Saturday, October 6, 2012

1 ကိုမြင့်အေးရေ (၃) -ရေးသားသူ -ခွန်ဆိုင်း


တိုင်းပြည်ထာဝရ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး အတွက် ဆုတောင်းခြင်း။ တောင်းဆိုခြင်း ။ လှုပ်ရှားမှုတခု (photo @U Saw Hlaing -Inndaw)


ခေါင်းအရိုက်ခံရတဲ့အမှုတိုင်း.. ရဲစစ်ချက်နဲ့-အမှုဖွှင့်ရပါတယ်။  ဆေးရုံမှာအနည်းဆုံး တရက်တင်ပြီး သေချာကြတ်မတ်ရပါတယ်။ လူနာ ဦးနှောက်တွင်းတစိမ့်စိမ့် သွေးယိုစီးမှုနဲ့  တပတ်ကြာမှကွယ်လွန်ဆုံးပါးတဲ့ ဆေးမှတ်တမ်းတွေလည်း အများကြီးပါ။
  မလဲ့… ခင်ဗျားကမိန်းမသားတယောက်ထဲ ခင်ပွန်းသည်အသက်အတွက် အပူမီးတောက်နေချိန် မှာ ရဲနဲ့စစ် ထောက်လှမ်းရေးတွေက အချိန်ပြည့်လာရောက်စောင့်ကြပ်နေတယ်ဆိုတဲ့သတင်း-ကျွန်တော်တို့ရတယ်။
ကျွန်တော်တို့သိတယ်။ဒါအမှုပေါ်ဘို့ကြိုးစားတာမဟုတ်ဘူး။ ဆေးရုံကိုဘယ်သူတွေလူနာလာမေးလဲဆိုတာကို မှတ်တမ်းယူတာ။ ကွယ်လွန်ဆုံးပါးသွားရင်လည်းဘာလုပ်ကြမှာလဲ။  အခြေအနေကြည့်ပြီးလူနာရှင်ဆန္ဒမပါ။  သူတို့ဆန္ဒနဲ့ ကြိုက်တဲ့အချိန်လူပရိသတ်မသိလိုက်အောင် သဂြိုလ်တတ်ကြတယ်။

နအဖလက်ထက်မှာသေချာခဲ့တာတခုကတက်ကြွလှုပ်ရှားသူတွေအများကြီး အရိုက်ခံခဲ့ရတဲ့အမှုများစွာမှာ တရားခံကိုဖေါ်ထုတ်ခဲ့တာ အခုထိတယောက်မှမရှိတဲ့အချက်။ချင်းချောင်းနန်းတော်ရှေ့ ကမ္ဘာအေးဘုရားလမ်းမပေါ် ဒေါ်စုတို့ကားတန်းအရိုက်ခံရတဲ့ ၁၉၉၅ ကနေ ၂၀၀၂-ဒီပဲယင်း လူများစွာသေကျေ။လူရာဂဏန်းချီ အရိုက်ခံရတဲ့အမှုတွေအဆုံး   ဘယ်သူရိုက်သွားတယ်ဆိုတာကို အစိုးရက မစုံစမ်း။အရေးမယူ။ တာဝန်မရှိဘူး။

