Sunday, September 30, 2012

0 ကိုမြင့်အေးရေ

နောက်တခါ…လာပြန်ပြီဟေ့။နပန်းဆံသီချင်းထဲက အဟဲ မျိုး ဟဲရတော့မယ်။ ဒီ တခါ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၅၀၀လောက် လွှတ်ပေးလိုက်ပြန်ပြီဆိုတော့အရင်အသုတ်တွေက မလွတ်ပဲ  ကျန်နေခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေဆီ စိတ်က ချက်ချင်းပဲ ရောက်။ ဦးရွှေထူးလွတ်တယ်ကြားတော့ဝမ်းသာတယ်။ ကြာခဲ့ပြီကော။ သူကလွတ်သင့်နေခဲ့ပြီ။  တဆက်တည်း. သူငယ်ချင်း ကိုမြင့်အေးများပါလာလေ မလား…ဖေ့စ်ဘုတ်ကနေ ၀မ်းသာအားရတင်ပေးနေတဲ့ မိတ်ဆွေတွေရဲ့ ဆက်တိုက်တက်လာနေတဲ့ ဓါတ်ပုံတွေ သတင်းတွေ စာရင်းတွေဆီကနေ တဆင့် ခင်ဗျားဓါတ်ပုံ ခင်ဗျားနံမည်ကို ရှာကြည့်နေမိတယ်။

မိသားစုတွေပြန်ဆုံဆည်းကြ။   မြတ်မြတ်နိုးနိုး အဖေကသမီးငယ်ကိုထွေးပိုက်လို့။  ဇနီး ကခင်ပွန်းသည်ကို မျက်ရည်အရွှဲသားနဲ့ကြည့်လို့။ မိခင်ကြီးက သားငယ်ကိုကလေးလို တင်းတင်းကြပ်ကြပ် ဖက်ထားလို့ ။ လုပ်ဖေါ်ကိုင်ဖက်တွေက လွတ်လာတဲ့ သူငယ်ချင်းကိုအားပါးတရကြိုဆိုကြလို့။  အဲလိုပြန်ဆုံဆည်းရတဲ့ဓါတ်ပုံတွေတွေ့တော့ အဝေးကနေရင်းတောင် မျက်ရည်လည်မိတဲ့ ကျွန်တော်။  အချိန်ကုန်လို့ ..ခင်ဗျား မပါသေးဘူးဆိုတော့ စိတ်ကမကောင်းတော့ဘူး။

မလဲ့လည်း ၀မ်းနည်းနေတော့မယ်။ မလဲ့..ခင်ဗျားက ခင်ဗျား ခင်ပွန်းကို ပိုမျှော်မိရှာမှာပေါ့။ယောင်္ကျားရယ်လို့မှပိုင်ပိုင်ခေါ်ခွင့်မရတာ။အားကိုးရာမရတာ။  အကာအကွယ်မဲ့နေတာ ကြာပြီမဟုတ်လား ။တခါလည်းမဟုတ်။ နှစ်ခါလည်းမဟုတ်။  ခင်ဗျားသားလေးကော။  အဖေပျောက်ခဲ့တာ။ အားလုံး ကြာခဲ့ပြီမဟုတ်လား။ ဖေဖေရယ်.. သား သွေးသွင်းရမယ့်ကိစ္စတွေက အဖေ့လွတ်လာမယ့်ကိစ္စလောက်အရေးမပါပါဘူးဗျာ။

စိတ်ထဲ လျှောက်တွေးနေမိရင်းက   ကျွန်တော် ခင်ဗျား နဲ့ပတ်သက်လို့ သိမ်းထားခဲ့ တဲ့သတင်းဖိုင်တွေ ပြန်မွှေနှောက်မိတယ်။ ခင်ဗျား အသံဖိုင်တွေကို ပြန်နားထောင်မိတယ်။

၈.၀၉. ၂၀၀၈ တနင်္လာနေ့စွဲ- The New Light of Myanmar  အင်္ဂလိပ်သတင်းစာကို  ပြန်ဖတ်မိတော့ ကျွန်တော်ပို ရင်နင့် တယ်။ အဲဒီတုန်းက အဓိက နောက်ကွယ်က ထောက်ပန့်တယ်ကြိုးကိုင်တယ်လို့  ဖေါ်ပြခြင်းခံခဲ့ရတဲ့ ABSDF ဥက္ကဋ္ဌဟောင်း မိုးသီးဇွန်က အခု ပူပူလောလော ပြည်တွင်းမှာ ။ အဝေးကနေ ငွေကြေးတွေထောက်ပန့်ခဲ့ပါတယ်ဆိုတဲ့ ဒေါက်တာ အေးမင်းလည်းအမေရိကားကနေ
 ပြည်တော်တခေါက်ပြန်ခွင့်ရပြီ။  ။ဒေါက်တာသက်လွင်လည်း  လွတ်။   နိုင်ငံရေးတွေတောင်ပြန်လုပ်နေတယ်ကြားတယ်။ ပြီးခဲ့တဲ့ ၄-၅လ လောက်က မဲဆောက်ကပြန် သွားတဲ့အိရွှေဇင်ညွန့် လည်း ပြန်ရောက်တာနဲ့   အလုပ်သမားသမဂ္ဂတွေလိုက်ဖွဲ့ပေးနေတာ..ခုများ အရှိန်တောင်ရလို့။  ခင်ဗျားသာ( လွိုင်ကော်  )ထောင်မှာ သံတိုင်ကိုင်ရင်း ငုတ်တုတ်မေ့။


