Wednesday, October 3, 2012

1 ဒေါ်အောင်ဆန်းစုကြည်ပုံ ဖော်ပြခွင့်ရရုံဖြင့် စာနယ်ဇင်း လွတ်လပ်ခွင့် ရှိပြီဟု ခေါ်ဆို၍ ရ၊ မရကို ဦးဝင်းတင် မေးခွန်းထုတ်

ပြည်သူလူထုက မည်သည့်အရာ လိုချင်နေသည် ဆိုသည်ကို မီဒီယာများ အနေဖြင့် သိရန် လိုအပ်ပြီး ယင်းတို့အနေဖြင့် အချက်အလက်အား လွတ်လပ်စွာ ဖော်ပြနိုင်ခွင့်တွင်ပင် ကျေနပ်မနေဘဲ အယူအဆ၊ အတွေးအမြင်များ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကိုပါ အားပေးရန်လည်း လိုကြောင်း ပြောသည်။ ယခု အချိန်သည် “စ”လုံးရေ”စ” အချိန်သာ ရှိသေးကြောင်းနှင့် “စ” လုံးကို လုပ်ငန်းစခြင်း၊ စတင်ခြင်း စသည်ဖြင့် အဓိပ္ပါယ် အမျိုးမျိုးဖွင့် ဆိုသော်လည်း “စ”လုံးသည် “စ”လုံးသာ ဖြစ်ကြောင်းလည်း ဦးဝင်းတင်က ပြောဆို
ထင်ရှားသည့် အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံဖော် ပြခွင့်ရရုံဖြင့် စာနယ်ဇင်း လွတ်လပ်ခွင့်ရှိပြီဟု ခေါ်ဆို၍ ရ၊မရကို ဝါရင့် သတင်းစာဆရာတစ်ဦးဖြစ်သူ ဟံသာဝတီဦးဝင်းတင်က စက်တင် ဘာ ၂၈ ရက်တွင် မေးခွန်းထုတ်လိုက်သည်။ ဒေါ်အောင်ဆန်းစု ကြည်၏ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ နာယက တစ်ဦးလည်းဖြစ်သူ ဦးဝင်းတင်က ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ Orchid Hotel တွင် ကျင်းပပြုလုပ်ခဲ့ သည့် မဇ္စျိမဂျာနယ် စတင်ထုတ်ဝေ ခြင်း မိတ်ဆက်ပွဲ အခမ်းအနားတွင် ယင်းကဲ့သို့ ပြောကြား လိုက်ခြင်းဖြစ်သည်။

“လွန်ခဲ့တဲ့ နှစ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ ဒီမိုကရေစီ ခေါင်းဆောင် တစ်ယောက်ကို သတင်းစာ ထဲမှာ နာမည်တောင် ဖော်ပြလို့မရဘူး။ သေရင်တောင်မှ သူ့နာမည် ထည့်လို့ရပါမလား ဆိုတာ မသိတဲ့ အနေအထား ပါ။ အဲဒီလို အနေအထားကနေ အခုရေးလို့ရတယ်၊ ဖော်ပြလို့ရတယ် ဆိုတော့ ဟုတ်ပြီ၊ ဒါသတင်းစာ လွတ်လပ်ခွင့်လား ဆိုတာ ပထမအဆင့် စဉ်းစားရမှာပေါ့။ ပြီးဒေါ်စုဆို နာမည်တောင် ဖော်ပြလို့မရတာကနေ မနေ့တစ်နေ့က စပြီးတော့ ဦးသိန်းစိန်နဲ့ သွားနှုတ်ဆက်တဲ့ပုံ စပြီး ပါလာတယ်။ သူ့သတင်း ပါလာတယ် ဆိုတော့ ဒါသတင်းလွတ်လပ်ခွင့်လား။ မေးစရာမေးခွန်းတွေ အများကြီး ရှိတယ်”ဟု ဦးဝင်းတင်က ပြောသည်။