၂၀၀၅လောက်မှာကမာရွတ်စားသောက်ဆိုင်ထဲကနေဖမ်းသွားတဲ့အင်န်အယ်ဒီအဖွဲ့ဝင်လူငယ်အောင်လှိုင်ဝင်း ။ ၆ရက်အကြာမှာ အသဲရောဂါနဲ့ကွယ်လွန်၊သဂြိုလ်ပြီးစီးကြောင်းစာလေးနဲ့ ကျေနပ်လိုက်ရတဲ့ သူ့ဇနီးသည်အင်တာဗျူးကိုထိုင်းမှာ ကြည့်ခဲ့ရတယ်။ ခင်ပွန်းကိုအလောင်းတောင်မမြင်လိုက်ရရှာပဲသမီးလေးတယောက်နဲ့ကျန်ခဲ့တဲ့ဇနီးသည်အကြောင်း။။ ဘေးကကြည့်နေတဲ့ နယ်သာလန် သံအရာရှိမက -ကလေးမိခင်တယောက် ဖြစ်ပုံရတယ်။ မျက်ရည်တွေနဲ့
ဆက်မကြည့်နိုင်လို့အပြင် ထွက်သွားတယ်။  အဲဒီ ထိုင်းကို ထွက်မလာခင် လေး- ၂၀၀၆ မတ်လ ထဲမှာပဲ- လုပ်ဖေါ်ခံဘက်--ကိုသက်နိုင်ဦး ကို ထိန်ပင် သုသာန်မှာမီးသဂြိုလ်ခဲ့ကြရတယ်။ သူ့မျက်နှာကိုပြန် ကြည့်ကောင်းအောင်ပြင်ထားကြပေမယ်...့လေးဂွကုန်းသီးတွေမှန်ထားလို့ညိုမဲနေတာတွေက အကွင်းလိုက်ဖျောက်မရဘူး။  ဦးခွံတခုလုံးချုပ်ကြောင်းကြီးတွေကလည်း ကင်းခြေများတွေ တက်နေသလိုမြင်မကောင်းဘူး။ လာပို့တဲ့လူပရိသတ် အင်အားလောက်ကို များတဲ့-အရပ်ဝတ်တွေနဲ့ -ယူနီဖေါင်းဝတ်တွေနဲ့ ၀ိုင်းထားတဲ့အသုဘ၊စောင့်ကြပ်အင်အားပြခံရတဲ့အသုဘ ။ ကြုံခဲ့ရတယ်။   ကျွန်တော်တို့ မြို့ရောနယ်မှာပါ အာဏာရှိသူတွေရဲ့မတရားအနိုင်ကျင့်မှုတွေကို ခံကြရတယ်။
ကိုမြင့်အေးရေ...ခင်ဗျားကကံကြီးတော..့ သေဘေးကလွတ်သွားတယ်လို့ပြောရမှာပါ။ ဆေးရုံမှာတပတ်နေပြီးဆင်းခွင့်ရခဲ့တယ်။
 ဒါပေမယ့် မလဲ့...- ခင်ဗျားယောင်္ကျားလူမှုရေးသမားက - နောက်တွန့်မသွားဘူး။ ဆေးရုံအဆင်း တလအကြာ အောက်ပြည် အောက်ရွာကို နာဂစ်မုန်တိုင်းတိုက်၊ သဘာဝကပ်ဆိုက်။ လူသိန်းချီပျက်စီးရတဲ့အချိန်။ HRDP စဖွဲ့ခဲ့တယ်ဆိုတဲ့..... ဘိုကလေးမြို့နယ် အမာခံတွေနဲ့ လူအင်အား၈၀လောက်ကို ဦးဆောင်ပြီးတတ်နိုင်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်တယ်။ ဆေးဝါးအစားအသောက်အ၀တ်အထည်တွေဝေ။ ရေတွင်းတွေဆယ်။ရေကန်တွေဖေါ်။ကျောင်းတွေပြန်ဆောက်။ မိဘမဲ့တွေကြည့်။ နေ့မနားညမအားအချိန်တွေ အများကြီးပေးလုပ်လာလိုက်တာ။ မကြာလိုက်ပါ ဘူး။ သြဂုတ်မှာ--ခင်ဗျားယောင်္ကျားက---ဗုံးခွဲတယ်တဲ့။

 ကိုမြင့်အေးရေ… ကျွန်တော်တို့တွေကျောင်းသားဘ၀ မဆလ အစိုးရကို ဆန့်ကျင်ခဲ့ကြတုန်းက အဲလောက် ညစ်ပတ်ကလိမ်ကျတာမခံရဘူး။ နိုင်ငံရေးလုပ်တယ်။နိုင်ငံရေးမှု နိုင်ငံရေးပုဒ်မတပ် ထောင်ချခံရတယ်။ဘာမှမငြင်းဘူး။  နအဖလက်ထက်ရောက်မှနိုင်ငံရေးအကျဉ်းသားဆိုတာမရှိဘူးတဲ့.. ။  အဲဒီပုဒ်မတွေက နိုင်ငံရေးပုဒ်မမဟုတ်ဘူးလို့ပြောတဲ့အစိုးရကိုတွေ့တယ်။ပိုဆိုးတာကနိုင်ငံရေးလှုပ်ရှားသူတွေကို နောက်ပိုင်းထောင်ကထွက်တဲ့အချိန်မှာအကြမ်းဖက်ဗုံးခွဲမှုတွေနဲ့ပြန်ဖမ်းတာ။ အမှုတွဲတာ။  ခင်ဗျားကို ဗုံးခွဲတယ်တဲ့။  ဦးနုခေတ်တုန်းကလို ..ရက်စက်ပါပေ့ကွယ်ဒုတိယပိုင်း ...ဆက်ရေးရမလားမသိဘူး။  