လွန်ခဲ့တဲ့ လေးနှစ် ။ မကြာသေးဘူးလို့ပြောလည်းရတယ်။ - ဂ.၉.၂၀၀၈ -နေ့စွဲ  သတင်းစာရှင်းလင်းပွဲ ။
တစ်-မျဉ်းစောင်း-၂၀၀၈ ကို ကျွန်တော် သိမ်းထားတယ်။   The New Light Of Myanmar ။ သတင်းစာမှာပြောထားတဲ့ ရွှေပြည်သာမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးရုံး ဗုံးပေါက်ကွဲမှုဖြစ်စဉ်  ချိတ်ဆက်မှုဇယားတွေပြန်ကြည့်။  အဲဒီ ရွှေပြည်သာပေါက်ကွဲမှုဖြစ်စဉ်ချိတ်ဆက်မှုဇယားမှာ  NLD-LA, FDB,  ABSDF ဆိုတဲ့ အဖွဲ့အစည်း၃ခုက  ခင်ဗျား HRDPအထက်မှာ ရှိနေလေရဲ့။လား..လား။ တကယ်မှ ဟုတ်ရဲ့လား။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ အထင်ကရနဲ့ ခင်ဗျားအထက်မှာရှိနေတဲ့လူတွေအားလုံး အခုပြည်တွင်းပြန်ဝင်ပြီး အလုပ်လုပ်နိုင်နေကြပြီ။
 FDBအဖွဲ့ ဆိုတာအကြမ်းဖက် Terrorist အဖွဲ့ကြီးတဲ့။သတင်းကျောဖုံးမှာစာလုံးမည်းကြီးတွေနဲ့။ ပြည်တွင်းက NLD လူငယ်တွေအပါအ၀င် လူငယ်တွေခေါ်ပြီးအကြမ်းဖက်သင်တန်းတွေပေးနေတာတဲ့။

အဲဒီ FDBအဖွဲ့ရဲ့  အတွင်းရေးမှူး ဒေါက်တာနိုင်အောင်က  အနှစ်၂၀ကျော်ကွဲခဲ့တဲ့အမေကို စမ်းချောင်း ကသူ့အမေအိမ်မှာပြန်တွေ့ခွင့်တွေရလို့။ သူ့အင်တာဗျူးတွေလည်းနားထောင်ရတယ်။

ABSDF ဥက္ကဋ္ဌမိုးသီးဇွန်ကတော့မင်္ဂလာဒုံလေဆိပ်မှာကားခေါင်းမိုးပေါ်တက်ပြီးသူပြန်လာပြီဆိုတာကို တိုင်းသိပြည်သိကြေငြာ။ ဒီနေ့များဆို လက်ပံတောင်းတောင်လှုပ်ရှားမှုကင်ပိန်း တီရှပ်ကို ၀တ်။ ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေတွေထောင်ချီပြီး အသိမ်းခံရတဲ့ ဒေသခံတွေဆီရောက်နေတာတွေ့လိုက်တယ်။  ဒေသခံလယ်သမားတွေစကား သူ နားထောင်။ သူလေ့လာ။ သူ အားပေးစတာတွေလုပ်ခွင့်ရနေတာတွေ့တယ်။

FDBမှာအဖွဲ့တဖွဲ့အနေနဲ့ ပါတဲ့ DPNS လူဘောင်သစ်ပါတီဥက္ကဋ္ဌကိုအောင်မိုးဇော်လည်း ပြည်တွင်းဝင်ပြီးနေရာအနှံ့ရောက်နေတာတွေ့တယ်။  ပါတီစည်းရုံးရေးတွေလုပ်နေပြီထင်တာပဲ။

အေဘီ ဥက္ကဋ္ဌဟောင်း ကိုထွန်းအောင်ကျော်လည်းငြိမ်းချမ်းရေးအလံလွှင့်။  မြောက်ပိုင်းအေဘီ ကိစ္စအတွက် တောင် တဖက်တလမ်းက အဖြေတွေရှာ။

သတင်းစာရှင်းလင်းပွဲမှာပါတဲ့ FTUBပြည်သစ်ညွန့်ဝေဆိုတာအခု ပြည်တွင်းကိုပြန်လာတဲ့ အလုပ်သမားကိစ္စဆောင်ရွက်မယ်ဆိုတဲ့ ဦးမောင်မောင်ပေါ့။

 အဲဒီတုန်းကပြထားတဲ့ တရားခံဇယားကွက် မှာ ခင်ဗျားအထက်ကပြထားတဲ့  NLD-LA အိရွှေဇင်ညွန့် က ဗုံးကွဲတယ်ဆိုတဲ့ ရွှေပြည်သာမြို့နယ်က စက်ရုံတွေဘက်မှာ အလုပ်သမားအခွင့်အရေးတွေဆောက်ရွက်နေတဲ့ အပြင် နိုင်ငံအနှံ့အလုပ်သမားသမဂ္ဂယာယီတွေ ပြန် ဖွဲ့စည်းတာတွေမှာပါဝင်ဆောင်ရွက်လို့ ။

အဲဒီသတင်းစာရှင်းလင်းပွဲမှာပဲ ဂျော့ဆိုရိုစ် ရဲ့ အိုအက်စ်အိုင်- အန်အီးဒီ (OSI) (NED) ဆိုတဲ့အဖွဲကြီးတွေ က သင်တန်းမျိုးစုံမှာ CO ,PD, LS, UG ,Media သင်တန်းတွေအပြင် ဖေါက်ခွဲရေးသင်တန်းတွေပါပေးသတဲ့။ ခုများတော့  OSI( အိုးပင်းစိုစိုင်းယားတီး အင်စတီကျု) က  ဒီနေ့ပြည်တွင်းမှာလုပ်နေတဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအတွက်လမ်းစပေါ့ ။

  NEDဆိုတာလည်း   မနေ့တနေ့ကတင် ဒေါ်အောင်ဆန်းစုကြည် ဒေါက်တာစင်သီယာမောင် မင်းသားကိုကျော်သူနဲ့ USCB က ကိုအောင်ဒင်တို့ကိုတရားဝင် ဆုတွေပေးနေပြီကိုမြင့်အေးရေ။ ခင်ဗျားတို့ကိုဖမ်းတဲ့သတင်းစာရှင်းလင်းပွဲမှာတော့ နိုင်ငံခြားကနေ terrorists တွေကို ငွေကြေးထောက်ရင် terrorist Act နဲ့ ငြိတယ်တရားစွဲလို့ ရတယ်လို့ပြောခဲ့သဗျ။

