Friday, October 5, 2012

0 အတူလက်တွဲ ပေးဆပ်ခြင်း

အတူလက်တွဲ ပေးဆပ်ခြင်း

ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂ဝဝ၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အများပြည်သူတို့၏ နာရေးကိစ္စများကို ဖေးမကူညီခဲ့သည်မှာ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့ ဆိုလျှင် (၁၂) နှစ်တင်းတင်း ပြည့်မြောက်တော့မည်ဖြစ်သည်။ ထိုနည်းတူ အများပြည်သူတို့၏ ယုံကြည် အားကိုမှုနှင့် အသင်းသား/သူ၊ ဝန်ထမ်းတို့၏ ရိုးသားဖြောင့်မတ်မှန်ကန်သော သစ္စာစောင့်သိ ပေးဆပ်မှုတို့ ကြောင့် တစ်နှစ်ထက်တစ်နှစ် တိုးတက်၍ ပေးဆပ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပေသည်။

၂.၉.၂ဝ၁၂ (အင်္ဂါနေ့)တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ အသင်းသူ/သားများ၊ အလုပ်အမှု ဆောင်များ၊ ဝန်ထမ်းများသည် ဈာပနလမ်းကြောင်း လက်ခံရာဌာနတွင် တယ်လီဖုန်းခေါ်သံကို အားလုံး စူးစိုက်စွာဖြင့် အာရုံစွင့်နေကြသည်။ ၂ဝ၁၂ ခုနှစ်အတွက် နာရေးကူညီမှုပေါင်း တစ်သောင်းပြည့်မြောက် အတွက် ပေးဆပ်ကူညီရမည့်သူသည် မည်သူဖြစ်မလဲဟုပင် အသင်းသား/သူအားလုံး စိတ်ဝင်တစား ငြိမ်သက်စွာ စောင့်ဆိုင်းနေကြလေသည်။ နံနက် (၉း၃ဝ) နာရီ အချိန်ခန့်တွင် တစ်သောင်းပြည့် ကူညီ ရမည့် နာရေးလမ်းကြောင်း ဖုန်းဝင်လာတော့သည်။ ကွယ်လွန်သူမှာ အမှတ်(၆၂)၊ တတိယထပ်၊ ဒဂုံသီရိ လမ်း ကျောက်မြောင်းကြီးရပ်ကွက်၊ တာမွေမြို့နယ်နေ ဦးသိန်းဝင်း အသက် (၉ဝ) နှစ်ဖြစ်သည်။ ၄င်း နာရေးလမ်းကြောင်းအား လက်ခံပြီးနောက်အသင်းမှ တာဝန်ရှိသူများသည် ထိုနာရေးအိမ်သို့ သွားရောက် ကာ နာရေးကူညီမှု တစ်သိန်းနှစ်သောင်းပြည့်အဖြစ် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပေးလိုကြောင်း အား မိသားစုဝင်များနှင့်တွေ့ဆုံ၍ ရှင်းပြခဲ့ပြီး လိုအပ်သည်များကို စနစ်တကျ ပြန်လည်စီစဉ်ခဲ့ကြသည်။

ယင်း တစ်သောင်းပြည့်အခမ်းအနားတွင် ယခင်နှစ်များ၌ ဥက္ကဋ္ဌ ဦးကျော်သူ ကိုယ်တိုင်ကိုယ်ကျ မောင်းနှင် ကူညီပေးဆပ်ခဲ့သော်လည်း ယခုတွင် ဥက္က၏ ဦးကျော်သူသည် အမေရိကန်နိုင်ငံသို့ အသင်း၏ လုပ်ငန်းရပ်များဖြင့် ရောက်ရှိနေသည့်အတွက် မောင်းနှင်ကူညီပေးနိုင်ခြင်း မရှိသော်လည်း နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်နှင့် အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ အထူးနိဗ္ဗာန်ယာဉ်ကြီး မောင်းနှင်ကူညီခဲ့သည့်အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဝတ်ရွတ်အဖွဲ့၊ နာရေးပို့ဆောင်သူများ လိုက်ပါနိုင်ရန် BM မော်တော်ယာဉ် (၁) စီးနှင့်အတူ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ Ever Top ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ဖြန့်ချီရေးမှ မကြာခင်က လှူဒါန်းထားသည့် (၄၅) ယောက်ဆံ Express မော်တော်ယာဉ်ကြီးဖြင့် ကူညီပေးခဲ့သည်။ နိဗ္ဗာန်မော်တော်ယာဉ်ပေါ်မှ အခေါင်းအား အသင်းသူများတို့မှ သယ်ဆောင်ခဲ့ကြပြီး နေအိမ်၌ ကျန်ရစ်သူနာရေးရှင် မိသားစုတို့အား အသင်းသား/ သူများ စုပေါင်းထည့်ဝင်လှူဒါန်းထားသည့် အလှူငွေ ၂၁၆ဝဝဝိ/- (နှစ်သိန်းတစ်သောင်းခြောက်ထောင်) ကျပ်တိတိနှင့် ရက်လည်ဆွမ်းဆပ်ကပ်ရာ၌ သံဃာတော်အတွက် သင်္ကန်း ပရိက္ခရာတစ်စုံတို့အား ၈၈ မျိုးဆက်ကျောင်းသား ကိုဂျင်မီနှင့်အဖွဲ့ဝင်တို့မှ ပေးအပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်ပြီး ကွယ်လွန်သူ၏ ရုပ်ခန္ဓာအား အခေါင်းထဲသို့ ထည့်သွင်းပြီး ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဝင်များနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူများတို့ လက်တွဲကာ လက်ဆင့်ကမ်း၍ နိဗ္ဗာန်ယာဉ်ပေါ်သို့ သယ်ဆောင်ခဲ့ကြပြီး ရေဝေးသုဿန်သို့ ဝတ်ရွတ်အဖွဲ့၏ မေတ္တာပို့ သံဝေဂအလင်္ကာ ရွတ်ဖတ်သံတို့ဖြင့် မီးသင်္ဂြိုလ်ခြင်းအား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသူ/သားများသည် လူမှုရေးလုပ်ငန်းလုပ်ဆောင်ရာ၌ ကျား/မ ခွဲခြားမှုမရှိ။ ထို့အတူ ကျွန်တော်တို့ လူမှုရေးသမားများနှင့် ၈၈ မျိုးဆက်ကျောင်းသား သူရဲကောင်းများသည်လည်း ခွဲခြားမှုမရှိ။

ထို့ကြောင့် ၂ဝ၁၂ ခုနှစ်၏ တစ်သောင်းပြည့် ဈာပနအခမ်းအနားကို အများပြည်သူတို့အတွက် ကျွန်တော်တို့အတူလက်တွဲ ပူးပေါင်းကာ အများပြည်သူအတွက် ပေးဆပ်ခဲ့ကြသည်။

ထိုအရှိန်အဝါတို့ကြောင့် ကောင်းရာသုဂတိဘုံသို့ရောက်ရှိ ခံစား၊ စံစားရမည်မှာ မလွဲပေ။ နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသား/သူများကလည်း ကောင်းရာသုဂတိဘုံသို့ ရောက်ရှိပါစေကြောင်း မိသားစုနှင့် ထပ်တူထပ်မျှ ဆန္ဒပြုဆုတောင်းရင်း အမျှဝေကာ သာဓုအနုမောဒနာ သုံးကြိမ်တိုင်တိုင် ခေါ်ဆိုလိုက်ရပါတော့သည်။

ဇွဲမဟိတ်ခ (ခ) ဇော်စိုင်း

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.