 သိတ်ညံ့တဲ့လူတောင်သိတယ်။ဗုံးခွဲမယ့်လူဆိုတာလူကြားသူကြားလူမြင်သူမြင်ဘယ်တော့မှမသွားဘူး။မနေဘူး။  မပြောဘူး။ဘယ်တော့မှလူသိအောင်လူဂရုထားမိအောင်မနေဘူး။လူတွေကိုရှောင် ကြောင်လက်သည်းဝှက်နေကြတာ။ ဒါလည်း သိတ်အခြေခံကျတဲ့ ဥပဒေသပါ။ ခင်ဗျားက အိမ်မှာ  အန်လ်အယ်ဒီရုံးဖွင့်ထားတုန်းကလည်း လူတွေတရုန်းရုန်း။ ရုံးကိုချိတ်ပိတ်-ပါတီက အထုတ်ခံရတော့လည်း လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ အချိန်ပြည့်တရုန်းရုန်း။ ကျွန်တော်လွတ်လာလို့ခဏတဖြုတ် အလည်ရောက်တာတောင် နောက်တနေ့ ကြည့်မြင်တိုင်မှာနေတဲ့ ကျောင်းနေဖက် ရဲထောက်လှမ်းရေး (အဲဒီတုန်းက ၂ပွင့်) သူငယ်ချင်းက ဘာသွားလုပ်တာလဲ ကျွန်တော့်ကိုလာမေးတာ။ အဲသလိုစောင့်ကြည့်ခံနေရတဲ့လူ။ ဒီလို လူ က ရပ်ကွက်ထဲ ကလမ်းပေါ်မှာဗုံးကိုမမြင်သိဘူးတဲ့လူတယောက်ဆီကလက်လွှဲယူပြီးရပ်ကွက်ထဲလမ်းပေါ်မှာပဲနောက်တယောက်ကို ဗုံးလက်လွှဲပေးသတဲ့။ဆက်ပြီး  ဗုံးခွဲဘို့ လမ်းဘေးလက်ဘက်ရည်ဆိုင်မှာတိုင်ပင်ကြသတဲ့-သတင်းစာရှင်းလင်းပွဲကယုတ္တိမတန်လိုက်တာဗျာ။ တကယ်ဆိုသတင်းပေးတွေအင်အားအပြည့်နဲ့ စောင့်ကြည့်နေတာ ၊ဗုံးမခွဲခင်တောင် လက်ပူးလက်ကြပ် ဖမ်းလိုက်လို့ရသေး။

 သတင်းစာမှာ ၀န်ခံတယ်လို့ပြောတဲ့ကိစ္စလား။  ၀န်ခံချက်လား။လွယ်ပါတယ်။  ဘယ်လိုဝန်ခံချက်မျိုးလိုချင်တာလဲ။ဘာမှမလုပ်ပါ ဘူးဆိုတဲ့ကြိုက်တဲ့လူတယောက်ယောက်   ကိုခေါ်လာ။   အကြင်နာကင်းကင်းနဲ့-ရက်စက်တတ်ဘို့တခုပဲ လိုတယ်။ခင်ဗျားလိုပဲ ၃-၄လ လူမမြင်ကွယ်ရာမှာ ဖမ်းချုပ်ထုထောင်းနေလိုက် ။ ၀န်ခံချက်ရတာဘာဆန်းသလဲ။ အပြစ်ပေးစီရင်တော့လည်း လူတွေမျက်ကွယ်ပဲဟာ ။

ကျွန်တော်က ကိုသန်းဇော်ကိုညီညီဦးနဲ့မိုးကျော်သူ(အဲဒီတုန်းက၁၆နှစ်သားပဲ..ရှိသေး)တို့နဲ့ နေခဲ့ရတာလေ။ ဒီလိုလူငယ်လေးတွေကို၃၄ရက်ထဲနဲ့တညင်ဗုံးခွဲပါတယ်ဝန်ခံသွားအောင်ဘယ်လိုထုထောင်းခဲ့ကြတယ်ဆိုတာ အသေးစိတ်သိခဲ့တဲ့လူ။ ခေါင်းကိုတုတ်မာမာနဲ့အချက်ရာပေါင်းများစွာ ခေါက်ပေးနေရုံနဲ့ နှာခေါင်းနဲ့နားထဲက သွေးယိုတယ်လို့ ပုဂံကိုသန်းနိုင် ပြန်ပြောပြတာလည်း နားထောင်ရဖူးတယ်။ သူ့ကိုမဲဆောက်မှာဂျီမေးလ်အကောင့်ဖွင့်ပေးတော့ သူ အာရုံစိုက်လို့ မရတော့ဘူးတဲ့။ သူ့ခင်မျာ ဂျီမေးလ်အကောင့်ကိုတောင် ဖွင့်ချင်လို့ မှတ်နိုင်တဲ့ဦးနှောက်မကျန်တော့ဘူး။နောက်ဆုံး ကျန်းမာရေးအခြေအနေဆိုးလာတဲ့အတွက် UNHCR-က အမေရိကားကိုမြန်မြန်ပို့လိုက်ရတယ်။ အဲဒီမှာဆရာဝန်က..လူတွေနဲ့အဝေးဆုံးအရပ် မှာနေခိုင်းထားတယ်။ ဘာအတိတ်ကိုမှ ပြန်မတွေးမိဘို့။အတိတ်ကိုပြန်သတိရ စေမယ့်ဘယ်သူငယ်ချင်းဟောင်းနဲ့မှလည်းမဆက်သွယ်ဘို့မှာသတဲ့။