တကယ်တန်းကျတော့ အဲဒီအဖွဲ့တွေအဆင့်ဆင့် ရဲ့ လမ်းညွှန်မှု။   စီစဉ်ညွှန်ကြားမှုအောက်မှာခင်ဗျား လုပ်ခဲ့တာလို့ ဒီနေ့အစိုးရအဖွဲ့သစ်မှာဝန်ကြီးတွေဖြစ်သွားတဲ့ ဦးကျော်ဆန်း။ ရဲချုပ်ဦးခင်ရီတို့က သတင်းစာရှင်းလင်းပွဲမှာ အပြီအပြင်ရှင်းပြခဲ့တာ။ အတည်ပြောခဲ့တာလေ ။

စမ်းချောင်းမြို့နယ်ထဲမှာ ခင်ဗျားလျှောက်သွားနေတုန်းခင်ဗျားကိုအမည်မသိလူတယောက်က လမ်းပေါ်မှာတင်-ဗုံးကို လက်လွှဲပေး။ တခါ ခင်ဗျားက ကိုရန်ရွှေကို လမ်းပေါ်မှာတင်လက်လွှဲပေး။ ဆိုပဲ။ တော်တော်ကပျက်ကယက်လုပ်တဲ့လူတွေဗျာ။ နောက်ထန်းခြောက်ပင်ကားမှတ်တိုင်နားက လက်ဘက်ရည်ဆိုင်မှာထိုင်ကြပြီး  ဗုံးကို ဘယ်လိုခွဲမလဲဆိုတာကို ခင်ဗျားက ကိုရန်ရွှေနဲ့ ကို ရန်နောင်စိုးတို့ကို တိုင်ပင်သတဲ့။ ဟုတ်တော့ဟုတ်နေပြီ။
၂၀၀၈ ဇွန်လနောက်ဆုံးရက် ၃၀ရက် ညနေ၆နာရီခွဲမှာ ကြံခိုင်ရေးရုံးထဲဝင်။  အဲဒီဗုံးကို ကိုရန်ရွှေနဲ့ ကိုဇော်ဇော်အောင်တို့က ထောင်သတဲ့။  ချိန်ကိုက်ဗုံးတဲ့ ဗျ။ချိန်ကိုက်ဗုံးကလည်း ၁၂နာရီခွဲလောက်တောင်ခွါထားခဲ့ရသေး ။  နောက်တနေ့ မနက် ဇူလိုင် တရက်နေ့ မနက် ၇နာရီမှာထကွဲ။ ကံကောင်းလို့ ဘယ်သူ့မှ မထိဘူးတဲ့။ တကယ့်ကို ပြဇာတ်တပုဒ်လိုပါပဲဗျာ။   
မည်သို့မည်ပုံလုပ်လိုက်သည်မသိ။ တရားခံဖြစ်ခဲ့တဲ့ ခင်ဗျားက ခုများတော့ ခင်ဗျားအထက်ကအဖွဲ့တွေနဲ့  ဘယ်တုန်းကမှ မဆက်စပ်ခဲ့တော့သလို။ မပတ်သက်ခဲ့တော့သလိုကန့်ထားလိုက်ကြပြီ။ -ဘာတွေဖြစ်ကုန်တာလဲဟ ..အုတ်နံရံကိုခေါင်းမှီထား။ သိတ်မတွေးနဲ့။ - -ခင်ဗျားသိတ်မတွေးနဲ့ ။ ရူးသွားမယ်။


ခင်ဗျားကို ဆင်ခဲ့တဲ့ အမှုတွေက များလည်းများ။ ကြီးလည်းကြီး။ ရေဇင်းဆည်။ပေါင်းလောင်းဆည်။  ချောင်းမကြီးဆည် တွေကို မိုင်းခွဲဖျက်ဆီးပြီး နေပြည်တော်ကို ရေလွှမ်းအောင်ကြံစည်မှု။ သံဃာလှုပ်ရှားမှု(သတင်းစာမှာက ရွှေဝါရောင် လို့ မသုံးဘူး )ကိုနောက်ကွယ်က ကြိုးကိုင်စီစဉ်မှု။အိုင်အယ်လ်အိုကို လိမ်လည်ချဲ့ကား စာပို့တိုင်ကြားမှု။  ဗုံး ဖေါက်ခွဲမှုကိုစီစဉ် ကြိုးကိုင်မှု။ ။ အကြမ်းဖက်မှုလုပ်ငန်းတွေအတွက် သန်းနဲ့ချီပြီး နိုင်ငံတကာငွေကြေးထောက်ပန့်တာတွေကို ရယူမှု။ထောက်ပန့်ငွေတွေကို ဖြတ်စားလတ်စားလုပ်မှု။


ကျွန်တော်ကလည်းမှတ်မှတ်ရရ အဲဒီသတင်းစာဖိုင်ကို သိမ်းရတယ်။ မသိမ်းလို့မဖြစ်ဘူး။သိုင်းဝတ္တုတွေထဲကလိုပဲ။ မည်သို့မည်ပုံလုပ်လိုက်သည်မသိ။ ကိုယ့်နံမည်ညပ်ပါနေတယ်။ကြောက်စရာ။  အဝေးကနေ ပြည်တွင်းက terrorists တွေကို ငွေထောက်သတဲ့။ယောင်လိုတောင် မတွေးမိဖူးဘူး။

ကိုယ့်မှာအဲဒီ၂၀၀၈တ၀ိုက်တုန်းက ပြည်တွင်း ငွေထောက်ဖို့နေနေသာသာ ။  အင်္ဂလန်ရောက်စ။ တနှစ်လောက် အလုပ်မရှိလို့။  ယောင်နန။ အစိုးရထောက်ပန့်တဲ့ တပတ်ပေါင်၆၀ နဲ့ယက်ကန်ယက်ကန် ။လျှပ်စစ်မီတာခွန်။ ရေခွန်။ အိမ်အနွေးပေးတဲ့ ဂတ်စ် အခွန် စတာတွေပေးရလို့ ထမင်းစားဘို့တောင်အနိုင်နိုင်ဗျာ။


ခင်ဗျားက ဖြတ်စားလတ်စားငွေတွေဘုန်းသတဲ့။ ခင်ဗျားအိမ်ကျွန်တော်ရောက်တုန်းက ကြည့်မြင်တိုင်မှာ ခင်ဗျားအိမ်ထက် စုတ်ပြတ်တဲ့အိမ် ရှိပါမလားတောင် ထင်မိတယ်။ငါ့လူကြီး အိမ်စီးပွါးရေးပါပစ်ပြီး နှစ်ရှည်လများ အလုပ်လုပ်တာ တော်တော်ထိခိုက်နေပြီတွေး ။ ချိတ်ပိတ်ခံထားရတဲ့ အခန်းနဲ့ဗီဒိုတွေလည်းကြည့်။ စိတ်ထဲမှာ မကောင်းဖြစ်မိတယ်။

