတစ်ခု ဖြစ်ပါသည်။

အားလုံးပါဝင်ရေးဆိုသည့်စကားလုံးအသုံးအနှုန်းသည်ပင် မြန်မာနိုင်ငံရေး လောကမှာ အလွန် ရေပန်းစားသော စကားလုံးတစ်လုံး ဖြစ်နေပါသည်။ တိုင်းပြည် ထူထောင်ရေးမှာ နိုင်ငံရေးအင်အားစုများ အားလုံး ပါဝင်ကြဖို့ လိုတယ် ဟူသော အယူအဆကို အခြေခံပြီး နှစ်ပေါင်းများစွာ တောင်းဆိုခဲ့ကြ တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါသည်။ သည်အချိန်တွေတုန်းက ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးအင်အားစုများကို ဘေးဖယ် ဆက်ဆံခံနေရသော ကာလဖြစ်သည်။ ဒီတုန်းက နိုင်ငံရေးအင်အားစုများမှာ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနှင့် နိုင်ငံရေးမှာ ပါဝင်ခွင့်မရခဲ့ကြ။ သည့်အတွက် ဒီမိုကရေစီအင်အားစုများက နိုင်ငံရေးနယ်ပယ်အသီးသီးမှ နိုင်ငံရေး အင်အားစုများ အားလုံး ပါဝင် လုပ်ဆောင်ရေးအတွက် တောင်းဆိုခဲ့၊ ပြောဆိုခဲ့ကြတာ ဖြစ်ပါသည်။ ပြဿနာ၏ အရင်းအမြစ်က နိုင်ငံရေးကို ဦးစီး ချုပ်ကိုင်ထားနိုင်သူများက အခြား အင်အားစုများကို ပါဝင်ခွင့်မပေးသည့် ပြဿနာ။ ပါဝင်ခွင့် မရခဲ့သော နိုင်ငံရေး အင်အားစုများမှာ ပြည်သူ့ထောက်ခံမှုများ ဘယ်လိုပဲရှိရှိ ပါဝင်ခွင့်မရခဲ့။

ယခုအခါမှာတော့ နိုင်ငံရေး နယ်ပယ်အသီးသီးမှာ ရှိနေကြသော အင်အားစုများ အားလုံး မြန်မာ့နိုင်ငံရေး မြင်ကွင်းထဲကို ရောက်နေကြပြီဖြစ်သည်။ အားလုံး ပါဝင် ဆောင်ရွက်နိုင်ရေး ဆိုသည်ကလည်း အလှမ်းမဝေးတော့ပြီ။ နိုင်ငံရေးဖြစ်သည့်အတွက် ပြည်သူ့ထောက်ခံမှုသာ လိုအပ်တော့သည်။ ပြည်သူလူထုက ထောက်ခံမည်၊ ပြည်သူလူထုက အားပေးမည်၊ ပြည်သူလူထုက ယုံကြည်မည်ဆိုလျှင် မည်သူမဆို ပါဝင်လာနိုင်သော အနေအထား တစ်ခုဆီသို့ ဦးတည်နေပြီ ဖြစ်သည်။

ပြည်သူ့သဘောထားဆိုတာ တစ်ချိန်တုန်းကလို ရယ်စရာ မဟုတ်တော့ပြီ။ တစ်ချိန်တုန်းကတော့ ပြည်သူ့သဘောထား ဟူသော အသံများကို ပြည်သူတွေက နားထောင်ခဲ့ကြရသည်။ နားမထောင်လိုလျှင် အဆိုပါ ပြည်သူ့သဘောထားဆိုသည့် အသံကို ကြားလိုက်လျှင် ရုပ်မြင်သံကြားခလုတ်ကို မြန်မြန် ပိတ်မှရမည်။ အခုတော့ ပြည်သူ့ သဘောထား ဆိုတာကို နိုင်ငံရေး ခေါင်းဆောင်လုပ်သူများက ပြည်သူ့ထံမှ ကြားနာ နားထောင်နေကြရပြီ။ နားစွင့်နေကြရပြီ။ သဘောကျတာ မကျတာ အပထား၊ သဘောတူတာ မတူတာ အပထား၊ နားမစွင့်လို့ မရတော့၊ သည်အပြောင်းအလဲကတော့ ပြည်သူတို့ ၀မ်းသာစရာပါပဲ။