အဲဒီအချိန်အဲဒီနှစ်ကရန်ကုန်မှာ၅နေရာလောက်ဗုံးကွဲတယ်။ဗုံးခွဲတာရာဇ၀တ်မှုကြီး။သူများတိုင်းပြည်တွေမှာ ဗုံးကွဲရင်လည်း အကျိုးနဲ့အကြောင်းနဲ့ ထုတ်ဖေါ်ကြေငြာ ကျုပ်တို့ ခွဲလိုက်တာ လို့ ပြောတတ်ကြတယ်။ကျွန်တော်တို့ဆီမှာအဲတုန်းက ဗုံးတွေက ကွဲသာကွဲနေတာ ။ ဘယ်သူခွဲမှန်းလည်းမသိဘူး။ ဘယ်သူကမှခွဲပါတယ်လို့ တာဝန်ခံတာ၊ ဂုဏ်ယူပြီး ကြေငြာတာလည်း မရှိဘူး။ ကျွန်တော်ညာဏ်မှီသလောက်ကတော့-ဂျန်းရှင်းအိပ်။ ဒဂုံစင်တာ။ ပုဇွန်တောင် ထရိတ်စင်တာ တချိန်တည်းကွဲခဲ့တာတွေက တကယ့်အဖွဲ့တခုကခွဲတာ။သိတ်ကြောက်ဘို့ကောင်းတဲ့အဖွဲ့။ ဘယ်သူလည်း မပေါ်ဘူး။
ကျန် ကွဲတာတွေ က ပန်းခြုံတွေ အမှိုက်ပုံတွေ ကြော်ငြာဆိုင်းဘုတ်တွေအောက်မှာ။ ကွဲချိန်က ညနက်သန်းခေါင် လူရှင်းသူရှင်းအသွားအလာကင်းချိန်။ ခေါင်းစားကြည့်ရသလောက် ဘယ်သူမှ အမှိုက်ပုံထဲ အမှုကြီးအဖြစ်ခံပြီး ဗုံးသွားမထားဘူး။ စဉ်းစားမိတဲ့အခါ  ဗုံးကွဲတိုင်း  အဝေးကနေ စိတ်မသက်သာဘူး။ထိလည်းမကောင်း။ မထိလည်းထိတော့မယ်။ ပစ်မှတ်က ရှိလိမ့်မယ်။ တောပြန်ထောင်ပြန်တွေကိုပူတယ်။  တက်ကြွလှုပ်ရှားသူတွေ မေးခံထိမယ်။ စိတ်ထဲမှာ အဲလိုမြင်နေတယ်။

မဲဆောက်မှာတုန်းက ကျွန်တော့်နောက်မှာ  ရောက်လာတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေ၊သူတို့ဇာတ်လမ်းတွေ နားထောင်ကြည့်တဲ့အခါ ဗုံးကွဲတာအကြောင်းပြုလို့ခေါ်စစ်ခံရတာမျိုး ၅ယောက်ကို တွေ့တယ်။ အားလုံးတောပြန်နဲ့ထောင်ပြန်။  ခြောက်ခြောက်ခြားခြားဖြစ်ကြတယ်။အဲဒီထဲမှာ ၃ယောက်ဟာတောပြန်-ထောင်ထွက်ပြီးမှ အလုပ်အကိုင်တွေအောင်အောင်မြင်မြင် မိသားစုသိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင်ဖြစ်နေတဲ့အချိန်မှာပြေးလာကြတာ။