ခုတလော ခင်ဗျားမိန်းမကို သွားအားပေးကြတဲ့ အပေါင်းအသင်းတွေ တင်ပေးတဲ့ဓါတ်ပုံမှာလည်းခင်ဗျားအိမ်စုတ်လေးအခင်းအကျင်း ထပ် တွေ့ပါတယ် ။ ဘယ်လိုနေထိုင်နေရတယ်ဆိုတာ။ တချိန်ကငါ့သူငယ်ချင်း မိန်းမရကံကောင်းတယ်လို့ ပြောခဲ့ကြတဲ့ကိစ္စ။
 မလဲ့။အခု- မလှနိုင်ရှာတော့ဘူး။ ယောက်ကျားရကတည်းက ထောင်ဝင်စာနဲ့ အိမ်တာဝန်ကြား။ ရုန်းကန်။ ကံဆိုးမသွားရာမိုး လိုက်ရွာသေးတယ်။မကြာခင်ကမှ ခင်ဗျားကိုထောင်ဝင်စာလွိုင်ကော်ထောင်မှာလိုက်တွေ့တုန်း နောက်မှာကျန်နေတဲ့  စမ်းချောင်းဂွဈေးက ဆိုင်မီးထဲပါရှာတယ်။

                                                                                                                                                       ခွန်ဆိုင်း  (၂၄-၀၉-၂၀၁၂)

(ဆက်ရေးပါဦးမယ်မလဲ့ရေ။ လူ့အခွင့်အရေးကိစ္စလုပ်လို့ ထောင်အခါခါကျရုံမက အသက်ပါအလုပ်ကြံခံရတဲ့ကိစ္စတွေ။)



photo@ကိုအောင်ပန် FB မှ


photo@Free Min Ko Naing FB

ရွှေဝါရောင်...အပြီးလူ့အခွင့်အရေးကာကွယ်မြှင့်တင်သူတွေ စုဝေးတဲ့...ပွဲကြပ်


သတင်းစာဆိုတာ မှန်မှန်မှားမှား သမိုင်းကိုပြောနေတတ်တယ်။ လူထုက အမှန်ကိုပဲကောက်တယ်။

နုစဉ်က ကျွန်တော့် အတိတ်ကို ပြန်စဉ်းစားတဲ့အခါ လူကဲခတ် ညံ့တယ်လို့ တွေးမိတယ်။ နုစဉ်က လို့သုံးတာက အတွေ့အကြုံ နုံ နဲတာ ကိုပြောချင်တာ။ ထောင်စကျဖူးတဲ့ အချိန် အသက်  ၂၃ ။ ဆေးကျောင်းနောက်ဆုံးနှစ်အပိုင်း(က)၊စာလည်းအထိုက်အလျောက်သင်ပြီး။ အသက်လည်းငယ်တယ် ပြောလို့မရတော့ဘူး။သို့ပေမယ့်တက်တဲ့ကျောင်းကပြောင်း၊ ဘ၀တက္ကသိုလ်ကျောင်းဆိုတဲ့ကျောင်းမှာတွေ့ခဲ့တဲ့
ကျောင်းတက်ဖေါ် တွေကို အကဲခတ်တာမှာတော့..... တော်တော်လွဲခဲ့တယ်ကိုမြင့်အေးရေ။

အဲတုန်းကခင်ဗျားအပါအ၀င်တော်တော် ရီစရာကောင်းတဲ့ထောင်ကျဖေါ်တွေရှိတယ်။ အရီရဆုံးက ဖားနဲ့ကြွက်ကိုကြောက်တဲ့သူငယ်ချင်း။ တိုက်ခန်းထဲ ဖါးဝင်လာရင် သူ နေစရာမရှိ။ ကြွက်ဝင်လာလည်း -အသဲအသန်ထအော်။လေးတိုက် (Cell block 4) က သိတဲ့အတိုင်း မြေကြီးနဲ့ တပြေးတည်းဆိုတော့ ညဆိုရင် မီးရောင်အောက်က ပိုးကောင်တွေစားချင်လို့ ခတ်ထုံထုံ ဖါးပြုတ်တွေက တစွပ်စွပ်ဝင်။ အိပ်နေတဲ့လူတွေပေါ်မလေးမစားခုန်တက်။

ည၉နာရီ-ထိုးတာနဲ့ အိပ်ချိန်.....လို့ မိန်းဂျေးကအော်သံကြီး နဲ့  ...လူတွေငြိမ်သွားအိပ်သွားလောက်ပြီဆိုရင် .အကင်းပါးပါး မြေကြွက်တွေက တပ်စုလိုက် ကျူးကျော်ဝင်ရောက်နှောက်ယှက်။ ရှိစုမဲ့စု ကျွန်တော်တို့ ထောင်ဝင်စာထုတ်လေးတွေကို လုယက်စားသောက်ကြတယ်..ဟုတ်။
 တခါတော့အိပ်ယာခင်း လုပ်တဲ့ ၀ါးဖျာကို ၀င်ပေါက်မှာ ထောင်ထားပြီး အဝေးကနေ ကြိုးနဲ့ဆွဲ.. ပိတ်လို့ရအောင်လုပ်။  စိတ်ရှည်လက်ရှည်စောင့်။ ကြွက်ထောင်ချောက်ဆင်ကြတယ်။ အုပ်စုလိုက်ကြွက်ဖမ်းပွဲပေါ့။ပြီးရင်ချက်စားကြမယ်ပေါ့။ အဲဒီညက  တခါတည်း မြေကြွက် ၃-၄ကောင် အုပ်စုလိုက်မိတယ်။