ဆက်လက်ပြီး ယင်းကပင် ပြည်သူလူထုက မည်သည့်အရာ လိုချင်နေသည် ဆိုသည်ကို မီဒီယာများ အနေဖြင့် သိရန် လိုအပ်ပြီး ယင်းတို့အနေဖြင့် အချက်အလက်အား လွတ်လပ်စွာ ဖော်ပြနိုင်ခွင့်တွင်ပင် ကျေနပ်မနေဘဲ အယူအဆ၊ အတွေးအမြင်များ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကိုပါ အားပေးရန်လည်း လိုကြောင်း ပြောသည်။ ယခု အချိန်သည် “စ”လုံးရေ”စ” အချိန်သာ ရှိသေးကြောင်းနှင့် “စ” လုံးကို လုပ်ငန်းစခြင်း၊ စတင်ခြင်း စသည်ဖြင့် အဓိပ္ပါယ် အမျိုးမျိုးဖွင့် ဆိုသော်လည်း “စ”လုံးသည် “စ”လုံးသာ ဖြစ်ကြောင်းလည်း ဦးဝင်းတင်က ပြောဆို ခဲ့သည်။

“ကျွန်တော်တို့လိုချင်တာ “စ”လုံးရေ “စ” မဟုတ်ဘူး။ ကျွန်တော်တို့ လိုချင်တာ အဲဒီ“စ” လုံးရေ စ နဲ့အတူ တွဲပြီးတော့ “က”ကြီးလည်း လိုချင်တယ်၊ “ခ”လည်း လိုချင်တယ်၊ ဖြစ်နိုင်ရင် “အ”ထိအောင်ကို လိုချင်တယ်။ ပြီရင် အဲဒီ စာလုံးတွေနဲ့ ပေါင်းပြီး သရတွေ လိုချင်တယ်။ အဲဒါတွေ ပေါင်းပြီးမှ ကျွန်တော်တို့က အကြောင်းအရာ တစ်ခု၊ အတွေးအမြင် တစ်ခုကို ဖော်ပြတာ လိုချင်တာ” ဟု ယင်းက ပြောသည်။

အခမ်းအနားသို့ တက်ရောက်လာသူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးကလည်း မိမိတို့နိုင်ငံ ပွင့်လင်း လူ့အဖွဲ့အစည်း ဖြစ်ရန် ဆိုလျှင် မီဒီယာတို့၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ ဆိတ်ကွယ်ရာ မရှိသော ပွင့်လင်း လူ့အဖွဲ့အစည်း ဖြစ်ရန် ဆိုလျှင် မီဒီယာများမှ တစ်ဆင့် တည်ဆောက်နိုင်မှသာ နိုင်ငံတော် သမ္မတ ပြောကြားခဲ့သော သန့်ရှင်းသည့် အစိုးရ ဖြစ်လာမှာ ဖြစ်ကြောင်းနှင့် သန့်ရှင်းသော အစိုးရသည် အဖုံးအကွယ် မရှိရန်လည်း လိုအပ်ကြောင်း ပြောသည်။

“ကျွန်တော်တို့ရဲ့ သတင်းစာနယ်ဇင်း လောကက အဖွင့်တော့ ကောင်းပါတယ်။ ကျွန်တော်တို့ ခဏ ခဏ ကိုးကားတဲ့ မင်းတုန်းမင်းကြီး၊ ငါမကောင်း ငါ့အကြောင်းရေး၊ မိဖုရားမကောင်း မိဖုရားအကြောင်း ရေး ဆိုတဲ့ ဆောင်ပုဒ်နဲ့ စဖွင့်ခဲ့တဲ့ ကျွန်တော်တို့ စာနယ်ဇင်း လောကဟာ နှစ်ပေါင်း ရာနဲ့ချီကြာသွားတော့ ငါမကောင်း ဖုံးထား၊ မိဖုရား မကောင်း ဖုံးထားဆိုတဲ့ အခြေအနေကို ရောက်သွားလိုက်တာ အခုမှ ခေတ်သစ်တစ်ခုကို ပြန်စဖို့ အရှိန်ယူနေတဲ့ အချိန် ရောက်တယ်” ဟု ယင်းက ဆိုသည်။