  ဗုံးခွဲတဲ့ အမှုနဲ့  ဆက်စပ်ခံလိုက်ရပြီ ။မတရားသင်းနဲ့ဆက်နွယ်တယ်လို့ နံမည်တပ်ပြီဆိုရင် စစ်ကြောရေးဘယ်လိုလဲဆိုတာ ကြုံဖူးသူတိုင်းသိကြပါတယ်။ နိုင်ငံရေးသက်သက်လိုမဟုတ်တော့ဘူး။  ဟုတ်ဟုတ်မဟုတ်ဟုတ်။နာပြီ။တောနယ်ဘက်တွေမှာတပ်ကမသကာင်္ရင်ပိုဆိုးတယ်။အသက်ပျောက်တတ်တယ်။    စစ်ကြောရေးက စာရွက်နဲ့ဘောပင်နဲ့မပြီးတော့ဘူး။ ရေငုတ်မီးလှုံကိစ္စတွေပါပြီ။ ၀န်မခံမချင်းပေါ့။တက်ကြွလှုပ်ရှားသူတယောက်သတင်းစာမှာဝန်ခံလို့ပါရင်  တုတ်တမ်းမှာ ကြိုးနဲ့ဆွဲခံရတာလား။  ခေါင်းကို ပလတ်စတိတ်အိတ်စွပ်တာလား။ အပ်ဖျားပေါ် ဖနှောင့်ကြွ ထိုင်ခိုင်ထားတာလားလို့ ဆက်တွေးနိုင်ဘို့ပါ။

၈၈ မျိုးဆက်များက ဒေါ်လဲ့လဲ့ဝင်းထံ သွားရောက် အားပေးကြစဉ် ( ဓါတ်ပုံ ဘားမားဗွီဂျေ) from... Sabai Phyu FB



                     အမှန်တရားနဲ့ ပြန်လည်သင့်မြတ်ခြင်း(   TRUTH AND RECONCILIATION )

  ကျွန်တော်ကိုယ်တိုင်က -တုံးတာလားတော့မသိ။ ဖွဲ့စည်းပုံ အသစ် အတည်ပြုပြီးတာနဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်လာမယ်။မှန်းမိတယ်။  မှားတယ်။ တခါအစိုးရအသစ်တက်လာပြီးကျမ်းကျိန်ပြီးတာနဲ့ ရာဇ၀တ်မှုအကြီးစားတွေကလွဲရင် ထောင်ခါမယ်-အကုန်လွတ်လာမယ် ။မှန်းမိတယ်။ မှားတယ်။  အင်မတန်နံမည်ဆိုးနဲ့ကျန်တဲ့ ဦးနေ၀င်းတပါတီအာဏာရတုန်းကတောင်လုပ်ရဲသေးတာ။ ရင်ကြားစေ့မယ့် ဒီမိုကရေစီအစိုးရအလုပ်က  ပို ပြောင်မြောက်မယ်ထင်တာ။ သွက်သွက်လည်မှား။ ခုဆို ၄ကြိမ်လား တောင် ဖြစ်သွားပြီ။ လွှတ်သင့်သူတွေက ကျန်နေတုန်း။

ဘာလို့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို ဥပဒေတရပ်နဲ့ထုတ်ပြန်ပေးဘို့တောင်းဆိုနေကြသလဲ။ အမြင်သာဆုံးဥပမာတခုပေးရရင် မကြာခင်က ပြည်တွင်းပြန်သွားတဲ့ ရှေ့နေ စောကျော်ကျော်မင်း ။ အမှုကို ရင်ဆိုင်ကြည့်လိုက်တယ်။ ထောင်ကျသွားတယ်။

  အမှန်တရားဖေါ်ထုတ်ခြင်းနဲ့ ပြန်လည်သင့်မြတ်ရင်ကြားစေ့ခြင်း ကိစ္စတွေကို ပြောလာကြပြီဆိုရင် အမှန်တရားကို အရင်ဖေါ်ထုတ်ဘို့လိုပါတယ်။ အေဘ(ီမြောက်ပိုင်း)ကိစ္စမှာ မတရားနစ်နာသူတွေ ကျန်ရစ်သူမိဘဆွေမျိုးတွေ ခင်ပွန်းတွေ ဇနီးတွေ သားသမီးတွေ ချစ်ခင်သူလုပ်ဖေါ်ကိုင်ဘက်တွေ တောင်းဆိုနေတာ အမှန်တရားပါ။ တရားမျှတမှုပါ။ လက်စားချေတဲ့ကိစ္စ မပါဘူး။ သာယာဝတီထောင်ကို ဗိုလ်မှူးကြီးတယောက်ဝင်ပြီး  တာဝန်ရှိတဲ့ သံချောင်းကို စတင်မေးမြန်းနေပြီဆိုရင် ဒါ ကြိုဆိုရပါမယ်။ ဒီကိစ္စတခုတည်းတော့ မဟုတ်ဘူးပေါ့။