ကျွန်တော်တို့က  ဂျပန်ဖိနပ်ကိုယ်စီကို ကိုင်စွဲ ထုစရာလက်နက်လိုလုပ်ပြီး အခန်းထဲ အသက်လုပြေးလွှားနေတဲ့မြေကြွက်တွေကို လိုက်ရိုက်နေတုန်း ကြွက်ကြောက်တဲ့သူငယ်ချင်းက  သံတိုင်တံခါးကို ခိုတက်ပြီး ကြောက်လန့်တကြားအော်နေတာတော်တော်ရီစရာကောင်းတယ်။အဲဒီတုန်းက ဒီလူ တော်လှန်ရေးဘယ်လိုလုပ်မှာလည်းဆိုပြီးထင်ခဲ့တယ်။  ထောင်ကလွတ်ကြပြီး၁၉၈၅လောက်မှာ  တောခို သွားလိုက်တာ။ ဒီလူ ခုထိ သူ့ အိမ်သူပြန်မရောက်သေးဘူး။

ကိုမြင့်အေး-ခင်ဗျားကိုတော့ကျွန်တော်တို့က တိုက်ထဲမှာ ဆယ်ပြားစိ-လို့နံမည်ပေးထားတယ်။ ခင်ဗျားရောဂါက တမျိုး။ ဆယ်ပြားစေ့တစေ့ကို ဆပ်ပြာတုံး ပေါ်တင်၊လက်နဲ့ ဖိရင် အသားကုန်အော်တာ။ စိတ်ခံစားမှုတမျိုးထင်တယ်။တချို့ကျတော့ဗလရှင်ဆေးပြားစားဘို့ သံဗူးကို ဖွင့်တဲ့အခါ -သံသံချင်းပွတ်တဲ့ အသံကြားရင် နားမခံနိုင်ဘူး။ ထ အော်တာတွေ့ဖူးတယ်။ မိန်းခလေးတချို့လည်း တီကောင်တွေ ပက်ကျိတွေတွေ့ရင်မနေတတ်မထိုင်တတ်...အော်တတ်ကြတယ်။
အဲလိုစိတ်ငယ်ရင်ဘယ်ဖြစ်မလဲ။ခက်ခဲတဲ့ဖြတ်သန်းမှုတွေကိုဘယ်လိုဖြတ်မလဲပေါ့။ အဲဒီတုန်းက ကျွန်တော့်စိတ်ထဲမှာတွေးတာ။ ကျွန်တော်ကကိုယ့်ကိုယ်ကို တော်တော်ကြမ်းတမ်းတယ်ထင်တယ်။  ပုဆိုးနဲ့ လှမ်းအုပ်၊လက်နဲ့ ဖိပြီး ဖမ်းမိထားတဲ့မြေကြွက်ကို ပြန်လွတ်မှာ စိုး။   ထုနှက်စရာလည်းလက်ကမအားတော့ လက်ထဲမှာတင် ညစ်သတ်လိုက်တာမျိုး ။

နောက် ထောင်တွေက လွတ်။ ငါတွေးတာတွေ ဘာတခုမှမဟုတ်ဘူးဆိုတာနောင်တဖြစ်မိတယ်။
  ကျွန်တော်မထင်တဲ့သူငယ်ချင်းတချို့ တောခိုသွားကြတယ်။

တောခိုတာပျော်ပွဲစားခရီးမဟုတ်ဘူး။မိဘ၊ညီအကိုမောင်နှမ၊ဇနီးမယား၊သမီးသားအကုန်ပြတ်၊ စီးပွါး-အကုန်စွန့်ရတဲ့ကိစ္စ။
ဥပဓိရုပ်အလွန်ကောင်းပြီး စကားအလွန်နဲတဲ့တဦးတည်းသောသား- ကိုမြတ်ကို  ။ မျက်မှန်လေးနောက်ကအမြဲပြုံးချိုနေတဲ့မျက်နှာနဲ့ကိုခင်ဇော်လင်း။တခုခုဆိုအလေးအနက်ထားတတ် တဲ့ ကိုထွန်းထွန်း စတဲ့ထောင်ကျဖေါ်တွေ တောထဲမှာကျဆုံးကုန်တဲ့သတင်းတွေကြားတယ်။
ဖါးကြောက်ကြွက်ကြောက်သူငယ်ချင်းက-အစအနပျောက်တာနှစ်၂၀။  လူကောင်တော်တော်လေးသေး ဦးသန့်အရေးအခင်းမှာ တွေ့လိုက်တဲ့ ကိုစောလှငွေ- ကိုပြန်တွေ့တော့ ကေအင်ယူမှာဗိုလ်မှူးကြီးဖြစ်နေဖြစ်ပြီ။ ခုတော့ အတွင်းရေးမှူး (တစ်) တဲ့။

ကျောင်းတုန်းကခေါင်းလောင်းဘောင်းဘီဆံပင်အရှည်ကြီးနဲ့ဟစ်ပီလိုနေ၊  နိုင်ငံရေးစိတ်ဝင်စားမယ် မထင်ခဲ့တဲ့ အတန်းဖေါ်က  သူပုန် တပ်မှူးတွေဖြစ်ခဲ့။ခုထိအိမ်ပြန်မရောက်သေး။သူယုံကြည်ရာကို စိုက်လိုက်မတ်တတ်လုပ်နေခဲ့တာတွေ တွေ့တော့မှ ငါ အကဲဖြတ်တာတွေ-ဘာမှ မမှန်ပါလားလို့ပြန်ဆင်ခြင်မိတယ်။

ဘေးလူတယောက်က ဆယ်ပြားစေ့ ဆပ်ပြာထဲ နှစ်တာနဲ့ အသားကုန်အော်တဲ့ ခင်ဗျားလည်းအသည်းငယ်မယ့်လူ။ ခုလောက် ဇွဲသန်မာကျောလိမ့်မယ်မထင်ဘူး။ ပြန်တွက်ကြည့်တော့ ခင်ဗျားကို အာဏာရှင်တွေက တခြိမ်းခြိမ်း ဖမ်းလိုက်၊ ထောင်ချလိုက်။ နိုင်ငံရေးကနေ စိတ်ကုန်၊ခြောက်ခန်း...ထွက်ပြေးသွားအောင်..အကြိမ်ကြိမ်လုပ်ခဲ့ကြတာ မနဲမနောပါလား။  ဂကြိမ်တိတိပါလား ။ စစ်ကြောရေးမီးပြင်းတွေအကြိမ်ကြိမ်ဖြတ်။  ဒီတော့မှ ကိုယ့်လူ တကယ်အသည်းကောင်းတဲ့လူ။  နှလုံးရည်ပြည့်တဲ့လူလို့ အလေးပြုမိတယ်။