လွှတ်တော်များမှာလည်း ပြည်သူ့အသံ လွှတ်တော်အသံဟူသော ဆိုင်းဘုတ်ကို မြင့်မြင့်ထူထားရသည့် အချိန်ဖြစ်သည်။ ဟိုတလောက ချက်ထရီယံဟိုတယ်မှာ လုပ်သည့် ပွဲတစ်ခုမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြောသွားသည့်စကားကို နည်းနည်း ကိုးကားချင်ပါသည်။ ဦးစိုးသိန်းက- “ပြောဆိုသွားကြသော စကားတွေထဲမှာ နားခါးတဲ့ အကြောင်းတွေ ကြားရပေမယ့် အခြေအနေမှန်ကို သိချင်တာမို့၊ ပွင့်ပွင့်လင်းလင်း ပြောကြပါ” ဟု ဆိုခဲ့ပါသည်။ ပြည်သူ့အသံတွေမှာ မကြားချင်သည့် အကြောင်းအရာများပင် ဖြစ်ပါစေ၊ ပြည်သူ့အသံကို အမှန်အတိုင်း ကြားချင်ပါသည်ဆိုသည့် သဘော။ ပြည်သူ့အမြင်ကို အမှန်အတိုင်း မြင်လိုပါသည် ဆိုသည့် သဘော။ ပြည်သူ့သဘောထားကို အမှန်အတိုင်း သိလိုပါသည်ဆိုသည့် သဘော။

ဒါဟာယနေ့ နိုင်ငံရေးသမားများအတွက်ထင်ရှားသည့် ပြယုဂ်တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ နိုင်ငံရေးသမားဆိုတာ ပြည်သူ့အင်အားမှာပဲ အခြေပြုရတာ ဖြစ်ပါသည်။ မိမိဘာသာ ခေါင်းဆောင်တင်ရုံမျှဖြင့် ခေါင်းဆောင် မဖြစ်။ ပြည်သူက တင်မှ တကယ့် ခေါင်းဆောင်ဖြစ်မည်။ ပြည်သူ့အသံကို နားထောင်ရမည်။

နိုင်ငံတော် သမ်္မတနှင့် အစိုးရအဖွဲ့၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အင်အားစုများ၊ အားလုံးက ပြည်သူ့အတွက် အလုပ်လုပ်သည့်သူများ ဖြစ်ကိုဖြစ်ရမည်။ ဒါက မူဖြစ်သည်။ အားလုံးပါဝင်ဖို့ လိုသည် ဆိုသော်လည်း ပြည်သူ့အတွက် တကယ် စေတနာ ထားသူများ၊ စွမ်းဆောင်ရည် ရှိသူများ အားလုံး ပါဝင်ဖို့ လိုတာဖြစ်သည်။ အားလုံး ပါဝင်ဖို့ လိုသည် ဆိုသော်လည်း ကိုယ်ကျိုးရှာသမားများ၊ နိုင်ငံရေး ဗန်းပြ စီးပွားရှာသူများ၊ ပြည်သူကို နှိပ်စက်မည့်သူများ၊ ပြည်သူ့ အော့ကြောလန်များ ပါဝင်လို့ မရနိုင်။ ပြည်သူ့အတွက် အလုပ်လုပ်ရာမှာဘယ်လောက်လုပ်နိုင်သလဲ၊ဘယ်လောက်အရည်အချင်းရှိသလဲ၊ဘယ်လောက်ဖြစ်မြောက် အောင်မြင်အောင် လုပ်နိုင်သလဲ ဆိုတာကို ပြည်သူလူထုက အကဲဖြတ် အမှတ်ပေးမှာ ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် အမှတ်ပေးလို့မရ၊ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ပြုနေလို့မရ။ ပြည်သူလူထုကမလိုလားလျှင် ပြည်သူ့ဆန်္ဒသဘောထားနှင့်မကိုက်ညီလျှင် နိုင်ငံရေးစင်မြင့်ထက်မှာ နေချင်လို့မရ။ နိုင်ငံရေးမှာ နေရာရဖို့ဆိုတာကပါမစ်ယူထားရုံမျှနှင့် ဖြစ်တာမဟုတ်။ ပြည်သူလူထုက နေရာပေးမှရတာပဲ ဖြစ်ရမည်။

သည်တော့အားလုံးပါဝင်ဖို့လိုသည်ဆိုတာဟာ ပြည်သူလူထုလိုလားသည့် နိုင်ငံရေးအင်အားစုများသာ အားလုံး ပါဝင်ဖို့ လိုတာ ဖြစ်၏။ ယင်းကဲ့သို့ ပြည်သူလိုလားသော နိုင်ငံရေးအင်အားစုများသာ ပါဝင်သည့် ပြည်သူ့ခေတ် ရောက်လာဖို့ တဖြည်းဖြည်းချင်း နီးကပ်လာနေပြီဟု ထင်မိပါသည်။ အဲဒီလို ခေတ်ရောက်လျှင် ယနေ့ နိုင်ငံရေး မြင်ကွင်းထဲမှ မည်သူတွေ ပိုမိုထင်လင်း မြင့်မားလာပြီး၊ မည်သူတွေ မှိန်ဖျော့ ပျောက်ကွယ်သွားမည်လဲဆိုတာကို ပြည်သူလူထုထဲမှာ အခု ကတည်းက စတင် မှန်းဆနေကြပြီ။

၈ စက်တင်ဘာ ၂၀၁၂
(စက်တင်ဘာ ၁၃/၂၀၁၂၊ အတွဲ ၃၊ အမှတ် ၁၁၁ ပြည်သူ့ခေတ် အယ်ဒီတာအာဘော်)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.