 ပထမတဆင့်ကမတရားတဲ့ပြစ်ဒဏ်နဲ့ထောင်ကျနေသူတွေ ထောင်ကအရင်  လွတ်ဘို့။ ဒုတိယတဆင့်ကျန်တာက  အဖြစ်မှန်ပြန်လုပ်ပေးကြဘို့။တကယ်လည်း  အမှန်တရားဖေါ်ထုတ်ပေးမှဒီလူတွေတကယ်လွတ်မြောက်မယ်။ တကယ်ရင်ကြားစေ့မယ်။ ကျွန်တော်တို့ဟာဝန်ခံရင်ခွင့်လွှတ်ကျေအေးလွယ်တဲ့လူမျိုးပါ ။
နအဖလက်ထက်မှာလူအတော်များများ ကိုယ်မကျူးလွန်တဲ့ရာဇ၀တ်မှုတွေနဲ့စွဲချက်တင်ခံခဲ့ရ။ ထောင်ကျခဲ့ကြ။ရေနံချောင်းအမတ် ဦးခင်ကျော်ဟန်ကို လုယက်မှုနဲ့သရက်ထောင်မှာဆုံခဲ့တယ်။ အမျိုးသားညီလာခံဆန့်ကျင်လိုက်တဲ့အခါ ၈၈တုန်းက ပါတီယူနစ်ရုံးကိုလူထုက ဖျက်တာကို ပြန်အမှုရှာသူ့ကိုတရားခံလုပ်ကြတာ။  ရွှေဘို အင်န်အယ်ဒီဥက္ကဌဦးတင်ဝင်းကို မူးယစ်ဆေးဝါးမှုနဲ့ ရွှေဘိုထောင်မှာဆုံခဲ့တယ်။ဇနီးသည် ကင်ဆာနဲ့ ဆုံးသွားတော့ လွှတ်မပြစ်မိပဲ ကျန်ခဲ့တဲ့ဆေးတချို့ကို သူသုံးတယ်ဆိုပြီး ထောင်မကျကျအောင်လုပ်ကြတာ။
ကိုသန်းဇော် ကိုညီညီဦး ကိုမိုးကျော်သူတို့ဟာနှစ်ပေါင်းများစွာပြစ်ဒဏ်ခံ။ လွတ်လာပြန်တော့ မတရားတဲ့စီရင်မှုအရိပ်မဲအောက်မှာအသက်ဆက်ရှင်နေရတယ်။ သူတို့ဟာတညင်သံလျင်ရေနံချက်စက်ရုံကို ဗုံးခွဲသူတွေ မဟုတ်ဘူး။ ဒါဟာလူတယောက်ရဲ့ ရိုးသားစွာတည်ရှိမှုကို အသေသတ်ထားတာ။ ဗုံးတကယ်ခွဲတဲ့ကိစ္စမှာပါဝင်သူတွေလည်းခုထိသက်ရှင်ထင်ရှားရှိတယ်။ ကာယကံရှင်တွေ ဘယ်လိုခံစားရမလဲ။ ကျွန်တော်တို့နားလည်ကြည့်လို့ရတယ်။

ကိုမြင့်အေးရေ

ကျွန်တော်တို့ဘ၀မှာ ဘာအာဏာမှလည်းမမက်ခဲ့။   မမှန်းခဲ့ကြဖူးဘူး။ တိုင်းပြည်ကောင်းရင်ပြီးရော။ ငြိမ်းချမ်းရင်ပြီးရော။ဒါအချင်းချင်းသိတဲ့ကိစ္စ။  ကျွန်တော်တို့ တတ်နိုင်သမျှ-မိဘတာဝန်၊တိုင်းပြည်တာဝန်တွေတော့ကျေချင်ကြတယ်။

အဘဦးစိုးဝင်း (ရဲဘော်သုံးကျိပ် ဗိုလ်ဇေယျညီ )နဲ့လေးတိုက်မှာနေတုန်း အဘပြောတာပြန်ပြန်ကြားတယ်။ သူခဏခဏထိန်းသိမ်းခံရတော့ သူ့မိန်းမကဥပမာလေးနဲ့ ရီစရာလုပ် ညည်းရှာသတဲ့။ အရက်သမား ဖဲသမား နိုင်ငံရေးသမား အားလုံးမိသားစုကိုဒုက္ခပေးတာမှာအတူတူပဲတဲ့။ အန်ကယ့်မိန်းမမှာ မှတ်မိသလောက် အရက်သမား ဖဲသမားအကိုမောင်ဖွားဆိုတာတွေရှိသလို.. နိုင်ငံရေးသမားလင် ဆိုတာလည်း.. ရှိလို့တဲ့။ တကယ်က အဘ ဦးစိုးဝင်းဟာ မိသားစုအပေါ်အလွန်ချစ်ခင်တဲ့သံယောဇဉ်ကြီးတဲ့ဖခင်ကောင်း ပါ။တခါတော့ သူ့ ထောင်ဝင်စာထုတ်က  သားရေကွင်းလေး တွေနဲ့ တိုက်ခန်း သံမံသလင်းပြင်ပေါ်ချပြီးဘာလုပ်နေသလဲ။  မသိမသာကြည့်မိတယ်။ အရေးအခင်းကာလတ၀ိုက်အိမ်ကထွက်သွားတဲ့အဝေးရောက်သားတယောက်နံမည်ကိုသတိတရနဲ့ ပုံဖေါ်နေတာသွားတွေ့တယ်။