 အစောပိုင်း၁၉၇၅ ကျောင်းသားဘ၀နဲ့ အလုပ်သမားသပိတ်နှစ်ပတ်လည် အရေးအခင်း ပထမအကြိမ်ထောင်၎နှစ်။

၉၈-၉၉ အင်န်အလ်ဒီ ပြည်သူ့လွှတ်တော်ခေါ်ယူမှု နဲ့-ရဲမွန်မှာ တနှစ် ။

၂၀၀၀-၀၁ အင်န်အယ်ဒီ လူငယ်ဖွဲစည်းရေးကြိုးစားလို့-တနှစ်။

၂၀၀၃ဒီပဲယင်း အင်အယ်ဒီရုံးတွေအကုန်ပိတ်ခိုင်းလည်းအိမ်မှာဆက်-ရုံးဖွင့်လို့ ဇွန်လ-တစ်လ။

၂၀၀၄ဇန်န၀ါရီလူငယ်လုပ်ငန်းစာစောင်ထုတ်လို့ရမန်-၂ပတ်။ ၂၀၀၆စက်တင်ဘာမှာလူ့အခွင့်အရေးလုပ်ငန်းတွေအာဏာပိုင်တွေသတိပေးတားမြစ်တဲ့ကြားကဆက်လုပ်လို့ ရမန်ကြီး-၄၅ရက် ။

၂၀၀၇စက်တင်ဘာ သံ ဃာ ကိစ္စတွေအပြီးအောက်တိုဘာမှာ- ရက်ပေါင်း၁၂၀။

၂၀၀၈ သြဂုတ်လ ၈ ရက်နေ့ (၈ လေးလုံး အနှစ် ၂၀ ပြည့်)နေ့မှာတော့ ဂကြိမ်မြောက်ပြီ။ ဘယ်လိုမှ နှိပ်ကွပ်လို့မရတဲ့ခင်ဗျားကိုအရမ်းမုန်းနေကြပြီ။  ဒီတခါ ပြန်ထွက်မလာစေရဘူး။  ရက်ရက်စက်စက် ဗုံးခွဲမှုနဲ့ဆွဲစေ့။ တသက်တကျွန်းချ- အသေအကြညစ်လိုက်ကြတာပေါ့။ဘာတတ်နိုင်သေးလဲ။ ဒို့ကအာဏာပိုင်ပဲ။    ပုဒ်မ ၁၃(၅) နှင့် ထောင်ဒဏ် ၅ နှစ်၊ ၁၇(၁) နှင့် ထောင် ၃ နှစ် ၊ ပုဒ်မ ၃/၆ ဖောက်ခွဲရေး ပုဒ်မ နဲ့ မြင့်အေး- ထောင် တသက် တကျွန်း တဲ့။


American Centre က... သိန်း ၅၀--- FDBက သိန်း ၆၃၀ထောက်ပန့်သတဲ့...


င်္ FDB..ဆိုတာ..အကြမ်းဖက်အဖွဲ့တဲ့။ လူငယ်တွေခေါ်ပြီးဖေါက်ခွဲရေးသင်တန်းတွေပေးသတဲ့။


ကိုမြင့်အေး အထက်က အဖွဲ့တွေအားလုံး အမျိုးသားပြန်လည်.....သင့်မြတ်ရေးခေါင်းစဉ်အောက်မှာ..အားလုံးပြည်တွင်းဝင် ငြိမ်းချမ်ရေးညီညွတ်ရေးတွေ လုပ်နိုင်ကြရင် သူတို့ အောက်က .. ကိုမြင့်အေးကို ဘာလို့ မလွှတ်နိုင်ရမလဲ...

တကယ်တန်းခင်ဗျားကို ငြိုးတဲ့ အချက်တွေကိုလူတိုင်းသိနေတာပဲ။  ၂၀၀၈ ဖွဲ့စည်းပုံအတွက်လူထု ဆန္ဒခံယူပွဲ( national referemdum)မှာ-ကန့်ကွက်မဲပေးကြဘို့
Vote No campaign လုပ်တာ။ ဒါ နအဖမဟာဗျူဟာမြောက်အောင်မြင်စွာ ထွက်လမ်းကိုပိတ်တာ။ ဒီအပေါက်ကိုဘယ်သူမှပိတ်လို့မရဘူး။ သည်းမခံဘူး။ ခင်ဗျား ..သူတို့မျက်စိထဲဆားခတ်တဲ့ တခြားကိစ္စတွေလည်း အများကြီး။ လူ့အခွင့်အရေးချိုးဖေါက်ခံရတာတွေ။ လယ်သိမ်းယာသိမ်းကိစ္စတွေ။ ကလေးစစ်သားကိစ္စတွေ။ မတရားလုပ်အားပေးခိုင်းစေကိစ္စတွေ။ ဒါတွေကိုဖေါ်ထုတ်တာ။ မီဒီယာတွေကနေ တကမ္ဘာလုံးသိအောင်ပြောတာ။

လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်ကျော်-မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့နှစ်-၁၉၄၈ ဒီဇင်ဘာမှာပဲ ကိုယ့်နိုင်ငံအပါအ၀င် အတည်ပြု လက်မှတ်ထိုးခဲ့တဲ့ လူ့အခွင့်အရေးကြေငြာစာတမ်း။ မဆလတခေတ်လုံး သော့ခတ်ထားခဲ့တဲ့စာတမ်း။ ၈၈ အရေးတော်ပုံနဲ့အတူ- အသက်ပြန်ဝင်လာတဲ့အပိုဒ်၃၀-ပါတဲ့ စာတမ်း။ဒါကိုခင်ဗျား က ပြန်မန်းမှုတ်တဲ့လူ။