ထို့ပြင် သတင်းသမားများ အနေဖြင့် မိမိသတင်းအား မိမိတာဝန်ယူနိုင်သူများ ဖြစ်ဖို့လိုကြောင်းနှင့် အချို့သော သတင်းသမားများ ဆိုလျှင် မိမိမေးမြန်းရမည့်သူ၏ နောက်ခံ ရာဇဝင် မသိသဖြင့် အင်တာဗျူး သူက ဦးဆောင် ရမည် ဖြစ်သော်ငြား အင်တာဗျူး ခံရသူက ဦးဆောင်၍ မိမိပြောချင်တာ ပြောလွှတ်လိုက်ခြင်းမျိုး ရှိကြောင်း ကိုကိုကြီးက ပြောသည်။

ယင်းကပင် ယခုမီဒီယာ လောကအား မြို့ပြ သတင်းလောက ဟုပင် ခေါ်ရမည် ဖြစ်ပြီး မီဒီယာများ အနေဖြင့် မြို့ပြတွင် ကျင်လည်နေရုံ သာမက တောကြိုအုံကြား ပါမကျန် သွားရောက်နိုင်သည့် သတင်းသမားများ ဖြစ်ရန် လိုကြောင်းလည်း ပြောကြားခဲ့သည်။

မဇ္စျိမ မီဒီယာမှ စီမံခန့်ခွှဲရေး အယ်ဒီတာနှင့် ထုတ်လုပ်ရေး ဒါရိုက်တာဖြစ်သူ ဦးစိန်ဝင်းကလည်း မိမိတို့နိုင်ငံ ပြင်ပတွင် ရှိစဉ်က မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဒီမိုကရေစီရေးကို စိတ်ဝင်စားသည့် အဖွဲ့အစည်းများထံမှ ထောက်ပံ့မှု ရရှိခဲ့ကြောင်း၊ သို့သော် ထိုကဲ့သို့ ထောက်ပံ့မှုများအား ရေရှည်ယူရန် မသင့်ဟု မိမိတို့ ယူဆပါကြောင်း၊ ရေရှည်တွင် မိမိတို့ မဇ္စျိမမီဒီယာသည် စာဖတ်သူ ပြည်သူလူထုနှင့် ကြော်ငြာအပေါ်တွင် ရပ်တည် အားယူ၍ ဆက်လက် လည်ပတ် သွားမှာ ဖြစ်ကြောင်း ဆိုသည်။

ဒီမိုကရေစီ လူ့အဖွဲ့အစည်း အောင်မြင် ထွန်းကားမှုတွင် စာနယ်ဇင်း လွတ်လပ်ခွင့်သည် ပြဒါးတိုင် ဖြစ်ကြောင်း ယုံကြည်သည်ဟု ဆိုသော မဇ္စျိမ မီဒီယာသည် ၁၉၈၈ ခုနှစ်တွင် အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် စိတ်ကူးတူ ကျောင်းသား သုံးဦးဖြင့် စတင်ထူထောင် ခဲ့သော မြန်မာသတင်းဌာန တစ်ခု ဖြစ်ကာ ၂ဝဝ၇ ရွှေဝါရောင် အရေးအခင်း၌ လူထု၏ စိတ်ဝင်စားမှုကို ရရှိခဲ့သော သတင်းဌာနများတွင် တစ်ခု အပါအဝင်လည်း ဖြစ်သည်။

ပြည်ပတွင် ရှိစဉ်က မဇ္စျိမ မီဒီယာကို Open Society Institute National Endowment for democracy နှင့် IMF ကဲ့သို့သော အဖွဲ့အစည်းများမှ ထောက်ပံ့ ကူညီခဲ့ကြောင်းလည်း ဦးစိန်းဝင်း၏ ပြောကြားချက် အရ သိရှိ ရသည်။

http://www.myanmarij.com

1 comment:

  1. Uncle U Win Tin has experience of how press freedom is practising during parliamentary times.

    Thanks to Uncle U Win Tin for reminding the people of present generation.

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.