ခင်ဗျားလည်း ချစ်ခင်တဲ့ဇနီးမလဲ့နဲ့ တဦးတည်းသောသာမောင်ငြိမ်းချမ်းကို ချစ်မှာ သတိရနေမှာကျွန်တော်သံသယမရှိပါဘူး။ ဖခင်တာဝန်ကျေချင်သူဆိုတာယုံတယ်။ ဒါပေမယ့်ပေါ့။
ခင်ဗျားကို အမှုစီရင်လိုက်တော့ ခင်ဗျားဇနီးအင်တာဗျူးကို မှတ်မိတယ်။

.“တသက်တကျွန်း ဆိုတာက အနှစ် ၂၀ နဲ့ လဲလို့ ရတယ်တဲ့၊ စုစုပေါင်း ၂၈ နှစ်ပေါ့၊ အယူခံကိစ္စကို ဦးမြင့်အေးက ဘာမှ မပြောဘူး၊ ကျမအနေနဲ့လည်း အယူခံ တက်ချင်စိတ်မရှိတော့ပါဘူး” (ဒေါ်လဲ့လဲ့..)

ခင်ဗျားဇနီးမလဲ့ လို ဒုက္ခ ခါးစည်းခံပြီး လောကဓံကို ကြန့်ကြန့်ခံတဲ့ မိတ်ဆွေတွေရဲ့ ဇနီးကောင်းတွေလည်း အများကြီးကြုံခဲ့တယ်။ တိမွေးကုဆရာဝန်ကိုနေ၀င်းမိန်းမမသန္တာကအင်းစိန်ကုန်းတံတားအောက်မှာ ဈေးရောင်းရင်း ယောကျာင်္းကို ၁၅နှစ်လောက်ထောင်ဝင်စာတွေ့။ သမီးဖြိုးဖြိုးအောင်ကို ပညာတတ်ဖြစ်အောင်စာသင်ခဲ့တာမြင်ခဲ့ရသလို GSCကိုသီဟ ဇနီးကလည်း လှည်းတန်းဈေးမှာဈေးရောင်းပြီး ကလေး၃ယောက်ကို လူလားမြောက်အောင်စာသင်။  ဆယ်စုနှစ်တခုကျော်ကိုသီဟကို ထောင်ဝင်စာတွေ့ခဲ့တယ်။ ခင်ဗျားဇနီးလည်း အခုစမ်းချောင်းက ရပ်ကွက်ဈေးလေး( ဂွဈေး) ဆိုင်ခုံလေးထဲကနေအချိုမှုန့် ငါးမူးတမတ်တန်ပြန်ထုတ်။ ဆေးပေါ့လိပ်လက်လီရောင်း။  သားကို ကျောင်းထား။ ယောကျာင်္းကိုထောင်ဝင်စာတွေ့လုပ်နေတာတွေ့တော့ ပါရမီဖြည့်ဖက်တွေအကြောင်း စာတကြောင်းလောက်တို့ထားခဲ့ချင်တယ်။


ပြီးခဲ့တဲ့ ၂၀၁၂- ဇူလိုင်လ-ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းကနေ အကျဉ်းကျခံနေဆဲ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ထောင်ကလွတ်လာပြီး အခက်အခဲတွေ့နေတဲ့ ထောင်ကျမိသားစုဝင်တွေကို ထောက်ပန့်တဲ့   တတိယအကြိမ် မြောက် အစီအစဉ်မှာ ကိုမြင့်အေးနံမည်ကို ထည့်သွင်းကြတာတွေ့တော့  အပြင်မှာရှိနေတဲ့မိတ်ဆွေတွေကခင်ဗျားကို သတိတရရှိနေကြောင်းပြလို့ ခင်ဗျားလည်း  ထောင်ထဲကနေ ကျေနပ်မယ်ထင်ပါတယ်။နေ့စဉ်မကြာခဏဆိုသလို ခင်ဗျားတို့ ကိုလကျာင်္ထွန်းတို့ လွတ်ဘို့ တောင်းဆိုနေကြတာတွေ စုပေါင်းအရေးဆိုနေကြတာတွေ ပြည်တွင်းပြည်ပနေရာအနှံ့မှာလုပ်နေကြတယ်။ ကိုလကျာင်္ထွန်းအမေလည်း အသက်ကြီးလှပြီ။ သားကို တွေ့ချင်နေမှာအမှန်ပဲ။