၂၀၀၂ နှစ်-ထဲမှာ HRDPဖြစ်လာမယ့်အခြေခံလုပ်ငန်းတွေခင်ဗျားပျိုးနေခဲ့ပြီ။၂၀၀၄နှစ်ကုန်-ကျွန်တော် ရွှေဘိုတောရမှာ၇၀ါဆိုပြီး-လူလွတ်ကြောင်ဖြစ်လာတော့- လူ့အခွင့်အရေးပညာပေးစာစောင်တွေခင်ဗျားကျွန်တော်ကို လာပေးတာမှတ်မိတယ်။ ကျွန်တော်က အိတ်ကပ်ထဲထည့်ထားမိ။ မိတ်ဆွေ ပါမောက္ခဌါနမှူးက တွေ့သွားတော့

ရှင်-ထောင်ကလွတ်လာတာမကြာသေးဘူး။ထပ်ဖမ်းခံနေရဦးမယ်သတိပေး။သူ့လိုပညာတတ်တယောက်အမြင်မှာ တောင် -ကုလသမဂ္ဂက ကျောင်းတွေမှာဖြန့်ပေးရမယ်ဆိုတဲ့...ဒီစာတမ်းကို- ဖမ်းခံရနိုင်တယ်လို့ ...ထင်နေရင် သာမန်လူတွေကြား ...ခင်ဗျားသွားရမယ့်ခရီး…ဘယ်လောက်ဝေးမလဲ…
ဒါပေသိ ခင်ဗျားခရီးမိုင်တွေအများကြီးသွားခဲ့တယ်


၂၀၀၆ ဖေဖ၀ါရီမှာ ကျုံပျော်အမတ် ဦးတင် အသက် ၉၀ မွေးနေ့မှာ  Human Right Defender and Promoter ( HRDP) ကွန်ရက် နံမည်ကိုစ ခံယူ။  
 မန္တလေးတိုင်း။ဧရာဝတီတိုင်း။ စစ်ကိုင်းတိုင်း။ ရှမ်း ပြည်တောင်ပိုင်း။ ရခိုင်ပြည်နယ်။ ပဲခူးတိုင်း။ ရန်ကုန်တိုင်း။ ခင်ဗျားတို့အဖွဲ့သွားခဲ့တဲ့ခရီးတွေ။ ဖြန့်ကျက်ခဲ့တဲ့စာတွေ။ပြောခဲ့ဟောခဲ့တဲ့နေရာတွေ။ ၂၀၀၇ မေ နာဂစ်ဖြစ်လာတဲ့အခါအဖွဲ့ဝင် ၈၀ကျော်နဲ့  သွားကူနိုင်ခဲ့တာတွေ။
အဲဒီကာလတွေမှာပဲအကြွင်းမဲ့ အာဏာကို အမြဲတမ်းအသေဆုတ်ထားချင်သူတွေက လူမိုက်မွေးပြီး တက်ကြွလှုပ်ရှားသူတွေကိုအောက်လမ်းနည်းနဲ့နှိပ်ကွပ်နေပြီ။ ချောင်းမြောင်းရိုက်နှက်တဲ့ပွဲတွေစနေခဲ့ပြီ။

မှတ်မိသလောက်-၂၀၀၆-ဧပြီ၁၆-သင်္ကြန်အတက်နေ့ည ဒဂုံမြို့သစ်မြို့နယ် လူငယ် လုပ်ငန်းအဖွဲ့ တာဝန်ခံ(၁) ကိုသီဟန် ရိုက်ခံရတယ်
လှိုင်သာယာမြို့နယ်၊ အမှတ် (၈)ရပ်ကွက်ကလူမှုအကျိုးဆောင် ဦးတင်ယု၊ မနက် (၃)နာရီခွဲမှာ လှိုင် သာယာထဲက (၇)ရပ်ကွက် တံတားဖြူမှတ်တိုင် မှာပဲအရိုက်ခံရတယ်။
မတ္တရာအမတ်ဦးသန်းလွင်ကတော့ မျက်လုံးတဖက်ပျက်တဲ့အထိအရိုက်ခံရပြီးမှထောင်လည်းကျရှာတယ်။
ရခိုင်တောင်ကုတ်က HRDPအဖွဲ့ဝင်တဦး လည်းအရိုက်ခံရပြီးထောင်ကျတယ်။

လူ့အခွင့်အရေးပညာပေးဟောပြော။ ဟင်္သတမြို့နယ် အုတ်ပုံကျေးရွာကအပြန်မှာခင်ဗျားက ကံသီလို့လွတ်။  ကိုမောင်မောင်လေး ကိုမြင့်လှိုင်တို့ ကတော့အပြင်းအထန်ရိုက်ခံရပြီးဆေးရုံတွေတက်။ တော်တော်ကြာကုသခံရတယ်။  နောက်အမှုဖွင့် တရားရင်ဆိုင်တော့လည်းစစ်အစိုးရက-ရိုက်တဲ့ဒေသခံအာဏာပိုင်တွေကိုအပြစ်မပေးပဲ အရိုက်ခံရတဲ့ ကိုမြင့်လှိုင်အပါအ၀င် ခြောက်ဦးကို ထောင်ဒဏ် (၈)နှစ်ကနေ (၄)နှစ် အသီးသီးချလိုက်ကြတယ်။ လုပ်ပုံများ။


   အဲဒီတုန်းက HRDP အဖွဲ့ဝင်ချည်း ၃၅ယောက်လောက် အစိုးရ ဖမ်းဆီးထောင်ချခံရတာ။ မဲဆောက်ကပြန်လာတာသိတာနဲ့ဖေါက်ခွဲရေးသင်တန်းတက်ဆိုတဲ့ပုဒ်မတွေကပ်ခံကြရ။ ခင်ဗျားအလုပ် လုပ်လွန်းလို့ ကြည့်မြင်တိုင်ကခင်ဗျား အိမ် မှာလုပ်ထားတဲ့အင်န်အယ်လ်ဒီရုံးခန်းနဲ့ ဗီဒိုတွေအားလုံးသက်ဆိုင်ရာကချိတ်လာပိတ်။ ဒါလည်း ခင်ဗျားမရပ်ဘူး ။အင်န်အယ်လ်ဒီက ၂၀၀၄ နိုဝင်ဘာမှာခင်ဗျားကိုထုတ်ပစ်တယ်။ဒါလည်း ခင်ဗျားစိတ်မပျက်။ခေါင်းမာမာပဲ။ ခင်ဗျားလို အင်န်အယ်လ်ဒီက ထုတ်ခံရတဲ့ဘ၀တူလူငယ်တွေနဲ့ ဆက်ပြီးချီတက်။  ယုံတာကိုစိုက်လိုက်မတ်တတ်လုပ်တယ်။

၂၀၀၆ဧပြီမှာ..ကျွန်တော်-ထိုင်းကိုထွက်ခါနီး-ခင်ဗျား ကိုနောက်ဆုံးတွေ့ဖြစ်တယ်-ခင်ဗျားအမေကိုကင်ဆာရောဂါနဲ့ …မော်တင်အထူးကုဆေးခန်းမှာတက်နေတာကိုလာ ကြည့်တုန်းတွေ့တာ ။ဒီဆေးခန်းက ခင်ဗျားမှာပိုက်ဆံရှိလို့တက်ကုတာမဟုတ်ဘူး။  မနေနိုင်တဲ့ မိတ်ဆွေ...စိတ်တိုင်းကျကိုအောင်ထိုက်ကအကုန်ခံတင်ပေးထားတာ။ခင်ဗျားအမေမနေရတော့ဘူး။ အားလုံးသိတယ်။ ဒါလည်းခင်ဗျား အလုပ်တွေကိုရပ်မသွားစေခဲ့ဘူး။

ကိုမြင့်အေး ကကြည့်မြင်တိုင်မှာမွေးတာ။ ကြည့်မြင်တိုင်သားအစစ်။ကြည့်မြင်တိုင်သားတွေဂုဏ်ယူကြပါ။   ၁၉၅၁ မှာမွေး။ ၁၉၈၄ မှာဒေါ်လဲ့လဲ့နဲ့အိမ်ထောင်ကျ။ ၁၉၉၁ မှာ သား မောင်ချမ်းမြေ့မွေး။တကယ်က သူ့သားလေး မချမ်းမြေ့ရှာဘူး။သွေးအားနည်းရောဂါနဲ့သွေးမကြာခဏသွင်းရတဲ့အပြင် သူ..လူလားမမြောက်ခင်ကတည်းက အဖေဆိုတဲ့အဓိပ္ပါယ်က ထောင်နဲ့အချုပ် -အိမ်ဦးကြမ်းပြင်။

၂၀၀၈ မတ်လ ၂၆နေ့ည (၉)နာရီအချိန် စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်ကနေ အိမ်အပြန် မှာခင်ဗျားအရိုက်ခံရတဲ့သတင်းကျွန်တော့်ဆီဝင်လာတယ်။

“စမ်းချောင်းပဒုမ္မာလမ်းနဲ့ ဗားဂရာလမ်းဒေါင့်မှာ ကားငှားနေတုံး လူတယောက်က ရိုက်ပြီးတော့ ထွက်ပြေးသွားတာ။  မိတ်ဆွေတွေနဲ့အတူသွားပြီး လမ်းခွဲအပြန်မှာ ခေါင်းရဲ့ညာဘက်ခြမ်းကို အရိုက်ခံရတာ”

ခင်ဗျားနဲ့လုပ်ဖေါ်ခံဖက်(သူလည်းအရိုက်ခံရလို့ လုပ်ဖေါ်ခံဖက်လို့ပြောတာ) ကိုမောင်မောင်လေးက မီဒီယာကိုပြောတယ်။

ခင်ဗျားမေ့သွားရာကသတိပြန်ရ။ ကားငှါး။ အိမ်ပြန်။ မိန်းမခေါ်။ အနီးဆုံးအနောက်ပိုင်းဆေးရုံပြေးတော့ အဲဒီကလက်မခံဘူး။ နားကသွေးယိုနေတာကိုး။

ဆေးပညာနဲနဲနားလည်တဲ့ရင်ဒါ ဘာလည်းဆိုတာသဘောပေါက်တယ်။ ဒါဦးနှောက်ကလာတဲ့သွေးဖြစ်နိုင်တယ်။

ကျွန်တော် ...ဘုရင့်နောင်တံတားထိပ်က ဆေးခန်းမှာ..အလုပ်လုပ်နေခဲ့တုန်း ၂၀၀၅ ခရစ်စမတ်ညကအဖြစ်တခု...ချက်ချင်းခေါင်းထဲဝင်လာတယ်။  မူးမူးနဲ့ သီချင်းဆိုရင်း အရှိန်လွန်ပြီး ၂ပေလောက်သာ-မြင့်တဲ့ စတိတ်စင်လေးကပြုတ်ကျတဲ့ လူတယောက်-ဆေးခန်းရောက်လာတယ်။ နားကသွေးယိုနေလို့သူ့ကိုကုတဲ့ဆရာဝန်က... ဦးနှောက်နဲ့အာရုံကြောကို..လွှဲလိုက်တာနောက်တနေ့မှာ သူ ဆုံးသွားတဲ့သတင်းရတယ်။

“အနောက်ပိုင်းဆေးရုံရဲ့ခင်ဗျားကိုပေးလိုက်တဲ့မှတ်ချက်က- ဦးခေါင်းဒဏ်ရာရ၊ နားထဲမှသွေးယိုထွက်-လို့ပြော။ ဒါအရေးကြီးတဲ့ Vital Sign ခေါ်တယ်။ဒါ သေဖို့တော်တော်များတဲ့လက္ခဏာလို့ပြောလိုက်တာ။ မိုင်ပေါင်းထောင်ချီဝေးတဲ့အရပ်ကနေ.. ကျွန်တော် ရင်တွေပူလာတယ်။ သူငယ်ချင်း…ဒီတခါ-ဒီတောင်ကိုကျော်ပါ့မလား။


ဆက်ရေးပါဦးမယ်မလဲ့ရေ.... ခင်ဗျားရဲ့ ချစ်စွာသောခင်ပွန်းသည်အကြောင်း...
                                                                                     

                                                                       ခွန်ဆိုင်း  ( ၂၉.၀၉.၂၀၁၂)


OSI, NED , FDB ....ဆိုတာတွေဟာ တကယ်တမ်းက အကြမ်းဖက်အဖွဲ့တွေမဟုတ်ခဲ့။
 
ရေးသားသူ ..Khun Saing

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.