     ကျွန်တော်တို့တိုင်းပြည် အမျိုးသားရေးပြသနာ နိုင်ငံရေးပြသနာတွေက ခက်ခဲရှည်ကြာနာကျင်လွန်းလှပါတယ်။တိုင်းပြည်ငြိမ်းချမ်းရေးရစေချင်ပြီ။ စစ်ပွဲတွေ အပြီးသတ်ရပ်စေချင်ပြီ။ ခင်ဗျားတို့အားလုံးလည်း ထောင်ကလွတ်မိသားစုတွေနဲ့ ပြန်ဆုံစေချင်ပြီဗျာ။

                                         လေးစားစွာဖြင့်
                                                                                                                       ခွန်ဆိုင်း ( ၅.၁၀. ၂၀၁၂ )



၇၄-၇၅-၇၆ က ကျောင်းသားဆိုးများ( မဆလ-သတင်းစာများက အသုံးအနှုန်း) ရှေ့တန်း ၂ယောက် ( တာကောဒီ။ ကိုဟန်ရှင်ဝင်း ) အလယ်တန်းသုံးယောက်(ကိုတင်ရှိန်၊ကိုစောလှိုင်(အင်းတော်) ကိုကျော်အောင်။ နောက်ဆုံးတန်း၆ယောက်( ကိုခင်မောင်ညွန့်၊ကိုစန္ဒာထူးမင်းဝင်း၊ ကိုကျော်ကျော်ဦး(ငြိမ်းအေးအိမ်)၊ကိုမြတ်ခိုင်၊ဘိုဇင်ကော့ဖ်၊ ဘိုးတော်ခင်ဝင်း။ photo @U Saw Hlaing Inndaw)

ကျွန်တော်တို့...အားလုံးငြိမ်းချမ်းရေးနဲ့ လွတ်လပ်ရေးကို လိုချင်တယ် ကိုမိုးဝင်း ၊ကိုညာဏ်ဝင်း၊ကိုစောလှိုင်၊ဒေါက်တာလှမြင့်၊ကိုရာကျော်၊ကိုပီတာ (photo @U Saw Hlaing Inndaw)

လုပ်ဖေါ်ခံဖက် -အင်းတော်အမတ် ကိုစောလှိုင် နဲ့ (photo @U Saw Hlaing Inndaw)

အိန္ဒိယကို နှလုံးရောဂါ သွားရောက်မကုသခင် ကိုမြင့်အေး...လွတ်မြောက်ရေးအတွက် ပါဝင်တောင်းဆိုခဲ့တဲ့ မန္တလေးက ကဗျာဆရာ.. တာကောဒီ (photo @U Saw Hlaing Inndaw)

ကိုလကျာ်ထွန်းကို-အသက်၈၅နှစ်ရှိပြီဖြစ်တဲ့ သူ့မိခင်ကြီးက အရမ်းတွေ့ချင်နေရှာတယ်( from Nick-Nayman FB)

1 comment:

  1. အာဏာရှင်ခေတ်က ဒီမိုကရေစီ နည်းလမ်မကျ ရု့းထုတ်စစ်ဆေး ထောင်ချထားတယ် ။ ဒီမိုကရေစီခေတ်ရောက်ရင် ဒီဖမ်းထားသူတွေကို ပြန်မလွှိုငသေးရင်တောင် ဒီမိုကရေစီ တရားဥပဒေ ခံစားခွင့်ေ့းရပါမယ် ။ ဒီမိုကရေစီ စံနုံးရှိတဲ့ တရားရုံး လုပ်ထုံး လုပ်နည်းတွေနဲ့ ပြန်လည်စစ်ဆေး အမိန့် သစ်ချမှတ်ရပါမယ် ။

    အာဏာရှင်ကြီး ချမှတ်ခဲ့တာတွေ အမိန့် တွေကိုတောင်ပြန်ပြင်ဆင်နေရပြီဘဲ ။အဲဒီလို အမှုတွေကို ဒီမီုကရေစီ တရားရုံး လုပ်ထုံး လုပ်နည်းနဲ့ ပြန်လည်စစ်ဆေးပေးဖို့ တေင်းဆိုတာ လုပ်စေချင်ပါတယ် ။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.